ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာမှ အိမ်ထောင်ရှင် အမျိုးသမီးတဦး စိုက်ခင်းအတွင်း အလုပ်လုပ်နေစဉ် တပ်မတော်သား တဦးက အဓမ္မကျင့်ရန် အားထုတ်မှု ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်နှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြင်ရှည်ကျေးရွာသူ အသက် ၄၀ အရွယ် ဒေါ်ခိုင်စောယဉ် သည် ရွာအနီး ကြက်ဟားခါး စိုက်ခင်းအတွင်း ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက အလုပ်လုပ်နေစဉ် အမှတ် (၅၆၄) တပ်ရင်းမှ တပ်မတော် သားတဦးက လာရောက်ပြီး အဓမ္မကျင့်ရန် အားထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင်၏ ခင်ပွန်းဖြစ်သူ ဦးမောင်ဖြူလှက ပြောသည်။
ဦးမောင်ဖြူလှ က “ကျနော့် အမျိုးသမီးက စိုက်ခင်းအလုပ် လုပ်နေတဲ့ အချိန် အရပ်ဝတ်နဲ့ လူတယောက်လာပြီးတော့ အဓမ္မကျင့်ရန် ကြံစည်တဲ့အခါ နှစ်ယောက် လုံးထွေးနေကြတယ်။ ကျနော့် သားလေး အဲဒါကို မြင်တော့ တုတ်နဲ့သွားရိုက်တယ်။ သူ့အမေ က ကျနော့်သားလေးကို ပြေးခိုင်းပြီးတော့ ရွာက လူတွေကို သွားခေါ်ခိုင်းတော့မှ အဲဒီ လူက ထွက်ပြေးသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဓမ္မကျင့်ရန် အားထုတ်သူမှာ ထွက်ပြေးသွားသော်လည်း ရွာသားများ၏ ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ပြီး ပြင်ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေလှဖြူ က ဧရာဝတီသို့ ပြောသည်။
ဦးရွေလှဖြူ က “သူကအ ရပ်ဝတ်နဲ့ဆို တော့ ပထမ စစ်သားမှန်းလည်း မသိဘူး။ ရွာသားတွေ မေးမြန်းတဲ့အခါမှ ၅၆၄ တပ်ကလို့ ပြောတယ်။ နောက်ပိုင်း တပ်က လူကြီးတွေ လိုက်လာကြတယ်။ ကျနော်တို့ရွာက လူတွေက ပြဿနာ ရှည်ရှည် ဝေးဝေး မဖြစ်ချင်ဘူး။ နောက်နောင် ဒီလို ကိစ္စတွေ ထပ်မဖြစ်အောင် တာဝန်ယူပေးပါ။ ခံဝန်ထိုးခိုင်းတယ်။ တပ်ကလူကြီး တွေက သူတို့ တပည့်ကို အရေးယူပေးမယ် ပြောပြီးတော့ ခေါ်သွားပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့နောက် ကာယကံရှင်နှင့် ရွာသားများက ဒေသခံလွှတ်တော်ကိုယ်စားလှယ်များထံ တိုင်ကြားခဲ့ရာ ဧပြီလ ၈ ရက်နေ့က ဘူသီးတောင် မြို့ပေါ်တွင် ကျေးရွာသားများကို ခေါ်ယူပြီး နှစ်ဘက် ပြေလည် ရာပြေလည်ကြောင်း ညှိနိုင်းခဲ့ကြောင်း ဘူးသီးတောင်မဲဆန္ဒယ်နယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ထံမှ သိရသည်။
ဦးအောင်သောင်းရွှေ က “နှစ်ဘက်ကို ခေါ်ယူပြီးတော့ ပြေလည်မှု ရရှိဖို့အတွက် ညှိနိုင်းပေးတယ်။ အောက်ခြေမှာ နည်းနည်း ရှုပ်ထွေး နေတာ ရှိတဲ့အတွက် လောလောဆယ် အဲဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ နှစ်ဘက် ညှိနိုင်းကြရာတွင် ရွာသားများဘက်က နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်စေရန် တာဝန်ယူပေးရမည် ဖြစ်သလို ရွာသားများ ကိုလည်း ပြဿနာရှာသည့် ဖြစ်ရပ်မျိုး မပေါ်ပေါက်စေရေး အတွက် ဝန်ခံကတိထိုးခိုင်းကြောင်း၊ သို့သော်လည်း တပ်မတော်က လက်မခံနိုင်သည့်အတွက် ညှိနိုင်း မှုမှာ ပြေလည်မှု မရရှိခဲ့ကြောင်းလည်း ကာယကံ ရှင်အမျိုးသမီး၏ ခင်ပွန်း ဦးမောင်ဖြူလှက ပြောသည်။
ဦးမောင်ဖြူလှ က “ပြေလည်ဖို့ ညှိနိုင်းရတာက ပြဿနာတွေ ထပ်မဖြစ်ချင်တော့ဘူူး။ အေးအေးချမ်းချမ်းပဲ နေချင်တယ်။ နောက် အဲလို မဖြစ်အောင် ဝန်ခံကတိ ထိုးပေးရမယ်လို့ ကျနော် တို့က တောင်းဆိုတယ်။ တပ်ဘက်က လူတွေက ကျနော် မိန်းမနဲ့ လုံးထွေးမှု ဖြစ်တယ် ဆိုတာ မပြောရဘူး။ အဲဒီလို ဖြစ်ခဲ့တာ မရှိဘူးပေါ့။ ကျနော်တို့ ဘက်က တော့ အဲဒီစကားကိုတော့ ကျနော် တို့ မပြောနိုင်ဘူးလို့ ပြောတယ်။ အဲဒါဆိုရင် သူတို့က မညှိနိုင်း နိုင်းဘူးလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဓမ္မကျင့်ရန် ကြံစည်ခဲ့သည် ဆိုသူကို ဖမ်းဆီးရမိလာသည့် ရုပ်သံဖိုင်ကိုလည်း ဒေသခံတချို့က လူမှုကွန်ရက် စာမျက်နှာထက်တွင် ဖြန့်ချိလိုက်သဖြင့် ပျံ့နှံ့နေလျှက်ရှိပြီး ထိုရုပ်သံထဲတွင် ဖမ်းဆီးခံလာရသည့် အမျိုးသား၏ မျက်နှာနှင့် ဦးခေါင်းတို့ကို အမျိုးသမီး အချို့ က လက်ဖြင့် ရိုက်နှက်နေသည်ကို တွေ့ရသည်။
ဘူးသီးတောင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က “ဖြစ်စဉ်က မှန်တယ်။ တပ်ဘက်က ဘယ်လို လုပ်ငြင်းလို့ ရမလဲ။ အဲဒီကိစ္စမျိုးကို ကျူးလွန်လို့ တောင်ပေါ်တက် ပြေးလို့ ရွာသားတွေက လူကိုပင် တခါတည်း ဖမ်းမိထားတာ။ အဲဒါကို ဘယ်လို လုပ်ပြီး ငြင်းလို့ မရလဲ။ အခုကတော့ ဦးအောင်သောင်းရွှေတို့ ဆောင်ရွက်ပေးနေတယ်လို့သိရတယ်။ ကျနော်တို့ ကတော့ အဲဒီကိစ္စကို ဆောင်ရွက်တာ မရှိဘူး” ဟု ဧရာဝတီသို့ ပြော သည်။
အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး၊ ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် တို့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖြေကြားခြင်း မရှိသဖြင့် သီးခြား အတည်ပြုချက် ဖော်ပြနိုင်ခြင်း မရှိပါ။
ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ကလည်း ပြင်ရှည်ကျေးရွာမှာ ညောင်းချောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ အပိုင် ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ယင်းအမှုကို မကိုင်တွယ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ပြင်ရှည်ရွာက နယ်ခြားစောင့် အပိုင် ဖြစ်တဲ့အတွက် ကျနော်တို့ နဲ့ မဆိုင်ဘူး။ ဒီနေ့က မြို့ပေါ် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နဲ့ ရှင်းကြတာတော့ရှိတယ်။ တိုင်မယ်ဆိုရင်လည်း အဲဒီမှာပဲ တိုင်ရမယ်” ဟု တာဝန်ကျ ရဲ တဦး က ဧရာဝတီသို့ ပြောသည်။