ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မ မြို့နယ် အချုပ်သားတဦး သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်(MNHRC)က ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝါးခယ်မ မြို့နယ် စူးတွင်း မြစ်ကလေး ကျေးရွာနေ ဦးကျော်အေး (၅၀ နှစ်)အား ငှက်ပျောချောင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦး လာရောက် ဖမ်းဆီးပြီး ၆ ရက် အကြာတွင် သေဆုံးသွားသည့် အတွက် သေဆုံးသူ၏ခယ်မ ဖြစ်သူ ဒေါ်သန်းသန်းမိုးက ဧပြီ ၆ ရက်တွင် MNHRC ရုံးသို့ လာရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ကော်မရှင် အနေဖြင့် ကွင်းဆင်း စစ်ဆေးမှုကို လာမည့် ဧပြီ ၁၁ ရက်တွင် စတင်မည် ဖြစ်ကြောင်း MNHRC အတွင်းရေးမှူး ဦးဘုန်းကြွယ်က ဧရာဝတီကို ပြောသည်။
“တိုင်ကြားချက်ကို လက်ခံပြီးတော့ တိုင်ကြားတဲ့သူ ဒေါ်သန်းသန်းမိုးနဲ့ သက်သေ တဦးပေါ့။ နှစ်ဦးကို စတင် စစ်ဆေး ဆောင်ရွက်ပါတယ်။ စစ်ဆေး ဆောင်ရွက်ပြီး ဒီတိုင်ကြားစာကို ကော်မရှင်ကို တင်ပြပြီး ကော်မရှင် ခွင့်ပြုချက်နဲ့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ် ၂၀ ရက်က ဦးကျော်အေးနှင့် ၎င်း၏ ဇနီးတို့ လင်မယားချင်း စကားများနေစဉ် ကျေးရွာ အုပ်ချုပ် ရေး မှူး ရောက်ရှိလာပြီး ဝင်ရောက် ပြောဆိုရာမှ အပြန်အလှန် စကားများခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးက ရဲစခန်းသို့ တိုင်ကြား သဖြင့် မတ် ၂၁ ရက်တွင် ဦးကျော်အေးအား အရေးယူရန်ဟု ဆိုကာ စခန်းမှ လာရောက် ဖမ်းဆီးသွားကြောင်း ခယ်မ ဖြစ်သူ ဒေါ်သန်းသန်းမိုးက ပြောပြသည်။
အဆိုပါနေ့က ဝါးခယ်မ မြို့နယ် ငှက်ပျောချောင်း တိုက်နယ် အမှတ်(၂) ရဲစခန်းမှ ရဲတပ်ကြပ် စန်းနိုင်၊ ရဲတပ်ကြပ် မြင့် မောင် နှင့် ရဲတပ်သား မျိုးမင်းထက်တို့ ၃ ဦးက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ မတ် ၂၂ ရက်တွင် ဦးကျော်အေး အား ငှက်ပျောချောင်း ရဲစခန်းမှ ဝါးခယ်မ မြို့မ ရဲစခန်း ထံ ပြောင်းပြီး တရားရုံးတွင် ပုဒ်မ ၅၁/စ /ဆ (ခြေချုပ် ပုဒ်မ) ဖြင့် အာမခံ မပေးဘဲ ဆက်လက် ချုပ်နှောင်ထားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ဒေါ်သန်းသန်းမိုးက“အဲဒီနေ့က ဝါးခယ်မ တရားရုံးမှာ ကျမ ရှိတယ်။ သူတို့ ခေါ်ဆောင်သွားချိန်မှာ ကိုကျော်အေးမှန်း မသိ လောက်အောင် မျက်နှာမှာ အညိုအမည်း စွဲပြီး ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတာ တွေ့လိုက်တယ်”ဟု ဆိုသည်။
ထို့နောက် မည်သည့် သတင်းမှ မကြားရတော့ဘဲ မတ် ၂၇ ရက် နံနက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးက ဦးကျော်အေး သေဆုံး သွားပြီ ဖြစ်သဖြင့် ဝါးခယ်မ ပြည်သူ့ ဆေးရုံကြီးတွင် အလောင်းသွား သယ်ရန် ပြောဆိုရာ မိသားစုဝင်များ သွားသယ်ခဲ့ ကြောင်း၊ အလောင်းကို အိမ်ရောက်မှ ဖွင့်ကြည့်ရန် မှာလိုက်သဖြင့် ၂၈ ရက် နံနက်ပိုင်းမှ အလောင်းကို ဖွင့်ကြည့်ရာ လူမြင် မကောင်းလောက်အောင် ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းက ရှင်းပြသည်။
ဒေါ်သန်းသန်းမိုးက“အလောင်းကို ဖွင့်လည်းကြည့်ရော အူတွေ ပွင့်ထွက်နေတယ်။ မျက်လုံးတွေလည်း ညိုမည်းစွဲပြီး ခေါင်း ကိုလည်း ရိတ်ထားတယ်။
ခြေထောက်တွေမှာလည်း အပူနဲ့ တို့ထားသလိုမျိုး အရည်ကြည်ဖုတွေလည်း တွေ့ရတယ်။ ယောကျ်ားအင်္ဂါ ပါမလာတော့ဘူး။ ဟိုဘက်နံရိုး ဒီဘက်နံရိုးနဲ့ ရင်ဘတ်တွေမှာ ဖိနပ်စီးထားတဲ့ ခြေထောက်နဲ့ ကန်တဲ့ပုံစံမျိုး တွေ့ရတယ်။ ပြင်းပြင်းထန်ထန် နှိပ်စက်ထားလို့သာ သေဆုံးရတာပါ”ဟု ပြောသည်။
သေဆုံးသူ ဦးကျော်အေးတွင် ခြေထောက် မသန်စွမ်း ဖြစ်နေသည့် အမျိုးသမီးနှင့် ၃ တန်းအရွယ်(၈ နှစ်) သမီးကလေး တဦး ကျန်ရှိခဲ့ပြီး ယခုအခါ ကလေးရော အမျိုးသမီးပါ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ဒေါ်သန်းသန်းမိုးက“ကိုကျော်အေးနဲ့ ပတ်သက်ပြီး သဘောရိုးနဲ့ သေဆုံးတာ မဟုတ်ဘူး။ ရဲက ဖမ်းဆီး ခေါ်ဆောင်သွားပြီး မှ ဒဏ်ရာဒဏ်ချက်တွေ မြင်မကောင်းစွာနဲ့ သေဆုံးရတာ။ အမှုမှန် ပေါ်ပေါက်ဖို့ အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး အပါ အဝင် ကျူးလွန်တဲ့သူတွေကို အမြန်ဆုံး အချိန်မဆွဲဘဲ ဥပဒေ အရ ထိထိရောက် အရေးယူပေးပါ”ဟု ဆိုသည်။
ကာယကံရှင်ဘက်က လိုက်ပါ ကူညီပေးနေသော ဦးဇော်ရမ်းက ကျန်းမာရေး ကောင်းမွန်သည့် လူတယောက်ကို ရဲစခန်း က မည်သည့် ပုဒ်မဖြင့် ဖမ်းစေကာမူ ယခုကဲ့သို့ ရုပ်ပျက်ဆင်းပျက် သေဆုံးမှုအတွက် အဖြစ်မှန်ကို တာဝန်ရှိသူများ အနေ ဖြင့် ဖော်ထုတ် ပေးစေလိုကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် တာဝန်ရှိသူများထံသို့လည်း စာပို့ကာ တရားဝင် တိုင်ကြားထားကြောင်း ပြောဆိုသည်။
ဦးဇော်ရမ်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ (အရပ်ဘက် အဖွဲ့စည်း) အဖွဲ့ဝင် တဦး ဖြစ်ပြီး ဦးကျော်အေး သေဆုံးမှုနှင့် ပတ်သက်၍ ကာယကံရှင်ဘက်မှ လိုက်ပါ ကူညီပေးနေသူ ဖြစ်သည်။
“ဒီရဲတပ်ဖွဲ့ကို ဘယ်လိုပြုပြင်မလဲ။ သူတို့ သင်တန်းတွေမှာ ဘာတွေများ ပို့ချနေသလဲ။ ဒီရဲတပ်ဖွဲ့ကြီးက အမှုတွေ ပေါ် ပေါက် ဖို့အတွက် မပေါ်မချင်း ရိုက်နှက် စစ်ဆေးရမှ ပေါ်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ လုပ်ထုံးလုပ်နည်းတွေများ အရိုးစွဲနေသလား။ ဒါဆိုရင်တော့ သိပ်ပြီး စိုးရိမ်စရာဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက တရားဥပဒေ အရ အားကိုးရမည့် မဏ္ဍိုင် တခု ဖြစ်သော ရဲတပ်ဖွဲ့ ကိုယ်တိုင်က ယခုကဲ့သို့ ကျူးလွန် မှုများသည် ၁ ကြိမ်ထက် မကတော့ကြောင်း၊ တချို့ မတိုင်ရဲဘဲ မြိုသိပ်ပြီး နေကြသူများ ရှိကြောင်း၊ ဦးကျော်အေး ကိစ္စတွင် လည်း ကာယကံရှင်ဘက်မှ တိုင်ကြားရဲ၍သာ လိုက်ပါ ကူညီပေးနိုင်ခြင်း ဖြစ်ကာ ဒီမိုကရေစီ အပြောင်းအလဲနှင့် အတူ ရဲတပ်ဖွဲ့ဝင်များကိုလည်း လိုက်ပါ ပြောင်းလဲစေချင်ကြောင်း ပြောဆိုသည်။
အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ ဝါးခယ်မ မြို့မ ရဲစခန်းသို့ မေးမြန်းရန် ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းခေါ်ဆို၍ မရခဲ့ပါ။
ပြီးခဲ့သည့် ၂၀၁၈ ဇွန်လကလည်း ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံ ခရိုင် ဒေးဒရဲမြို့ ရဲစခန်း အတွင်း ခိုးမှုဖြင့် စစ်ဆေးနေ သည့် အချုပ်သား တဦး သေဆုံးခဲ့ခြင်း၊ ယင်းနှစ် မေလတွင် လပွတ္တာ မြို့နယ် ဓနိဆိပ် အုပ်စု၊ ဒေါင့်ချောင်း ကျေးရွာ၌ ဖောက်ထွင်း မှုဖြင့် သံသယရှိသူ ၂ ဦးအား ညှဉ်းပန်း နှိပ်စက်ခဲ့မှုများကြောင့် ရာထူးမှ ဖြုတ်ခြင်း၊ ရာထူးမှ တဆင့်လျှော့ချသည့် ပြစ်ဒဏ်ချ မှတ်ခြင်းများ ရှိခဲ့သည်။