လက်နက်များ တပ်ဆင်ထားသော နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းနိုင်ငံ၏ တောင်ဘက်စွန်း အမှတ်ဖြစ်သော စိန့်မာတင်ကျွန်းတွင် ဧပြီလ ၇ ရက်နေ့ စတင်ချထားလိုက်သည်။ ကော့ဗဇား ကန်းလွန်ရှိ ထိုကျွန်းပေါ်တွင် တပ်များ ချထားခြင်းသည် ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုကျွန်းပေါ်ရှိ ကမ်းခြေစောင့်တပ်ကို အင်အားဖြည့်တင်း လိုက်ခြင်းဖြစ်ကြောင်း အရာရှိများက ပြောသည်။
နိုင်ငံ၏ တောင်ဖက်စွန်းဖြစ်သော စိန့်မာတင်ကျွန်းသို့ လက်နက်ကြီးများ တပ်ဆင်ထားသော တပ်ဖွဲ့ကို အစိုးရ၏ ဆုံးဖြတ်ချက်အရ ချထားခြင်းဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဧပြီလ ၇ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
နယ်ခြားစောင့်တပ်များကို ထိုကျွန်းတွင် နောက်ဆုံး ချထားခဲ့သည်မှာ ၁၉၉၇ ခုနှစ်က ဖြစ်ကြောင်း BGB ပြောခွင့်ရသူ မိုဟာမက် မိုစင် ရီဇာလက်မှတ် ရေးထိုးထားသည့် ထိုကြေညာချက်တွင် ဖော်ပြထားသည်။
“ကျနော်တို့ ပိုင်နက်နယ်မြေရဲ့ လက်မတိုင်းကို ကာကွယ်ဖို့ ကျနော်တို့ တပ်ဖွဲ့တွေ အဲဒီမှာ ချထားဖို့ ကျနော်တို့ကို ညွှန်ကြားလာတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က စတင်ပြီ တပ်တွေချထားတာ ဒီနေ့တော့ လက်နက်ကြီးတွေနဲ့ တပ်ခွဲတွေထဲက တခုကို ချထားလိုက်တယ်။ ကျနော်တို့တာဝန်ကို ကျနော်တို့ စတင် ထမ်းဆောင်နေပြီ” ဟု BGB ဌာနချုပ်မှ ဗိုလ်မှူးကြီး မိုတီအာ ရာမန်က ဧရာဝတီ သတင်းဌာနသို့ ဧပြီလ ၇ ရက်နေ့ ညနေပိုင်းတွင် မေးမြန်းသောအခါ ပြောသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို အကြောင်းကြားခြင်း မရှိဘဲ မြန်မာနိုင်ငံက မြန်မာဘက်ခြမ်း နတ်မြစ် တလျှောက်တွင် သံမဏိ အဆောက်အအုံတခုကို မကြာသေးမီက တည်ဆောက်ခဲ့ သောကြောင့် ထိုသို့ တပ်များ ချထားခြင်းဖြစ်ကြောင်း ဒါကာရှိ သံတမန် သတင်းရင်းမြစ်များက ဧရာဝတီ သတင်းဌာနသို့ ဧပြီလ ၇ ရက်နေ့က ပြောသည်။ မကြာသေးမီက မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု အတွက်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက စိုးရိမ်နေသည်။ ဧပြီလ ၃ ရက်နေ့က ထိုတိုက်ခိုက်မှုကြောင့် မွတ်ဆလင် ရွာသား ၆ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ရခိုင်ပြည်နယ် နယ်စပ် တလျှောက်တွင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ (IDPs) ၁၇၀၀၀၀ ရှိနေသောကြောင့်လည်း ပူပန်နေရသည်ဟု မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ် တိုးတက်မှုများကို အနီးကပ် စောင့်ကြည့်နေသော တာဝန်ထမ်းဆောင်ဆဲ သံတမန်က ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်း ထားလိုကြောင်း၊ နှစ်နိုင်ငံအစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပခဲ့ကြောင်း၊ သို့သော် မြန်မာနိုင်ငံဘက်က အလားတူဆက်ဆံရေးမျိုး ထူထောင်လိုခြင်း ရှိမရှိကို သံသယဖြစ်နေရကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အဆာဒတ်ဇမန် ခန်က ထိပ်တန်း BGB အရာရှိများနှင့် နယ်ခြားခရိုင် အရပ်ဘက် အုပ်ချုပ်ရေးမှူး များအား ဧပြီ ၄ ရက်နေ့က ကျင်းပသော သီးခြား အစည်းအဝေး တခုတွင် ပြောသည်။
အရပ်ဘက် သင်္ဘောတစင်းမှ ဆင်းလာသော စစ်ဝတ်စုံနှင့်လက်နက် တပ်ဆင်ထားသော BGB တပ်ဖွဲ့ဝင်များ စိန့်မာတင် ကျွန်းတွင် လမ်းလျှောက်နေသော ပုံကို ဧရာဝတီ သတင်းဌာနက ရသည်။
ထိုတပ်ဖွဲ့ဝင်များကို သယ်ဆောင်သော သင်္ဘော တစင်းကို ကမ်းခြေစောင့် တပ်ဖွဲ့က ထိုကျွန်းသို့ စောင့်ရှောက် လိုက်ပါသည်ဟု BGB အရာရှိများက ပြောသည်။
ကျွန်းပေါ်တွင် တပ်များ ရုတ်တရက် ဖြန့်ထားရခြင်း အကြောင်းရင်းကို မေးသောအခါ BGB မှ အခြားထိပ်တန်း အရာရှိ တဦးက မြန်မာနိုင်ငံနှင့် ပတ်သက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘောထားနှင့် ပတ်သက်သော ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အကြောင်းကို ပြန်ပြောပြသည်။
ဒါကာ အခြေစိုက် ဒေးလီးစတား သတင်းစာ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှီအိုက် ဟက်ဆီနာက ၎င်း၏ အစိုးရသည် ရိုဟင်ဂျာများ ပြန်ပို့ခြင်းကို ညှိနှိုင်း ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံနှင့် ပဋိပက္ခဖြစ်ခြင်းမှ ရှောင်ရှားရန် ဆက်လက် အားထုတ်မည် ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။
“မြန်မာနိုင်ငံဟာ ကျမတို့ရဲ့ နီးကပ်တဲ့ အိမ်နီးချင်းတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ဘယ်တော့မှ ပဋိပက္ခဖြစ်မှာ မဟုတ်ဘူး။ အဲဒီလို ဖြစ်မယ့်အစား သူတို့ နိုင်ငံသားတွေကို သူတို့ပြန်ခေါ်အောင် ညှိနှိုင်းမှုကတဆင့် ဆက်လက် အားထုတ်ရမှာပဲ” ဟု ဝန်ကြီးချုပ်က ဒါကာမြို့တော်ရှိ ကာကွယ်ရေး ဝန်ကြီးဌာနသို့ သွားရောက်စဉ် ပြောသည်။
BGB နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲတို့၏ ၅ ရက်ကြာ နယ်ခြား အစည်းအဝေး နေပြည်တော်တွင် စတင်သည့် ဧပြီလ ၆ ရက်နေ့တွင် ထိုတပ်များ စတင် ဖြန့်ချလိုက်ခြင်းဖြစ်သည်။
BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် မိုဟာမက် ရှဖီနာလ် အစ္စလမ်သည် အဖွဲ့ဝင် ၁၁ ဦးပါသည့် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး မြန်မာဘက်မှ အဖွဲ့ဝင် ၁၇ ဦးပါ အဖွဲ့ကို မြန်မာ ရဲတပ်ဖွဲ့ ရဲ ဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးသန်းက ဦးဆောင်သည်။
ထိုအစည်းအဝေးတွင် အထူးသဖြင့် ရာဘနှင့် မူးယစ်ဆေးဝါး စီးဝင်မှု၊ နယ်စပ်ဒေသ အကြမ်းဖက်မှု ထိန်းချုပ်ရေး၊ နယ်စပ်တွင် အပစ်အခတ် ရပ်စဲရေး၊ နယ်စပ်ကျူးကျော်မှု ထိန်းချုပ်ရေး၊ ပူးတွဲ ကင်းလှည့်ရေးနှင့် အခြား ပြဿနာများကို ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုသည်။
ထိုအစည်းအဝေးအတွက် သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၉ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။
စိန့်မာတင်ကျွန်းတွင် တပ်များ ချထားခြင်းသည် မြန်မာနိုင်ငံ၏ တရားဝင် မြေပုံတွင် စိန့်မာတင်ကျွန်းကို မကြာခဏ ထည့်သွင်းခြင်းနှင့် သက်ဆိုင်ခြင်း ရှိမရှိ မေးသောအခါ ကော့ဗဇားခရိုင် ဒုတိယ ကော်မရှင်နာ မင်းကြီးနှင့် ခရိုင် တရားသူကြီး ကမဲလ် ဟိုစိန်က ထိုတပ်များ ချထားခြင်းသည် လုံခြုံမှုတိုးမြှင့်ရေး၊ အထူးသဖြင့် မူးယစ်ဆေးနှင့် လူကုန်ကူးမှုများ အတွက် ဖြစ်သည်ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာ ခေတ္တသံအမတ်ကို ဆင့်ခေါ်ပြီး မြန်မာနိုင်ငံမှ တရားဝင် အင်တာနက် စာမျက်နှာတခုက တင်ထားသည့် မြေပုံတွင် စိန့်မာတင် ကျွန်းကို မြန်မာပိုင်နက်အတွင်း ထည့်သွင်းထားခြင်းကို ကန့်ကွက်ခဲ့သည်။
ထိုသို့ ဆင့်ခေါ်သောကြောင့် မြန်မာ ခေတ္တသံအမတ် ဦးအောင်ကျော်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှ ရေးရာ ညွှန်ကြားရေးမှူးချုပ် အမ် ဒယ်လ်ဝါ ဟိုစိန်ကို ဝန်ကြီးဌာနတွင် သွားရောက် တွေ့ဆုံခဲ့သည်။ စိန့်မာတင်ကျွန်းကို မြန်မာပိုင်နက်အဖြစ် ဖော်ပြသော မြေပုံကို ဖြုတ်ချရေး အတွက် လုပ်ဆောင်ပေးရန် ထိုညွှန်ကြားရေးမှူးချုပ်က တောင်းဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ထိုသို့သော ဖြစ်ရပ်ကို ကန့်ကွက်ပြီး ချက်ခြင်း ပြင်ဆင်ပေးရန် ပြောကြားခဲ့စေကာမူ မြန်မာအာဏာပိုင် များသည် ထိုကျွန်းကို မြန်မာနိုင်ငံ အစိတ်အပိုင်း အဖြစ် ဆက်လက်ဖော်ပြ နေကြောင်း မြန်မာသံအမတ်ကို ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်ဟု ဒါကာ အခြေစိုက် ခေတ်သစ် သတင်းစာက သတင်းဖော်ပြသည်။
ထိုကျွန်းနှင့် ပတ်သက်ပြီး မှားယွင်းဖော်ပြခဲ့သော ဌာနသည် လင့်ခ်အားလုံးကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံက သံတမန်ရေး အကြောင်းကြားစာဖြင့် အကြောင်းပြန်ခဲ့သည်ဟု သိရသည်။
သို့သော် “အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအောက်မှ လူဝင်မှုကြီးကြပ်ရေး ဌာန၏ ပထဝီအချက်အလက်များစွာ ပါဝင်သော အခြေအနေအလိုက် ပြောင်းလဲနေသည့် အဆင့်မြင့် အင်တာနက် စာမျက်နှာတွင် ထို ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်ကျွန်း၏ လူဦးရေနှင့် မြေအမျိုးအစား စသည့် အချက်အလက်များ ပြသနေဆဲဖြစ်ကြောင်းနှင့် မြန်မာပိုင် နယ်မြေအဖြစ် ပြသနေဆဲဖြစ်ကြောင်း စိုးရိမ်ဖွယ် မှတ်သားရသည်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်နေ့တွင် ကြေညာသည်။
မြန်မာနိုင်ငံဘက်က ထိုပြဿနာကို အပြီးအပြတ် ဖြေရှင်းရန် အာမခံသော်လည်း ထိုအမှားသည် အကြိမ်ကြိမ် ဖြစ်နေသောကြောင့် တမင် ရည်ရွယ်ချက်ဖြင့် လုပ်သည်ဟု ယူဆနိုင်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
ထိုကျွန်းသည် မည်သည့်အခါကမျှ မြန်မာနိုင်ငံ၏ အစိတ်အပိုင်း မဖြစ်ခဲ့ကြောင်း ၁၉၃၇ ခုနှစ်က စာရွက်စာတမ်းများကို ကိုးကားပြောသည်။ ထိုနှစ်က ဗြိတိသျှနယ်ချဲ့များသည် မြန်မာနိုင်ငံကို ဗြိတိသျှက အိန္ဒိယမှ ခွဲထုတ်ခဲ့သည်။ ထိုအင်တာနက် စာမျက်နှာက မြန်မာနိုင်ငံ မြေပုံတွင် စိန့်မာတင်ကျွန်းကို ထည့်သွင်း ရေးဆွဲ ဖြန့်ဝေခြင်း၏ နောက်ကွယ်တွင် အကြံအစည်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောသည်ဟု ဒါကာအခြေစိုက် ခေတ်သစ် သတင်းစာ သတင်းအရ သိရသည်။
နှစ်နိုင်ငံတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များ ကို နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ရေး စတင်ရန် သံတမန်ရေး ဆွေးနွေးမှုများ ပြုလုပ်စဉ်တွင် ထိုမြေပုံ ပြဿနာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည် ဟုလည်း ထိုသတင်းစာက ဆိုသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စတင်သော ရခိုင်ပြည်နယ် အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ခန့်မှန်းခြေ ၇၃၈၀၀၀ ခန့် ရှိကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။
ထိုသို့ ထွက်ပြေးခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မှတ်တမ်း မဝင်သေးသော မြန်မာနိုင်ငံသားများနှင့် မှတ်ပုံတင်ပြီး ဒုက္ခသည် အရေအတွက်မှာ ၁၁၁၆၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂ အေဂျင်စီများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကဆိုသည်။
(ဘင်္ဂလားဒေ့ရှ်ရှိ ဧရာဝတီ သတင်းထောက် Muktadir Rashid ၏ Bangladesh Posts Border Guard to St. Martin’s Island for 1st Time in 22 Years ကို ဘာသာပြန်ဆိုသည်။)