ရန်ကုန်မြို့ ဒု မြို့တော်ဝန် အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဦးစိုး လွင် ကို ယနေ့ ရွေးချယ်လိုက်ကြောင်း သတင်း ရရှိသည်။
ဒု မြို့တော်ဝန် ဦးစိုးလွင်က“ပြောင်းလဲမှုကိုတော့ မြင်ရမှာ။ ပြောင်းလဲချင်လို့ ကျနော်တို့က ဝင် အရွေးခံတာ။ တတ်နိုင် သလောက် ကြိုးစားရမှာပဲ၊ အချိန် လုံလောက်တာ မလုံလောက်တာ ထက်ကို ကိုယ့်ရဲ့လုပ်ဆောင်မှု မြှင့်တင်ပြီးတော့ ကြိုးစားရမယ်။ ကြိုးစားပြီး လုပ်ချင်လို့ကို ဝင် အရွေးခံတာ။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပေးမယ်”ဟု ဆိုသည်။
ဦးစိုးလွင်ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကော်မတီဝင် ၆ ဦးနှင့် လက်ရှိ တာဝန်ယူလျက် ရှိသည့် ကော် မတီဝင် ၅ ဦးတို့က လျှို့ဝှက် မဲပေး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ဦးစိုးဝင်းသည် မြို့နယ် ၁၂ ခု ပါဝင်သည့် မဲဆန္ဒနယ် အမှတ် (၃) မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
ယင်း အမှတ် ၃ မဲဆန္ဒနယ်တွင် ဦးစိုးလွင် အပါအဝင် ဒေါ်ထက်ထက်ထွန်း၊ ဦးအောင်ခန့်၊ ဦးခင်လှိုင် (ဇောတိက) တို့လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်း ၁၀ ဦး ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။
အသက် ၆၅ နှစ် အရွယ် ဦးစိုးလွင်သည် B.E (Mining) ဘွဲ့ရရှိထားသူ ဖြစ်ကာ ယခင်က ကန်ထရိုက် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ခဲ့ပြီး ယခုတွင် ရာဘာခြံ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဥပဒေ တွင် ပါရှိသည့် ဒု မြို့တော်ဝန်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များမှာ ဥက္ကဋ္ဌအား တာဝန်ခံခြင်း၊ ဥက္ကဋ္ဌက ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း၊ ကော်မတီ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌအား အကြံဉာဏ်ပေးခြင်းနှင့် ကူညီပေးခြင်း၊ မိမိ တာဝန်ယူသော လုပ်ငန်းများ၏ လိုအပ်ချက်များ အခက်အခဲများနှင့် ဆောင်ရွက်ချက်များကို ဥက္ကဋ္ဌအား တင်ပြခြင်း၊ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိသည့် အခါ ဥက္ကဋ္ဌ ကိုယ်စား တာ ဝန် ကို ယာယီ ထမ်းဆောင်ခြင်းတို့ ဖြစ်သည်။
ရန်ကုန်မြို့တွင် လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဒုမြို့တော်ဝန် ဦးစိုးလွင်က“အဓိကကတော့ မဲဆွယ် တုန်း က ပြောပြီးလေ ခွေးလေခွေးလွင့် ကိစ္စတို့ နောက် ယာဉ်ကြော ပိတ်ဆို့တာတို့၊ ဒုမြို့တော်ဝန် ဖြစ်သွားတဲ့ အခါကျ တော့ အကုန် လုံးနဲ့ ဆိုင်သွားပြီ။ ဘာကို အဓိက ထားရမယ် ဆိုတာက အောက်က ဗဟို ကော်မတီဝင်တွေက တင်ပြလာ တာကို လုပ်ဆောင်ရမှာ။ ဗဟို ကော်မတီဝင်တွေ ဘာတွေ တင်ပြလာတယ် ဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့”ဟု ပြောသည်။
ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီဝင် ဦးမင်းဟန် က“ဒါကတော့ သူ့ အရည်အချင်း ရှိလို့ ရတယ်လို့ပဲ ယူဆပါတယ်။ ကျနော်ဆို ရေစီးရေလာနဲ့ ရေဆိုး သန့်စင်ရေး လုပ်ငန်း တာဝန်ခံ အဖွဲ့တာဝန်ယူရမှာ ဒီလိုင်း တလိုင်း တည်းပဲ လုပ်ပေးရ မလား ကော်မတီဝင် ဖြစ်တဲ့ အတွက် ကျန်တဲ့ အစိတ်အပိုင်းတွေမှာ တာဝန်ယူပေးရမလား ဆိုတာ ကော်မတီကို မမေးရ သေးဘူး”ဟု ပြောသည်။
မတ်လ ၃၁ ရက် က ကျင်းပခဲ့သည့် စည်ပင်သာယာ ရွေးကောက်ပွဲမှ ဗဟို ကော်မတီဝင် ၆ ဦး၊ မြို့နယ် တမြို့နယ်၌ ကော် မတီဝင် ၃ ဦးနှင့် မြို့နယ် ၃၃ မြို့ နယ် အတွက် ၉၉ ဦးနှင့် စုပေါင်း ၁၀၅ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ၁၀၅ ဦး အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၈၉ ဦးနှင့် တသီး ပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင်သူများ မှ ၁၆ ဦး အနိုင်ရရှိခဲ့သည်။
ရန်ကုန်မြို့နေထိုင်သူ ကုမ္ပဏီ ဝန်ထမ်း တဦး ဖြစ်သူ ဒေါ်စုမြတ်က “ရန်ကုန်မြို့နေ ပြည်သူတွေ ပြောကြတဲ့ အတိုင်းပဲပေါ့၊ တကယ် အလုပ်လုပ်တဲ့သူကို လိုချင်ပါတယ်။ မြို့တော်ဝန် လက်လှမ်း မမှီတဲ့ အရာတွေကို ဒုမြို့တော်ဝန်က လုပ်ပေးမယ် ဆိုရင်တော့ လစ်ဟင်းမှုတွေ နည်းသွားမယ်။ ရန်ကုန်မြို့မှာတော့ လိုအပ်ချက်တွေ အများကြီး ရှိနေပေမယ့် တာဝန် ရှိသူ တဦး တယောက်ချင်းစီက ကိုယ့်အလုပ်ကိုယ် ကျေပွန်အောင် လုပ်နေမယ် ဆိုရင်တော့ ပြည်သူတွေ အတွက် အကောင်းဆုံး ဖြစ်မှာ ပါ”ဟု ဆိုသည်။
ထို့ပြင် ဒုမြို့တော်ဝန် အနေနှင့် လုပ်ဆောင်ရန် ကတိပေးခဲ့သည့် အတိုင်း လုပ်ဆောင်ကြရန်နှင့် ပြည်သူများနှင့် ထိတွေ့မှု ရှိရန်၊ ပြည်သူအပေါ် စေတနာ ထားရန် အတွက် အကြံပြု ပြောဆိုကြသည်။
ယခု ရွေးချယ် တင်မြှောက်လိုက်သည့် ကော်မတီ ဝင်များသည် လက်ရှိ အစိုးရ၏ ကျန်ရှိသည့် သက်တမ်း အတွက်သာ တာဝန် ထမ်းဆောင်ရမည် ဟု ဥပဒေ၌ ပြဋ္ဌာန်းထားသည်။