မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်တွင် အကြောင်းရင်း သေချာ မဖော်ပြနိုင်သည့် ပစ်ခတ်မှုများ မလုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ တာဝန်ရှိသူတဦးက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတခုတွင် မြန်မာ အစိုးရကို တောင်းဆိုလိုက်သည်။
၆ ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ များကြား အဆင့်မြင့် အရာရှိကြီးများ အစည်း အဝေး ကို နေပြည် တော်ရှိ Royal ACE ဟိုတယ်တွင် ၂ ရက် ကျင်းပမည်ဖြစ်ရာ ယနေ့ အဖွင့် မိန့်ခွန်းတွင် ဘင်္ဂလား ဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ အကြီး အကဲ Md Shafeenul Isam က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“တည်ငြိမ်နေတဲ့ နယ်စပ်ဒေသတလျှောက် ၂ နိုင်ငံကြားမှာ အကြောင်းသေချာ မဖော်ပြနိုင်ဘဲနဲ့ ပစ်ခတ်မှုတွေကို မဖြစ်စေ ဖို့ ဆောင် ရွက်ပေးဖို့ကိုလည်း တင်ပြတောင်းဆိုလိုပါတယ်။ ဒီလိုမျိုး အကြမ်းဖက်သမားနဲ့ မလိုလားအပ်တဲ့ သူတွေဟာ ဆိုရင် ဘယ်နိုင်ငံမှ လက်သင့် ခံမယ့် အနေအထား မရှိပါဘူး။ ကျနော်တို့ဘက်ကလည်း ဘယ်အကြမ်းဖက်သမားကိုမှ လက်မခံဘူး ဆိုတဲ့ မူဝါဒ ရှိ တယ် ဆိုတာ သိစေလိုပါတယ်”ဟု ၎င်းက ပြောသည်။
ယနေ့ အစည်းအဝေးတွင် နယ်စပ်ဒေသ ပစ်ခတ်မှုများ အပါအဝင် ၂ နိုင်ငံကြား မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ အကြောင်း ဆွေးနွေးမည်ဟု သိရပြီး ဆွေးနွေးပွဲတွင် မြန်မာဘက်မှ ရဲဦးစီး အ ရာရှိချုပ် ရဲမှူးချုပ် မျိုးသန်း ဦးဆောင်သည့် ရဲအရာရှိများ တက်ရောက်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်မှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲ တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Md Shafeenul Isam ဦးဆောင်သော ကိုယ်စား လှယ်များ ပါဝင်ကြောင်း တွေ့ရသည်။
၂ နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲစေရန်၊ နယ်စပ်ဒေသအတွင်း ဖြစ်ပေါ်နေသည့် ပြဿနာရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြု သဘောဆောင်သည့် ဆွေးနွေးမှုများနှင့် ဖြေရှင်းနိုင်ရေး၊ ၂ နိုင်ငံ ပြည်သူများအတွက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ကို လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များနှင့် အစည်းအဝေး ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
“၂ နိုင်ငံ နယ်စပ်တလျှောက်မှာ ဒီလိုမျိုး ပစ်ခတ်မှုတွေ ကျူးလွန်တဲ့ ကိစ္စကို ဆက်ပြီး ပြောချင်ပါတယ်။ နယ်စပ်ဒေ သတွေမှာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပျက်စီးစေတဲ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ တခါတရံမှာဆိုရင် ဒီလိုပစ်ခတ် မှုတွေ ကနေပြီးတော့မှ အပြစ်မဲ့ အရပ်သားတွေ သေဆုံးတဲ့ဟာကိုလည်း ဖြစ်စေတယ်ဆိုတာကိုလည်း ကျနော်တို့အနေနဲ့ တွေ့ရပါတယ်”ဟု ဘင်္ဂလားဒေ့ရှိ နယ်ခြားစောင့်တပ် အကြီးအကဲက ဆက်လက် ပြောကြားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ပြည်နယ် အနောက်ဘက်တွင် အခြေစိုက် လှုပ်ရှားသည့် လက်နက်ကိုင် အဖွဲ့ တချို့ ရှိနေပြီး ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ၂ နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက် လျက် ရှိနေသည့် အနေအထား ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် အနောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပစ်ခတ်မှုတွင် နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် နယ်စပ်ခြံစည်း ရိုးကာရန်နေသည့် တပ်မတော်အင်ဂျင်နီယာတပ် (GE) မှ ဝန်ထမ်း တဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ဖူးသည်။
ထိုနေ့က မောင်တောမြို့နယ် မိုင်တိုင်အမှတ် ၄၁ အနီးတွင် နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသော မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ ကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့် လက်နက်ကိုင် အဖွဲ့ ဖြစ်သည်ကိုမူ သေချာ မသိရသော်လည်း တပ်မတော်က ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ၏ လုပ်ရပ်ဟု နောက်ပိုင်း တွင် ပြောဆိုခဲ့သည်။
ယင်းဒေသတွင် အဓိက လှုပ်ရှားနေသည့် လက်နက်ကိုင် အဖွဲ့မှာ ARSA အဖွဲ့ ဖြစ်ပြီး အခြားလက်နက်ကိုင် အဖွဲ့မှာ ရက္ခိုင့် တပ်မတော် (AA)တို့လည်း ရှိနေကြောင်း သိရသည်။
မြန်မာဘက်မှ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် မျိုးသန်းကမူ ARSA အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများက မိမိ တို့ နိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂ နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ နားလည် မှုနှင့် ယုံကြည်မှုတို့ကို ထိခိုက်စေသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့ကြောင်း ယနေ့ နေပြည်တော် အစည်းအဝေးတွင် ပြော သည်။
“၂ နိုင်ငံကြား ဖြစ်ပေါ်လျက်ရှိတဲ့ ကိစ္စရပ်များကို ၂ နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထည့်သွင်းပြီး ချစ်ခင်ရင်းနှီးစွာ ဖြေရှင်း သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ရဲမှူးချုပ် မျိုးသန်းက ပြောသည်။
လတ်တလောတွင် မြန်မာ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းရှိ ကျွန်းတခုဖြစ်သည့် စိန့်မာတင် ကျွန်းသို့ နှစ်ပေါင်း ၂၀ ခန့် အတွင်း ပထမဆုံးအကြိမ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ များကို ဧပြီလ ၇ ရက်နေ့က ချထားလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလား ဒေ့ရှ်မှ လာသော သတင်းများက ဆိုသည်။
ပြီးခဲ့သည့် ၂ လခန့်က မြန်မာနိုင်ငံ၏ မြေပုံတချို့ တွင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်နက်တွင် ထည့်သွင်းဖော်ပြခဲ့သဖြင့် ဘင်္ဂလား ဒေ့ရှ်မှ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဆင့်ခေါ်ခဲ့သေးသည်။
ထို့ပြင် ယနေ့ အစည်းအဝေးတွင် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရာဘ အပါအဝင် တရားမဝင် မူးယစ်ဆေးများ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ ဝင်ရောက်လာမှုသည် ၎င်းတို့ လူမှု အသိုင်းအဝိုင်းတွင် အချက်ပေးသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောဆိုသည်။
“ကျနော့် အနေနဲ့ တင်ပြ၊ တောင်းဆိုချင်တာကတော့ အဆွေတော်တို့ ဘက်ကနေပြီးတော့မှ နောက်လာမယ့် မျိုးဆက် သစ် တွေ အတွက်ကို ကာကွယ်နိုင်ဖို့အတွက်ကို ကူညီပေးမယ်လို့ ကျနော့် အနေနဲ့ ယုံကြည်ပါတယ်။ ကျနော့် အနေနဲ့ ကြားသိထားတဲ့ သတင်းတွေရှိပါတယ်”ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ ညွှန်ချုပ် Md Shafeenul က ပြော သည်။
၂ နိုင်ငံ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် မူးယစ်ဆေး ပြဿနာ ဖြစ်စေ၊ ARSA လှုပ်ရှားမှု ကိစ္စဖြစ်စေ ၂ ခုစလုံးသည် တဖက်နှင့်တဖက် အပြစ်တင်နေ၍ မရဘဲ ၂ နိုင်ငံစလုံး ပူးပေါင်းဆောင်ရွက်မှသာ ပြေလည်မည့် ကိစ္စများ ဖြစ်ကြောင်း ရခိုင်အရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုးက သုံးသပ်သည်။
“ARSA တွေ ဟိုဘက်မှာ လေ့ကျင့်နေတာ ရှိတယ်လို့ ဗမာပြည် အစိုးရဘက်ကလည်း စွပ်စွဲနေတာ ရှိတယ်။ မူးယစ် ဆေး ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းကို ဝင်သွားတာပဲ။ အဲဒီဘက် အခြမ်းမှာလည်း လက်ခံတဲ့သူတွေ ရှိတာကိုး။ အဲဒီ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှ ရမယ်။ တဖက်နဲ့တဖက် အပြစ်တင်နေလို့ ပြီးမယ့်ကိစ္စ မဟုတ်ဘူးလို့ ထင်ပါ တယ်”ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ် ဝက်ကျိန်း ကျေးရွာတံတားအနီးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ လိုက်ပါလာသည့် ရဲကားတစီးကို ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ချုံခိုပစ်ခတ်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။
ယင်းဖြစ်စဉ် အစပိုင်းတွင် AA အဖွဲ့က ချုံခိုတိုက်ခိုက်သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ARSA အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ရုပ်သံဖိုင် ထုတ်ပြန်ခဲ့သည်။
မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ပြဿနာသည် လက်ရှိတွင် အနည်းငယ် တည်ငြိမ်နေသော်လည်း ရေရှည် တည်ငြိမ် သွား မည်ဟု မဆို နိုင်သေးသလို လူဦးရေ အဆမတန် တိုးပွားနေသည့် ဘင်္ဂလားနိုင်ငံမှ ကျူးကျော် ဝင်ရောက်မှုကို လုံး၀ တားဆီး နိုင်ဦးမည် မဟုတ်သေးကြောင်းလည်း သုံးသပ်မှုများ ရှိသည်။
မြန်မာ-ဘင်္ဂလား နယ်စပ်၌ ကာရံထားသည့် ခြံစည်းရိုးသည်လည်း အိန္ဒိယ နယ်စပ် ခြံစည်း ရိုးကဲ့သို့ ခိုင်ခံ့မှု မရှိသေး သလို ယခု နောက်ပိုင်း နယ်စပ် ခြံစည်းရိုးကို အဆင့်မြှင့်တင်ရန် မြန်မာ အစိုးရက ကြိုးစားလျက်ရှိသည်။
ထို့ပြင် နယ်မြေ ကျူးကျော်လာပါက ပစ်ခတ်ပိုင်ခွင့်ကိုလည်း အိန္ဒိယနယ်စပ်မှာကဲ့သို့ တရားဝင် ဥပဒေ ပြဌာန်းထားခြင်း မရှိသေးပေ။