ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသများနှင့် ပြည်နယ်များမှ နိုင်ငံပိုင် ရုပ်ရှင်ရုံများ ငှားရမ်းခကို ကာလ ပေါက်ဈေးနှင့် အညီ ပြောင်းလဲ ကောက်ခံရန် ပြင်ဆင်နေကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းထားသော နိုင်ငံပိုင် ရုပ်ရှင်ရုံ တချို့သည် ခေတ်ကာလ ဈေးနှုန်းနှင့် မလျော်ညီခြင်းနှင့် ယခု နှစ်ပိုင်းများတွင် ဈေးနှုန်း တိုးမြှင့် ကောက်ခံခြင်း မရှိရသေးသည့် ရုပ်ရှင်ရုံများ၏ ငှားရမ်းခများကို တိုးမြှင့် ကောက်ခံရန် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အစိုးရ အဖွဲ့များနှင့် ဆွေးနွေးလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင် က ဧရာဝတီ သို့ ပြောသည်။
ဒေါ်သီတာတင် က“ကျမတို့ ဈေးနှုန်း ပြောင်းပြီး သွားပြီ ဆိုတဲ့ ရုံတွေနဲ့ ခေတ်ကာလ ဈေးနှုန်းနဲ့ လျော်ညီနေတဲ့ ရုံတွေ ဆိုရင် တော့ မပါတော့ဘူးပေါ့။ ကျန်နေသေးတဲ့ ရုံတွေကိုတော့ ခေတ်ကာလနဲ့ လျော်ညီတဲ့ ဈေးနှုန်းတွေကို ပြောင်းရမယ်”ဟု ရှင်းပြ သည်။
အစိုးရက လုပ်ငန်းရှင်များသို့ ငှားရမ်းထားသော ရုပ်ရှင်ရုံများသည် အိုဟောင်းမှုများ ရှိနေခြင်းကြောင့် လုပ်ငန်းရှင်များ အနေ ဖြင့် ပြုပြင် မွမ်းမံခြင်းများနှင့် ဒစ်ဂျစ်တယ် စနစ် ကူးပြောင်းရေး တို့တွင် ရင်းနှီးမြှုပ်နှံမှု အများအပြား အသုံးပြုပြီး ရင်း နှီး ထားခြင်းကြောင့် အမြတ်အစွန်းရရှိမှု ကာလတခု အထိ ခေတ်ကာလ ဈေးနှုန်းထက် လျော့နည်းသည့်နှုန်းထား များဖြင့် ငှားရမ်းထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
လက်ရှိ အချိန်တွင် အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းထားသော နိုင်ငံပိုင် ရုပ်ရှင်ရုံပေါင်း ၂၆ ရုံ ရှိပြီး ငှားရမ်းခ တိုးမြှင့် ကောက်ခံရန် လိုအပ်နေသည့် ရုပ်ရှင်ရုံ အရေအတွက်ကိုမူ ဝန်ကြီးဌာန၏ လုပ်ငန်းပိုင်း ဆောင်ရွက်ချက်များ ကျန်ရှိ နေခြင်းကြောင့် ဟုဆိုကာ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
ဒဂုံမြို့နယ် အတွင်းရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံ တရုံကို ငှားရမ်း လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီ မန်နေဂျာ တဦးက လက်ရှိ အချိန် တွင်လည်း အစိုးရအနေဖြင့် နိုင်ငံပိုင် ရုပ်ရှင်ရုံများ၏ ငှားရမ်းခကို တိုးမြှင့် ကောက်ခံထားပြီး ဖြစ်ကြောင်း၊ လုပ်ငန်း ရှင်ဘက်တွင် လုပ်ငန်းလုပ်ကိုင်နိုင်ရန် အတွက် နိုင်ငံပိုင် ရုပ်ရှင်ရုံများကို ပြန်လည် မွမ်းမံ ပြင်ဆင်ရသည့် စရိတ်သည် နိုင်ငံ တော်သို့ ပေးသွင်းရသည့် ငွေများထက် ပိုမိုများပြားကြောင်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အတွင်းတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ ခေတ်ကာလ ဈေးနှုန်းများနှင့် မလျော်ညီသော ရုပ်ရှင်ရုံများ ၏ တလ ငှားရမ်းခများ အနေဖြင့် ရှေ့ဆောင်ရုံကို တလ ငှားရမ်းခ ငွေကျပ် ၃၅ သိန်း၊ နေပြည်တော်ရုံကို ၃၂ သိန်း၊ သမ္မတ ရုံ ၅၂ သိန်းနှင့် သွင်ရုံ ငှားရမ်းခ ကျပ်သိန်း ၂၀ သို့ တိုးမြှင့် ကောက်ခံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း ယင်းနှုန်းထားများသည် ခေတ်ကာလပေါက်ဈေးနှုန်းထက် နည်းနေသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်လျက် ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက“ရုပ်ရှင်ရုံ ငှားရမ်းခတွေတင် မဟုတ်ဘူး။ ရုံနဲ့ ဆက် စပ် ပြီးတော့ ပါတဲ့ ဈေးဆိုင် ငှားရမ်းခတွေ ကလည်း အခုချိန်ထိ နည်းသေးတယ်”ဟု ဆိုသည်။
ယခင်က ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံတချို့၏ တလ ငှားရမ်းခသည် သက်ဆိုင်ရာ ရုံအလိုက် တလလျှင် ကျပ် ၉ သိန်း မှ ၁၇ သိန်း ခန့်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရသည်။
ယင်း အတွက်ကြောင့် ယခင် အစိုးရများ လက်ထက်က ကုမ္ပဏီ အုပ်စု တခုတည်းကိုသာ လုပ်ကိုင်ခွင့်ပေးထားသော ရုပ် ရှင်ရုံ ငှားရမ်းခများ ထပ်တိုးကောက်ရန် သို့မဟုတ် ဈေးပြိုင် စနစ်ဖြင့် တင်ဒါ ခေါ်ယူကာ ပွင့်လင်း မြင်သာမှု ရှိရှိဖြင့် ကုမ္ပဏီများ ကို လုပ်ကိုင်ခွင့် ပြန်လည် ခွင့်ပြုရန် လိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ပြည်သူ့ ငွေစာရင်း ကော်မတီ က တင်ပြထားကြောင်း ၎င်းက ပြောသည်။