သတင်း

မြောက်ဦး ရဲတပ်ရင်း ၁ ရင်း နှင့် တပ်မတော် ယာယီ တပ်စခန်း ၁ ခုကို AA ဝင်တိုက်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်းက လုံထိန်း ရဲတပ်ရင်း တရင်း နှင့် တပ်မတော် ယာယီ တပ်စခန်း တခုကို ရက္ခိုင့် တပ်တော် (AA) က ဝင်ရောက် တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှု ရှိကြောင်း သတင်း ရရှိသည်။

တိုက်ခိုက်ခံရသည့် စခန်းများမှာ မြောက်ဦးမြို့နယ် ကိုးသောင်းဘုရား အနီးရှိ လုံထိန်း ရဲတပ်ရင်းနှင့် လေညှင်းတောင် ရွာ နှင့် ဆင်အိုးရွာ ကြားက တပ်မတော်က ယာယီစခန်း ချထားသော တပ်စခန်း တခုတို့ ဖြစ်ပြီး ဧပြီလ ၉ ရက်နေ့ ည အချိန်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက“ကျနော်တို့ ပြည်သူတွေ မတရား ဒုက္ခပေးနေတဲ့ အဓိက လက်နက်ကြီး ပစ်နေတဲ့ စခန်း ၂ ခုကို ဝင်ရောက် ရှင်းလင်းခဲ့ပါတယ်။ နှစ်ခုလုံးကို ရှင်းလင်းပြီးသွားပါပြီး။ ရန်သူ့ဘက်က အကျဆုံးများတယ်။ သိမ်းဆည်းရမိ တဲ့ လက်နက်တွေကတော့ တော်တော်များတယ်။ နောက်မှ ထုတ်ပြန်ပေးမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း တိုက်ပွဲအတွင်း တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများ ရှိပြီး လက်နက် ခဲယမ်းမီးကျောက် အများအပြားကို သိမ်းဆည်းရမိသည့်အပြင် သုဉ့်ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း ဦးခိုင်သုခက ဆက်လက် ပြောကြားသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း မြောက်ဦးမြို့နယ် အတွင်းက ရဲ တပ်ရင်း တခုကို ယမန့်နေည ၁၀ နာရီကျော်လောက်က စတင်ပြီး AA အဖွဲ့က အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အတွက် အရာရှိ နှင့် စစ်သည်တချို့ ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ရဲတပ်ရင်း တရင်းကို မနေ့ည ၁၀ နာရီလောက်ကနေ စပြီးတော့ ရဲတပ်ရင်းရဲ့ အနောက် ဘက် အိမ်ထောင်သည် လိုင်းခန်းနောက်ကနေ စပြီး ဝိုင်းပစ်တယ်။ ကျနော်တို့ဆီကနေ ပြန်ခုခံပြီး ပစ်တယ်။ မနက် ၅ နာရီ ကျော်လောက်မှာတော့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်ကို ပြန်ဆုတ်သွားတယ်။ ကျနော်တို့ဆီက ရဲ တပ်ဖွဲ့ ဝင် အရာရှိနဲ့ တပ်ဖွဲ့ဝင် တချို့ ကျဆုံးတာ ရှိတာကိုတော့ အတည်ပြုလို့ရတယ်”ဟု ဧရာဝတီကို ပြောပြသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိတချို့ အပါအဝင် တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုများ ရှိသည်ကို အတည်ပြု နိုင်သော်လည်း အိမ်ထောင်သည် မိသားစုဝင်တချို့ ဖမ်းဆီးခံမှုကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောသည်။

ထို့ပြင် လေညှင်းတောင်နှင့် ဆင်အိုးရွာ အနီးက ယာယီ တပ်စခန်းတခုကို ဝင်တိုက်သည် ဆိုခြင်းကိုလည်း အတည် မပြု နိုင်သေးကြောင်း၊ လက်ရှိ အချိန်တွင် နောက်ဆုတ်သွားသော AA တပ်ဖွဲ့ဝင်များကို တပ်မတော်က နယ်မြေ ရှင်း လင်းရေးများ လုပ်ဆောင် နေကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောဆိုသည်။

ထို ယာယီ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် AA ဘက်က ကျဆုံးသူမရှိကြောင်း ဦးခိုင်သုခ က ဆိုသည်။

ဦးခိုင်သုခက ဆက်လက်၍ တပ်မတော်ဘက်က စစ်ကူလာသည့် တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး လက် ရှိ အချိန်အထိ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ပြောသည်။

မြောက်ဦးမြို့နယ် အတွင်းက ဒေသခံ ပြည်သူများကလည်း ယမန်နေ့ည ၁၀ နာရီကျော် အချိန် ကတည်းက မြောက်ဦး ၏ အရှေ့မြောက်ဘက် လေညှင်းတောင်ရွာ အနီးဝန်းကျင်တို့တွင် လက်နက်ကြီး၊ လက်နက် ငယ်ပစ်ခတ်သံများကို တညလုံး ကြားခဲ့ရကြောင်း ပြောဆိုကြသည်။

မြောက်ဦး မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က“မနေ့ညက ၁၀ နာရီကျော်လောက် က တည်းက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို ညလုံးပေါက်ပဲ ကြားနေတယ်။ မနားတမ်းကို ကြားရတာ” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ နံနက် ၅ နာရီ မိနှစ် ၂၀ အချိန်တွင်လည်း အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် လေညှင်းတောင် ကျေးရွာ အနီးတွင် ဖိုက်တာ ဂျက်လေယဉ် ၂ စီး အပါအဝင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်နေသည်ကို မြင်တွေ့ ရကြောင်း  ဦးကျော်ကျော်က ဆက်လက် ပြောကြားသည်။

လေညှင်းတောင် ကျေးရွာအနီးတွင် ယင်းသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်သည့် အတွက် ရွာသားများ ပိုင် ငှက်ပျော စိုက်ခင်းများသို့ ဗုံးဆန်များ ကျ၍ ပျက်စီးမှုများ ရှိကြောင်းလည်း ကျေးရွာသားများက ပြောဆိုသည်။

နှစ်ဘက် တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ် ချောင်းသစ် ကျေးရွာမှ အမျိုးသမီးတဦးနှင့် ၎င်း၏ ၂ နှစ်အရွယ် ကလေး တဦး လက်နက်ကြီး အစထိမှန်သော ဒဏ်ရာ ရရှိသဖြင့် လက်ရှိအချိန်တွင် စစ်တွေ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် လိုက်ကြောင်း သိရသည်။

တိုက်ပွဲများ ပြင်းထန်နေသောကြောင့် လက်ရှိအချိန်တွင် မြောက်ဦးမြို့ခံများက စိုးရိမ်မှုများ ရှိနေသည့် အတွက် ဈေးဆိုင် ခန်းများကို ပိတ်ထားကြပြီး လမ်မထက်ပေါ်တွင် ရှိသည့် နေအိမ်များလည်း ခြံတံခါးများ ပိတ်ထား ကြသည် ဟုလည်း ဆိုသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading