ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်မှ ရန်ကုန်တိုင်း အင်းစိန် အကျဉ်းထောင်သို့ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းတွင် လွှဲပြောင်းပေးပို့ခဲ့သော်လည်း ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ အသိပေးခဲ့ခြင်းမရှိကြောင်း မိသားစုများက ပြောကြသည်။
၎င်းတို့ နှစ်ဦးကို နိုင်ငံတော် ပုန်ကန်မှုအတွက် ထောင်ဒဏ် နှစ်၂၀ နှင့် အသရေ ဖျက်မှုအတွက် ထောင်ဒဏ် ၂ နှစ်ကို တပေါင်းတည်းကျခံစေရန် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက အမိန့်ချခဲ့သည်။ ၎င်းတို့ကို ယမန်နှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံ ဗမာတို့လက်သို့ ကျရောက်ခဲ့ရသည့် ၂၃၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားတခုတွင် ပြောကြားခဲ့သည့် မှတ်ချက်များအတွက် ထိုလတွင်ပင် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ၎င်းတို့ ၂ ဦးလုံး အင်းစိန်ထောင်တွင် ရှိနေပြီး၊ ထောင်ပြောင်းမည့်အကြောင်းကို အာဏာပိုင်များက ပြောပြခဲ့ခြင်း မရှိကြောင်း မိသားစုများက ဧရာဝတီသို့ ပြောဆိုသည်။
ထောင်ပြောင်းမည့်အကြောင်းမိသားစုများကို အကြောင်းကြားပေးရန် ပျက်ကွက်ခဲ့ခြင်းက တရားမဲ့လုပ်ရပ် ဖြစ်သည်ဟု ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းက ဧပြီလ ၈ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။ အစိုးရက သူတို့ကို ဥပေက္ခာပြုခဲ့သည်ဟုလည်း သူက ဆိုသည်။
မိသားစုများမှာ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ ဧပြီလ ၆ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ကြားသိခဲ့ကြရပြီးနောက် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လိုက်လာရန် အားချင်းစီစဉ်ကာ အင်းစိန်ထောင်တွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့နှင့် ဧပြီလ ၈ ရက်နေ့တွင် ထောင်ဝင်စာ တွေ့ဆုံခဲ့သည်ဟု ဦးဝေဟင်အောင်၏ အကိုဖြစ်သူ ဦးသိန်းဝင်း၏ အဆိုအရ သိရသည်။
ရန်ကုန်သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း မိသားစုဝင်များမှာ ဖမ်းဆီးခံထားရသူ ၂ ဦး အား မည်သည့်ထောင်သို့ ပို့ဆောင်သည်ကို မသိရှိခဲ့ကြောင်းနှင့် ရန်ကုန်တွင် တွေ့ခွင့်ရလိမ့်မည်ဟု မသေချာခဲ့ကြောင်း ဦးသိန်းဝင်းက ပြောသည်။
“သူတို့ကို လေယာဉ်နဲ့ ခေါ်သွားတယ်လို့ ကျနော်တို့ကြားရပါတယ်။ ဘယ်ကို ခေါ်သွားလဲမသိဘူး။ ဒါကြောင့် အင်းစိန်ထောင်မှာ ရှိမယ်လို့ ကျနော်တို့ ယူဆပြီး လိုက်လာတာ။ လိုက်လို့သာ လာရတယ်။ ရန်ကုန်မှာ ရှိရော ရှိရဲ့လားလို့ စိတ်ပူခဲ့ရတယ်။ ထောင်ပြောင်းမယ်ဆိုတာကို သူတို့လဲ ကြိုမသိရဘူးလို့ ဝေဟင်အောင်က ကျနော့်ကို ဒီမနက်(ဧပြီလ ၈ ရက်နေ့) မှာ ပြောပါတယ်။ ဧပြီလ ၆ ရက်နေ့ ညနေ ထောင်တံခါး မပိတ်ခင် ထောင်အရာရှိတွေက သူတို့ကို လူကြီးတွေနဲ့ တွေ့ဖို့လို့ ခေါ်တယ်။ အဲဒီနောက်တော့ သူတို့ကို ညနေပိုင်း ၆ နာရီလောက်မှာ ရန်ကုန်ကို လေယာဉ်နဲ့ ပို့ လိုက်တယ် လို့ ပြောတယ်” ဟု သူကပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးဆောင်သည့် အစိုးရလက်အောက်တွင် ထောင်ပြောင်းရွှေ့သည့် အလေ့အထ က ယခင်အချိန်ကာလများကအတိုင်းဖြစ်သည်ဟု ဦးဝေဟင်အောင်၏ ရှေ့နေတဦးဖြစ်သူ ဒေါ်အေးနုစိန်က ပြောသည်။ ယခင် စစ်အစိုးရများလက်ထက်တွင် မိသားစုများ ထောင်ဝင်စာလာတွေ့ရခြင်း ခက်ခဲစေရန် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် နိုင်ငံရေးသမားများကို သူတို့၏ မြို့များရှိ ထောင်များမှနေ၍ ဝေးကွာသောနေရာများတွင် ရှိသော ထောင်များသို့ ပြောင်းရွှေ့ခြင်းခဲ့သည့် သာဓကများ ရှိခဲ့သည်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
ဒေါက်တာအေးမောင်၏ ရှေ့နေများက ရခိုင်ပြည်နယ်တရားရုံးသို့ မတ်လ ၂၈ ရက်နေ့တွင် အယူခံတင်သွင်းထားပြီး အယူခံ ကြားနာစစ်ဆေးမည့်နေ့ကို စောင့်ဆိုင်းနေသည်။ အယူခံကို လက်ခံရန် သင့်/မသင့်ကို ပြည်နယ် တရားလွှတ်တော်ရုံးက စဉ်းစားသုံးသပ်နေသည်ဟု ဒေါက်တာအေးမောင်၏ ရှေ့နေတဦး ဖြစ်သော ဦးအောင်ကျော်စိန်က ပြောသည်။
မိန့်ခွန်းတွင် ပြောဆိုသည့် အကြောင်းအရာတခုနှင့် ပတ်သက်၍ တစုံတယောက်ကို နိုင်ငံတော် ပုန်ကန်မှုဖြင့် ပြစ်ဒဏ်စီရင် သည့် ထုံးစံမရှိသည့်အတွက် ထိုအချက်က အယူခံအကြောင်းပြချက်ဖြစ်သည်ဟု ဦးအောင်ကျော်စိန်က ဧရာဝတီသို့ ပြောသည်။
“ဒီအမှုနဲ့ပတ်သက်လို့ ဥပဒေဆိုင်ရာအရ စကားပြောစရာ အများကြီးရှိတယ်။ ဥပမာအားဖြင့် ပါးစပ်ဖြင့် ပြောလို့နိုင်ငံတော်ပုန်ကန်မှု ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံ တရားစီရင်ရေးသမိုင်းမှာ တခါမှ မရှိဘူး။ အခု သူ့ကို ပါးစပ်နဲ့ပြောလို့နိုင်ငံတော်ပုန်ကုန်မှုနဲ့ထောင်ဒဏ် တသက်တကျွန်းချတယ်ဆိုတာကိုက ဒါက လက်ရှိ အစဉ်အလာ ကျင့်သုံးလာတဲ့ တရားစီရင်ရေးသမိုင်းထဲမှာ မရှိတဲ့ ကိစ္စ” ဖြစ်သည်ဟု ရှေ့နေ ဦးအောင်ကျော်စိန်က ဆိုသည်။
အစိုးရ မီဒီယာတွင် ဖော်ပြခဲ့သည့်အတိုင်း ၎င်းတို့ ၂ ဦး ဟောပြောခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ သက်သေထွက်ဆိုချက်မရှိသော်လည်း အမှုကို အမိန့်ချခဲ့သည့်အတွက် ခရိုင်တရားရုံး၏ စီရင်ချက်သည် ဥပဒေကြောင်းအရ အညင်းပွားဖွယ်ရာ ဖြစ်သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားမည် ဖြစ်ပြီး အကယ်၍ လိုအပ်ပါက ပြည်ထောင်စုအဆင့်တရားရုံးသို့ အယူခံ ထပ်မံတင်သွင်းသွားမည်ဟု ရှေ့နေ က ပြောသည်။
ဦးဝေဟင်အောင်၏ ရှေ့နေအဖွဲ့ကမူ အမိန့်ချမှတ်သည့်ရက်မှ ရက်ပေါင်း ၆၀ အတွင်း အယူခံတင်နိုင်သဖြင့် လောလောဆယ်တွင် အယူခံ တင်သွင်းထားခြင်းမရှိသေးဟု ဆိုသည်။ ဦးဝေဟင်အောင်က မြန်မာရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပသည့် သြင်္ကန်ပွဲပြီးဆုံးသည့် ဧပြီလ ၂၁ ရက်နေ့အထိ စောင့်ဆိုင်းရန် ဆန္ဒရှိသည့်အတွက်ကြောင့်ဟု သူ၏ ရှေ့နေက ဆိုသည်။
မြန်မာနှစ်သစ်ကူးကာလတွင် မြန်မာနိုင်ငံသမ္မတက နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် လွှတ်ပေးခြင်းက အစဉ်အလာဖြစ်သည်။
ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်မျိုး ယခုနှစ်တွင် ပေး/မပေးကသမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သော လက်ရှိ အစိုးရ၏ မူဝါဒပေါ်တွင်သာ မူတည်သည်ဟု ဦးအောင်ကျော်စိန်က ရှင်းပြသည်။
( Nyein Nyein ၏ Jailed Arakanese Politician, Author Transferred to Yangon’s Insein Prison ကို ဘာသာပြန်သည်။)