အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန (NRPC) မှ အစိုးရ ကိုယ်စားလှယ်များနှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အတွက် ဧပြီ ၁၁ ရက်တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု KNU ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ဧရာဝတီသို့ ပြောသည်။
KNU သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ထိပ်သီး ၁၀ ဦးတို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက် ၁၆ ရက်က ၁၀+၁၀ ထိပ်သီး အစည်းအဝေး ကျင်းပပြီးနောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်မှ တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းကို ယာယီ ရပ်ဆိုင်းခဲ့သည်။
ထို့ကြောင့် ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိသလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မ တီ (UPDJC) ၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင် ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) စသည့် အစည်းအဝေးများလည်း ကျင်းပ နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်း ထားခဲ့ရ သည်။
အဆိုပါ အစည်းအဝေးများ ပြန်လည် ကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ တရားဝင် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အတွက် ဧပြီ ၁၁ ရက်နေ့မှာ NRPC မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သကဲ့သို့ ဧပြီ ၁၂ ရက်တွင် ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော တပ်မတော် ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးကြမည်ဟု ဆိုသည်။
KNU မှ ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက“ကျနော်တို့ လာမယ့် ၁၁ ရက် သြင်္ကန် မတိုင်ခင်ပေါ့။ Confirm တော့ ဖြစ်ပြီ။ ကျနော်တို့ မူလကတော့ အလွတ်သဘော တွေ့ဖို့တော့ လျာထားတယ်။ ဆိုလိုတဲ့ သဘောက အလွတ် သဘောကနေ ပြီးတော့ ကျနော်တို့ တရားဝင် အစည်းအဝေးကို ဘယ်လို ပုံစံနဲ့ ပြန်လုပ်နိုင်မလဲ ဆိုတဲ့ အနေအထားပေါ့နော်။ အဲဒါ ဆွေး နွေးမယ်၊ ပြီးရင် တချို့ အမြင်မတူသေးတဲ့ အချက်တွေလည်း ကျနော်တို့ တင်ပြ ဆွေးနွေးဖို့ ရှိတယ်။ ကျနော်တို့ ပြောနေ တဲ့ ပိတ်ဆို့နေတဲ့ ကိစ္စတွေ ပေ့ါနော်။ ဒါတွေကို ကျနော်တို့ ကျော်လွှား သွားနိုင်ဖို့ အတွက် ကျနော်တို့ တင်ပြချက်တွေ ရှိ မယ်”ဟု ပြောသည်။
ယင်းသို့ တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ ကိုယ်စားလှယ် တဦးက ဧပြီ ၁၁ ရက်၊ ၁၂ ရက်တို့၌ တွေ့ဆုံရန် ပြောထားသော်လည်း တရားဝင် ကမ်းလှမ်းမှုနှင့် လူစာရင်းကို KNU ဘက်က ပေးပို့လာမှု မရှိသေး သည့် အတွက် မိမိအနေနှင့် ထုတ်ဖော်ရန် ခက်ခဲကြောင်း ဆိုသည်။
ထိုအပေါ် KNU ဘက်ကတော့ ဆွေးနွေးပွဲ တက်ရောက်မည့် လူစာရင်းနှင့် အချိန် သတ်မှတ်မှု ကိစ္စကို မနက်ဖြန် သို့မဟုတ် ဒီနေ့ ပေးပို့သွားမည်ဟု KNU ဒု ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း က ပြောသည်။
သမ္မတရုံးမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက“ကျနော်တို့ KNU နဲ့ တွေ့ဖို့ သဘောတူထားပါတယ်။ ဒီဧပြီလ ၁၁၊ ၁၂ ရက် တို့မှာ တွေ့ဖို့ ကမ်းလှမ်းပါတယ်။
ကမ်းလှမ်းတဲ့ အခါမှာ ကျနော်တို့ ၂ ဘက် ပြန်ပြီးတော့ ရက်ညှိနေပါတယ်။ အလားတူ KNU အနေနဲ့လည်း NRPC နဲ့ ပထမဆုံး တွေ့မယ်။ ပြီးရင်တော့ တပ်မတော်က ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ် မတော်က ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဖို့ သဘောတူထားပါတယ်”ဟု မတ် ၂၉ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောထား သည်။
KNU ဘက်မှ ဧပြီ ၁၁ ရက်တွင် NRPC နှင့်တွေ့ဆုံ ဆွေးနွေး အပြီး ၁၂ ရက်မှာ တပ်မတော် ညှိနှိုင် းဆွေးနွေးရေး ကိုယ်စား လှယ် အဖွဲ့နှင့် တွေ့ဆုံရန်လည်း သတ်မှတ်ထားပြီး တွေ့ဆုံသည့် အခါ အောက်ခြေ၌ ဖြစ်နေသော စစ်ရေး အခြေအနေနှင့် လမ်းဖောက်လုပ်နေမှု ကိစ္စများကို ဆွေးနွေးမည် ဟု ဆိုသည်။
ပဒိုစောကွယ်ထူးဝင်း က“ဒီလက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ဖို့ အတွက်၊ ထိတွေ့မှုတွေ မဖြစ်ဖို့ အတွက်၊ အောက်ခြေမှာ နားလည်မှု လွဲထားတဲ့ဟာတွေ ကျနော်တို့ အစပျိုး အနေနဲ့ ဘယ်လို ဆက်ပြီးတော့ ဆွေးနွေးကြမလဲ ဆိုတဲ့ အကြို ညှိနှိုင်း တဲ့ သဘောပေါ့နော်။ ဒါပေမယ့် တချို့ အချက်တွေမှာလည်း လတ်တလော ဖြစ်နေတဲ့ လမ်းဖောက်တဲ့ ကိစ္စတွေလည်း ဆွေးနွေးသွားမှာပေါ့”ဟု ပြောသည်။
KNU သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးထားသည့် ကရင် လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တက်ရောက်နေခြင်းကနေ ယာယီ နုတ်ထွက်သွားခြင်းကြောင့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားခဲ့ရသည်။
အလားတူ ကရင် ပြည်နယ်၊ ဖာပွန် ခရိုင်ထဲတွင်လည်း KNU ၏ စစ်ရေး လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက် ရေး တပ်မတော်(KNLA)မှ တပ်မဟာ (၅)နှင့် တပ်မတော် ကြား တပ်မတော်မှ လမ်းဖောက်လုပ်သည့် ကိစ္စများကြောင့် ၂၀၁၈ ခုနှစ် အတွင်းမှာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြပြီး ယုံကြည်မှု လျော့နည်းနေကြောင်း သိရသည်။