အစိုးရ မြန်မာ့အာမခံ လုပ်ငန်း အပါအဝင် ပြည်တွင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများက ပညာရေး အသက် အာမခံ ဝန်ဆောင်မှု အသစ် တခုကို ဧပြီ ၉ ရက်က စတင် မိတ်ဆက်လိုက်ပြီး ယခုလ အတွင်း ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ အာမခံ အသင်း (MIA) က သတင်း ရရှိသည်။
အဆိုပါ အာမခံ ဝန်ဆောင်မှုသစ်ကို ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူ အညီနှင့် နိုင်ငံတကာတွင် ဝန်ဆောင်မှု ပေးနေသည့် အာမခံ ဝန်ဆောင်မှုများ၏ စံချိန်စံညွှန်းများ အတိုင်း လုပ်ဆောင် ထားခြင်း ဖြစ်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်း၏ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးက ပြောသည်။
“အဓိက က ငွေစုဆောင်းတဲ့ အလေ့အထရယ်၊ မမျှော်မှန်းနိုင်တဲ့ အကြောင်းတွေကြောင့် သေဆုံးတာ ဖြစ်ဖြစ်၊ ထာဝရ မသန် စွမ်း ဖြစ်သွားရင် ကိုယ့် သားသမီး ပညာရေးကို ရပ်တန့် မသွားစေဘဲ ပြီးဆုံးသည် အထိ ထားနိုင်ဖို့ အတွက် ရည်ရွယ် တာပါ”ဟု ၎င်းက ဆိုသည်။
ပညာရေး အသက် အာမခံ ဝန်ဆောင်မှုကို အသက် ၁၈ နှစ်မှ ၅၆ နှစ် အတွင်း ရှိသည့် ကျန်းမာရေး ကောင်းမွန်သော မိဘ (သို့မဟုတ်) အုပ်ထိန်းသူများသည် မိမိတို့၏ သားသမီးများ၏ ကျောင်းပညာရေး အတွက် ထားရှိနိုင်မည် ဖြစ်သည်။
ယင်း ဝန်ဆောင်မှုကို အာမခံ သက်တမ်း ၉ နှစ်၊ ၁၁ နှစ် နှင့် ၁၄ နှစ် ဟူ၍ သတ်မှတ်ထားပြီး အာမခံထားနိုင်သည့် ငွေပမာ ဏက အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ အာမခံ ထားရှိနိုင်မည် ဖြစ်ကာ အာမခံကြေး (ပရီမီ ယံကြေး) ပေးသွင်းခြင်းကိုလည်း ၁ လ တကြိမ်၊ ၃ လ တကြိမ်၊ ၆လ တကြိမ် နှင့် တနှစ်လျှင် တကြိမ် အရစ်ကျ ပေးသွင်း နိုင်မည် ဖြစ်ကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံက သိရသည်။
ပညာရေး အသက် အာမခံ ထားရှိသူသည် မိမိ ပေးသွင်းရမည့် သတ်မှတ်ကာလ မပြည့်မီချိန်တွင် တစုံတခု ဖြစ်ပေါ်ခဲ့ပါက မိမိ၏ သားသမီးပညာရေး အတွက် ငွေကြေး အထောက်အပံ့ကို အာမခံ ကုမ္ပဏီများက နှစ်စဉ် ထောက်ပံ့ပေးသွားမည် ဖြစ် ကြောင်း မြန်မာနိုင်ငံ အာမခံအသင်း၊ အသက် အာမခံ ကော်မတီ ဥက္ကဋ္ဌ ဦးရန်ပိုင်စိုးဦးက ပြောသည်။
၎င်းက“အခုမှာတော့ အနည်းဆုံးကို ကျပ်သိန်း ၅၀ သတ်မှတ်ထားပေမယ့် ဈေးကွက် အခြေအနေ အပေါ်မူတည် ပြီး ပြောင်းလဲ သတ်မှတ် ထားတာတွေလည်း လုပ်သွားဖို့ ရှိပါတယ်”ဟု ဆိုသည်။
ပညာရေး အာမခံ ဝန်ဆောင်မှု ရယူထားပြီး တစုံတခု မဖြစ်ပေါ်ခဲ့ပါက အာမခံ သက်တမ်း ပြည့်ချိန်တွင် ပြန်လည် ထုတ်ယူ နိုင်မည့် အပြင် အာမခံ ထားရှိသည့် ငွေပမာဏထက် ၁၇ ရာခိုင်နှုန်း ပိုမို ရရှိနိုင်မည် ဖြစ်ပြီး ပေးသွင်းထားသည့် ငွေပမာ ဏ ထက် အကျိုးခံစားခွင့် ရရှိမည့် ငွေပမာဏသည် ပိုများကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိ အချိန်တွင် အာမခံ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သေချာ နားလည်မှု မရှိသေးကြောင်း၊ သားသမီးများ အတွက် ယင်းသို့ ပညာရေး အာမခံထားရှိလိုသော်လည်း လစဉ် ပေးသွင်းရမည့် ငွေပမာဏ ကျပ် ငါးသောင်းဝန်းကျင်ကို ပေးသွင်း နိုင်ရန် အခက်အခဲ ရှိကြောင်း ဗဟန်းမြို့နယ်တွင် နေထိုင်သော ဒေါ်ဝင်းမွန်စိုးက ဆိုသည်။
“ကျမတို့ လင်မယား နှစ်ယောက် လုပ်စာတောင် လေးသိန်းဝန်းကျင်လောက်ပဲ ရှိတာ။ ပြီးတော့ အိမ်ငှားစရိတ်နဲ့ စားစရိတ် တွေ ဖယ်လိုက်ရင် ဘာမှ မကျန်တော့ဘူး။ အာမခံ ပေးသွင်းဖို့ ဆိုတာ မလွယ်ပါဘူး”ဟု ၎င်းက ပြောဆိုသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၏ လူဦရေ ၅၄ သန်းကျော်၌ အသက် အာမခံ ဝန်ဆောင်မှု ထားရှိသူမှာ ၂ သန်းခန့်သာ ရှိနေ သေးကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံမှ သိရသည်။
အစိုးရ အနေဖြင့်လည်း ပြည်တွင်း အသက် အာမခံ ဈေးကွက် ပိုမို ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံခြား အာမခံ ကုမ္ပဏီ ၅ ခု ဧပြီလ ၅ ရက်တွင် စတင် ခွင့်ပြုပေးခဲ့သည်။