ကြီးလေးသော ပုဒ်မများနှင့် စွဲချက်တင် ခံထားရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုတွင် ရန်ကုန်နှင့် နေပြည်တော် အမှုများ အတွက် ပြန်ခေါ် သက်သေများ စစ်ဆေးရာ၌ ၂ ဦးသာ ကျန်ရှိတော့ကြောင်း ဒက္ခိဏ ခရိုင် တရားရုံး က သိရသည်။
ပြန်ခေါ် သက်သေ အဖြစ် စစ်ဆေးရန် အတွက် သက်သေ ၆၀ ကျော် ခေါ်ယူထားရာမှ ဧပြီ ၈ ရက် အထိ စစ်ဆေးရန် ၂ ဦး သာ ကျန်ရှိခြင်း ဖြစ်ပြီး အဆိုပါ ၂ ဦးမှာ ရဲအရာရှိ တဦးနှင့် အရပ်သားတဦး ဖြစ်ကြောင်း ခရိုင် တရားရုံးက ဆိုသည်။
ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေ ဖြစ်သူ ဦးမြင့်အောင်က“ဒီနေ့ ပြန်ခေါ် တယောက် စစ်ပြီးရင် ဆက်စစ်ဖို့ ၂ ယောက်ပဲ ကျန် ပါ တော့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဥပဒေ လမ်းကြောင်း အရ ပြန်ခေါ် သက်သေများ စစ်ဆေးပြီးနောက်တွင် စွပ်စွဲခံရသူ ဖြိုးကိုကိုတင့်ဆန်းကို စစ်ဆေး မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းချမ်းက“အပြီးသတ် လျှောက်လဲချက် ဆိုတာ တဖက် က အပြစ် မရှိဘူး။ တဖက်က အပြစ်ရှိတယ် ပြောမယ်။ ဥပဒေ ပြဋ္ဌာန်းချက်နှင့် ဖြစ်သည့် ဖြစ်စဉ် အပေါ်မှာ သက်သေ ထွက်ဆိုချက် အပေါ် အခြေခံပြီးတော့ ၂ ဖက် ရှေ့နေ တွေက လျှောက်လဲချက်တွေ ပေးမယ်။ ပြီးရင်တော့ တရားရုံး က နေ အပြီးသတ် အမိန့်ချမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ယင်း အမှုကို ၂၁၀၈ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ စတင် စစ်ဆေးခဲ့ရာတွင် တနှစ်ကျော် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၄ ရက် က သက်သေ ၆၀ ကျော်ကို စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုတွင် တရားလိုပြ သက်သေပေါင်း ၄၀၀ ကျော် စစ်ဆေးရန် ရှိသော်လည်း စစ်ဆေးမှု ပြုလုပ်ရာတွင် တနှစ် ကျော် ကြာမြင့်သည့် အချိန် အထိ လက်ကျန် ၂၀၀ ကျော် စစ်ဆေးပြီး ဖြစ်သည်ဟုလည်း သိရသည်။
ထိုသို့ တရားလိုပြ သက်သေများကို စစ်ဆေးရန် ကျန်ရှိ နေသော်လည်း ပြီးခဲ့သည့် လအတွင်းက ကြားဖြတ် စွဲချက် တင် လိုက်ခြင်း ဖြစ်သည်။
ဦးစိန်ဝင်းချမ်းက“သက်သေတွေကို အကုန်လုံး စစ်ရမယ် လို့ ဥပဒေကတော့ မဆိုထားပါဘူး။ သက်သေ အယောက် ၄၀၀ ရှိတယ်။ ယုတ်စွ အဆုံး တကယ်လို့ ၁၀ ယောက် လောက်ပဲ စစ်မယ်။ တိုင်ထားတဲ့၊ စွပ်စွဲချက် ပြစ်မှုနဲ့ ငြိစွန်းမှု ရှိတယ် ယူဆရင် တရားသူကြီးက အချိန်မရွေး စွပ်စွဲခံရ သူကို စွဲချက် တင်လို့ ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အမှုမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်း ဆွေ၊ ဇော်ဝင်းထိုက် တို့ ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်း ဆက် အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ် စသည့် ပစ္စည်းများကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်း အမှုကို စွဲချက်တင်သည့် ပုဒ်မ ၁၄ ခုတွင် မူးယစ်ဥပဒေ ပုဒ်မ၊ လက်နက် ဥပဒေ ပုဒ်မ၊ ၁၉၂၃ မြန်မာ နိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေ၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၊ ဆက်သွယ်ရေး ပုဒ်မနှင့် တရားခံပြေး ပုဒ်မတို့ ပါဝင်ကြောင်း သိရသည်။
ပျဉ်းမနားမြို့ တရားလွှတ် တော်ရှေ့နေ ဦးခင်မောင်ဇော်က စစ်ဆေးထားသည့် တရားလိုပြ သက်သေများထဲမှ ကနဦး သက်သေ ပေါ်ပေါက်သည်ဟု ယူဆပါက တရားသူကြီး အနေ ဖြင့် စွဲချက် တင်နိုင်ကြောင်း၊ ယင်းသို့ စွဲချက်တင်လိုက် ခြင်း သည် ကြန့်ကြာနေသည့် အမှုများကို ဖြေလျော့စေမည် ဖြစ်သလို အမှုတွဲများ ဆက်လက် စစ်ဆေးရာတွင်လည်း တရားမျှ တမှု ရှိကာ ထိုသို့ လုပ်ပိုင်ခွင့်မှာ တရားသူကြီး၏ လုပ်ပိုင်ခွင့် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားထားသည်။
ဆက်စပ် ဖတ်ရှုရန်
ဖြိုးကိုကိုတင့်ဆန်းအား ပုဒ်မ ၁၄ ခုဖြင့် စွဲချက်တင်