ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဖမ်းဆီးထားသည့် ဒေသခံ လီဆူတိုင်းရင်းသားများကို ပြန်လွှတ်ပေးရန် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ဧပြီလ ၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်၍ တောင်းဆို လိုက်သည်။
ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း က “အခုက သူတို့ (KIA) အောက်ခြေမှာ ရဲဘော်တွေက လုပ်ချင်သလို လုပ်နေတယ်၊ လူလည်း သတ်ချင်သလို သတ်နေသလို ဖြစ်နေတယ်၊ လူမျိုးရေး ပဋိပက္ခဖြစ်မှာ စိုးရိမ်တယ်။ ဒါကြောင့် ကျနော်တို့က ပြန်လွှတ်ပေးဖို့ တောင်းဆိုရတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာမှ ဒေသခံ လီဆူ တိုင်းရင်းသားများ ဖြစ်ကြသော ဦးဖော်လီဆာ ၄၅ နှစ်၊ ဦးဂွါတီး ၅၅ နှစ်၊ ဦးဖော်ယောဆီ ၂၂ နှစ်၊ မောင်မိုလီဒွေ့ ၁၇ နှစ်တို့ ၄ ဦးသည် မိမိတို့၏ ဝမ်းရေးအတွက် တောတွင်းသို့ သစ်ဥ၊ သစ်ဖုနှင့် ဆေးမြစ်များ ရှာရန် ရှာထွက်သွားခဲ့ရာမှ မတ်လ ၁၁ ရက်နေ့တွင် KIA တပ်ဖွဲ့ဝင် ၇ ဦးက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒူးလေးပါတီက ထုတ်ပြန်သည်။
ဖမ်းဆီးသွားသည့် လီဆူ ၄ ဦးကို KIA က ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခြင်း၊ ညို့သကျည်းအား ဝါးလုံးဖြင့် လှိမ့်၍ နှိပ်စက်ခြင်း၊ သေနတ်ဒင်ဖြင့် ရိုက်နှက် နှိပ်စက်ခြင်း၊ နားရွက်အနီးကပ်၍ သေနတ်ဖောက်၍ ခြိမ်းခြောက် နှိပ်စက်ခြင်း၊ ပါးစပ် အတွင်း သေနတ်ပြောင်း ထိုးထည့် ခြိမ်းခြောက် နှိပ်စက်ခြင်း အစရှိသည့် နည်းမျိုးစုံဖြင့် ၁၀ ရက်ခန့် နေ့စဉ် ညှင်းပန်း နှိပ်စက်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံ လီဆူ ၄ ဦးအနက်မှ ဦးဖော်လီဆာမှာ ထွက်ပြေးနိုင်ခဲ့ပြီး တောထဲတွင် ၈ ရက်ခန့် ဖြတ်သန်းခဲ့ပြီးနောက် နေရပ်ရင်း ဘန်ကောက် ကျေးရွာသို့ မတ်လ ၃၀ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ဒဏ်ရာများရရှိလာသည့် ဦးဖော်လီဆာကို မြစ်ကြီးနား မြို့ပေါ်ရှိ တပ်မတော် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဒူးလေးပါတီ ထုတ်ပြန်ချက်အရ သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး KIA ပြောခွင့်ရ ပုဂ္ဂိုလ်ထံသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိသဖြင့် KIA ဘက်မှ အတည်ပြုချက်ကို ဖော်ပြနိုင်ခြင်း မရှိပါ။ သို့သော်လည်း ယခုလ ၄ ရက်နေ့က ထုတ်ပြန်သော RFA သတင်းသပုဒ်တွင် KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူ က အဆိုပါ လီဆူ တိုင်းရင်းသားများကို ၎င်းတို့ ဖမ်းဆီးထားခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
ဦးရွှေမင်း ကတော့ “KIA က ဖမ်းထားတာ အသေအချာပဲ ဒီမှာ လွှတ်လာတဲ့ လူလည်း ရှိတယ်၊ ဓါတ်ပုံ အထောက် အထားတွေလည်း ရှိတယ်၊ ဖမ်းထားတဲ့ စခန်းလည်း ကျနေ်ာတို့ ပြောပြီးပြီ၊ မဂျီဘွမ် စခန်းပေါ့ဗျာ၊ အဲတော့ မလွတ်လာတဲ့ အခါကျတော့ ကျနော်တို့က ဒီလူတွေကိုများ သတ်လိုက်ပြီးလား၊ ဒါမှမဟုတ် ဘယ်လို လဲပေါ့”ဟု ပြောသည်။
ပြန်လည်လွတ်မြောက်လာသူ ဦးဖော်လီဆာနှင့် မလွတ်မြောက်သေးသူ ၃ ဦးလုံးမှာ အရပ်သား စစ်စစ်များ ဖြစ်ကြကြောင်း ဒူးလေးပါတီက အတည်ပြုထားသည်။
ကျန်နေသည့် ၃ ဦး လွတ်မြောက်ရေး အတွက် နိုင်ငံတော် သမ္မတ၊ နိုင်ငံတေ်ာအတိုင်ပင်ခံပုဂ္ဂိုလ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများ၊ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့ထံဆောင်းဆိုကြောင်း သိရသည်။
ထို့အပြင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဥက္ကဋ္ဌ နှင့် KIA စစ်ဦးစီးချုပ်၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်၊ နိုင်ငံတကာသံရုံး စသည် တို့ကိုလည်း စာရေးသား ပေးပို့၍ တောင်းဆိုထားကြောင်း ဒူးလေးပါတီက ပြောသည်။
PCG အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလမိုင်ဂွန်ဂျာ က “အဲကိစ္စကို ကျနော်တို့လည်း KIO ဗဟိုကို တင်ပြထားတယ်၊ သူတို့လည်း အောက်ခြေမှာ ဖြစ်တဲ့ အဖြစ်အပျက်ဆိုတော့ အောက်ခြေကို ပြန်ပြီးတော့ စုံစမ်းနေတယ်လို့ သိရတယ်။ တခြားတော့ ဘာမှ ဂဃနဏ မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဒူးလေးပါတီ ကတော့ KIA/KIO အဖွဲ့သည် လူထု အပေါ် နှိပ်စက်ခြင်း၊ အဓမ္မ လူသစ်စုဆောင်းခြင်း၊ ငွေညှစ်ခြင်း၊ မတရား ခြိမ်းခြောက်၍ ဆက်ကြေး ကောက်ခံခြင်းနှင့် လီဆူလူမျိုးတို့အပေါ် အမုန်းတရား၊ အာဃတ တရားထားရှိပြီး ရည်ရွယ်ချက်ရှိရှိ လူမျိုးရေး ဦးတည် တိုက်ခိုက်နေခြင်း၊ မြေမြှုပ်မိုင်းထောင် ဖောက်ခွဲ လုပ်ကြံခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေခြင်းများကို ကန့်ကွက် ရှုတ်ချကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးရွှေမင်းက “ဆက်ကြေးကောက်တာလည်း များတယ်၊ လူဖမ်းတယ်၊ ငွေပေးနိုင်တဲ့လူ ပြန်လွှတ်တယ်၊ ငွေညစ်တာပေါ့။ မပေး နိုင်တဲ့လူ ကျတော့ သင်တန်းပေးတယ်၊ စစ်သားလုပ်ခိုင်းတယ်၊ အတွင်းမှာလည်း လီဆူ လူမျိုးဆို အနိမ်ခံ၊ အခုက ကျနော်တို့ကို လူမျိုးရေး တိုက်ခိုက်လာတယ်ဆိုတာ လုံးဝသေချာတယ်။ ဒါကို သူတို့ KIO ဗဟိုကနေ အောက်ခြေက လုပ်ရပ်တွေကို ကြီးကြပ်စေချင်တယ်”ဟု ပြောသည်။
KIA က ၎င်းတို့ လီဆူ တိုင်းရင်းသားများ အပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း စသည့် လူ့အခွင့် အရေး ချိုးဖောက်မှု များ ပြုလုပ်ခဲ့သည်ဟုဆိုကာ ၂၀၁၇ ခုနှစ် မေလနောင်းပိုင်းကလည်း မြစ်ကြီးနားမြို့ပေါ်တွင် လီဆူ တိုင်းရင်းသား ၂ ထောင်ကျော်က ဆန္ဒပြခဲ့ကြသေးသည်။