သတင်း

ဒေသခံများ သဘောတူမှသာ ကုက္ကိုပင်ကြီးများ ခုတ်၍ လမ်းချဲ့မည်ဟု ကုမ္ပဏီပြော

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ မကွေး- ရန်ကုန် လမ်းပိုင်း ချဲ့ထွင်ရာ၌ နှစ်တရာကျော် ကုက္ကိုပင်ကြီး ခုတ်လှဲ မည့် ကိစ္စကို ဒေသခံများ၊ တိုင်းအစိုးရနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များ သဘောတူညီမှု ရမှသာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု လမ်းဖောက်လုပ် ရေး BOT စနစ်ဖြင့် ဆောင်ရွက်နေသည့် Max Highway ကုမ္ပဏီမှ အင်ဂျင်နီယာမှူး ဦးမင်းသိန်းနိုင်က ဧရာဝတီကိုပြောသည်။

“ပထမဆုံး လမ်းအူကြောင်းကို ဆာဗေးပညာရှင်တွေနဲ့ ဆွဲတယ်၊ ဘယ်လို ဖြစ်လာမလဲ၊ ဘာတွေ လုပ်မလဲ၊ လုပ်ရင် ပြည်သူကို ချပြမှာပါ၊ လူထုသဘောမတူရင် သက်ဆိုင်ရာ တွေ ဒေသအာဏာပိုင၊ တိုင်းအစိုးရ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ အားလုံးညှိနှိုင်းပြီး အကုန်သဘောတူတဲ့ ပုံစံမျိုးမှ လုပ်မှာပါ”ဟု ၎င်းက ပြောသည်။

လမ်းချဲ့ထွင်ရန် သုတေသနလုပ်သည့် အဆင့်သာရှိပြီး အချက်အလက်များရရှိပါက သက်ဆိုင်ရာ လွှတ်တော် ကိုယ်စား လှယ်များ နှင့် ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၎င်းဆောင်ရွက် ချက်များအား ပြည်သူလူထု လက်ခံ မခံ ချပြသွားမှာ ဖြစ်ကြောင်း ဦးမင်းသိန်းနိုင်က ဆက်ပြောသည်။

“ဆာဗေးတွေကဆင်းပြီးသွားပြီ၊ ဒေတာတွေ ထွက်မလာသေးဘူး၊ ဥပမာ လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ ဘာတွေမလွတ်ဘူး၊ ညာဘက်ခြမ်းမှာ ဘာတွေမလွတ်ဘူး အရေအတွက် တိတိကျကျနဲ့ နှစ်တရာ သစ်ပင်ဆို ဘယ်နှစ်ပင်မလွတ်ဘူးဆိုတဲ့ ဒေ တာ အတိအကျရရင် သက်ဆိုင်ရာ တိုင်းအစိုးရနဲ့ လွတ်တော် ကိုယ်စားလှယ်တွေကိုအရင်ချပြပြီး အကြမ်းလမ်း အူကြောင်း တခု ကျနော်တို့သတ်မှတ် မှာပါ၊ အဲဒါကို ပြည်သူလက်ခံမခံ ပြန်ချပြမှာ” ဟု ၎င်းကဆက်ပြောသည်။

အောင်လံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထူးမြင့်က ဤလမ်းသည် ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရ လက်ထက်က ဖောက်လုပ်ခဲ့သည့် ရန်ကုန်- မန္တလေး လမ်းဟောင်းဖြစ်၍ ယခုအခါ ယာဉ်အသွားအလာ များပြားလာရာ ဒေသဖွံဖြိုးရေး အတွက် မဖြစ်မနေ လမ်းချဲ့ထွင်ရမည့် အခြေအနေရှိနေကြောင်း၊ ထို့အတွက် ဖြစ်နိုင်ခြေ အရှိဆုံးနှင့် အကောင်းဆုံးကို ရွေးချယ်နိုင်ရန် ဒေသခံ လူထုကို ချပြသွားမှာဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အောင်လံမြို့တွင်း လမ်းပိုင်းတွေက ပေ ၂၀၊ ပေ ၃၀ လောက်ပဲရှိတယ် ယာဉ်အသွားအလာ များပြား လာတဲ့အတွက် မလွှဲမသွေချဲ့ထွင်ရမယ် အနေအထားပေါ့၊ လမ်းချဲ့တဲ့အခါ ဘယ်လိုချဲ့ရင် သက်ရောက်မှု ဘယ်လိုရှိမလဲဆိုတာကို ဖြစ်နိုင်ခြေအရှိဆုံး ကျနော်တို့ သုံးသပ်ပြီး ဆောင်ရွက်နေတဲ့ ကာလပဲရှိပါ သေးတယ်။ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်တွေက မရှိသေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

အောင်လံမြို့ဒေသခံတဦးကမူ နှစ်တရာကျော် သစ်ပင်းများ ဖြစ်ရန်မှာ မလွယ်ကူကြောင်း၊ အပူပိုင်း ဒေသ ဖြစ်နေ၍ ဤ အပင်ကြီးများက သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပေးကြောင်း၊ မကွေးတိုင်းဒေသကို ယခင်ကတည်းက အပူပိုင်း ဒေသ စိမ်းလန်းစိုပြေရေး စီမံကိန်းများ ချမှတ် လုပ်ဆောင်လာရာ လမ်းနယ်နှင့် မလွတ်သည်ဆိုကာ ခုတ်လှဲ ပစ်ရန် မသင့် ကြောင်း ဆိုသည်။

“ဒီကုက္ကိုပင်ကြီးတွေကြောင့် ဒီလိုနွေရာသီပူတဲ့အခါကိုဆိုသိသာတယ်၊ ကျနော်တို့လည်း နှမြောတယ်၊ မခုတ်စေချင်ဘူး။ မြို့အရှေ့ဘက်က ရှောင်ပြီး ဖေါက်စေချင်တယ်” ဟု ပြောသည်။

ရန်ကုန်-ပြည်-မကွေးလမ်းမကြီးမှာ ၃၀၇ မိုင် ၄ ဖါလုံရှိပြီး Max Highway ကုမ္ပဏီမှ ၂၀၁၁ တွင် စတင်လုပ်ကိုင်ခွင့်ရရှိခဲ့ ခြင်းဖြစ်ကာ ရန်ကုန်- မကွေး ကားလမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ကိုလည်း အမြန်ဆုံးအကောင်အထည် ဖေါ် ဆောင်ရွက်နေကြောင်းသိရသည်။

ဤသို့သော သက်တမ်းရင့် ကုက္ကိုပင်ကြီးများကို ရန်ကုန်- ပြည်ကားလမ်း တလျှောက်၊ ရန်ကုန်- မန္တလေး လမ်းဟောင်း တလျှောက်၊ ရန်ကုန်- မကွေး လမ်းဟောင်း တလျှောက်နှင့် ပဲခူတိုင်း အရှေ့ခြမ်းရှိ မြို့ရွာများ တလျှောက် ရှိနေရာ၊ ရန်ကုန်- ပြည်လမ်း တလျှောက်ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးများမှာ လမ်းချဲ့ထွင်စဉ်က ခုတ်လှဲခံခဲ့ရပြီး ဖြစ်သည်၊မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် သက်တမ်းရင့် သစ်ပင်ကြီးများကို ရှောင်ကွင်းကာ လမ်းဖောက်လုပ်လေ့ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading