အမေရိကန်နှင့် မြောက်ကိုရီးယား အကြား ဆွေးနွေးခဲ့သည့် ဟနွိုင်းဆွေးနွေးပွဲ နှင့် ပတ်သက်၍ မည်သည့် သဘောတူညီ ချက်မျှ မရခဲ့သည့် နောက် တင်းမာနေသော အခြေအနေနှင့် ပတ်သက်၍ မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီ အစည်းအဝေးတရပ်ကို ခေါ်ယူရန် ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက ညွှန်ကြားလိုက်သည်။
ထို တင်းမာနေသော အခြေအနေနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အစိုးရမီဒီယာ (KCNA)က သတင်း ထုတ်လွှင့်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက မည်သည့်သဘောတူညီချက်မှ ထွက်ပေါ်ခြင်းမရှိသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဟနွိုင်းထိပ်သီးအစည်းအဝေးအပြီး ယခုကဲ့သို့ ဗဟိုကော်မတီအစည်းအဝေး ခေါ်ယူလိုက်ခြင်းဖြစ်သည်။ တချိန်တည်းမှာပင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ကလည်း အမေရိကန်ခေါင်းဆောင်နှင့် ဆွေးနွေးရန် ဝါရှင်တန်သို့ လေကြောင်းဖြင့် ထွက်ခွာသွားခဲ့သည်။
သို့သော် မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA) က ထုတ်လွှင့်ပြသရာတွင် ခေါင်းဆောင် ကြီး ကင်ဂျုံအန်းသည် ပြုံယမ်း၏ စီးပွားရေးဖွံ့ဖြိုးစေရန် ဆက်လက်တိုးမြှင့်လုပ်ဆောင်ရေးအတွက် အဓိကအာရုံစိုက်ကောင်းစိုက်နိုင်ကြောင်း ဆိုသည်။
အဆင့်မြင့်အရာရှိများနှင့် ကျင်းပသည့်အင်္ဂါနေ့အစည်းအဝေးတွင် တင်းမာသည့်အခြေအနေ အောက် တွင် တော်လှန်ရေးနှင့် တည်ဆောက်ရေး ဦးစီးဦးဆောင်များအနေဖြင့် သင့်တင့် လျောက်ပတ်သည့် ရပ်တည်ချက်မျိုး ပြသကြရန်၊ ပါတီ၏ မဟာဗျူဟာ လမ်းစဉ်သစ်ကို လိုက်နာကြရန် ကင်ဂျုံအန်းက အမိန့်ပေးခဲ့ကြောင်း KCNA က သတင်းဖော်ပြသည်။
ပြီးခဲ့သည့်လက ကင်မ်သည် အာဏာရပါတီ၏ မဟာဗျူဟာ လမ်းစဉ်သစ်ကို ချမှတ်ကြေညာခဲ့ပြီး ယင်းလမ်းစဉ်သစ်အရ ဆိုရှယ်လစ် စီးပွားရေး တည်ဆောက်ရန်နှင့် နျူကလီးယားဖွံ့ဖြိုးရေး အပြီးသတ်လုပ်ဆောင်ရန် ဖြစ်သည်။
ပါတီတွင်း၊ နိုင်ငံတွင်း ကြန့်ကြာနေသည့် အရေးတကြီး ရလဒ်များ ထွက်ပေါ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကင်ဂျုံအန်းက ထဲထဲဝင်ဝင် သုံးသပ်ခဲ့ကြောင်း KCNA သတင်းက ဆိုသည်။
ယနေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် တော်လှန်ရေး အခြေအနေ၏ လိုအပ်ချက်နှင့် အတူ ရုန်းကန် ကြိုးပမ်း ရမည့် နည်းလမ်းများနှင့် ဦးတည်ချက် အသစ်ကို ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း ယင်းသတင်း၌ ထပ်လောင်းရေးသားထားသည်။
မနက်ဖြန် ကြာသပတေးနေ့တွင် ကျင်းပမည့် မြောက်ကိုရီးယား၏ ပြယုဂ်သာဖြစ်သည့် လွှတ်တော် အဖွင့်အတွက် အဆိုပါ ထိပ်တန်းအစည်းအဝေးကို ဦးတည်ထားသည်။
ယမန်နှစ် ဇွန်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့သည် စင်ကာပူ နိုင်ငံတွင် ပထမဆုံး သမိုင်းဝင် ထိပ်သီးချင်း တွေ့ဆုံနိုင်ခဲ့ပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးအတွက် ဝိုးတဝါး သဘောတူညီချက်ကို မြောက်ကိုရီးယား ခေါင်းဆောင်က လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှု၌ နှစ်ဖက် သဘောတူညီချက် တရပ်ရရှိရေး ပျက်ပြားသွားခဲ့ပြီး အနာဂတ် ကျယ်ပြန့်သည့် လုပ်ငန်းစဉ်အပေါ် ဆန့်ကျင်လာသည့် အစီအမံများဖြင့် ပြုံယမ်း၏ နျူးကလီးယား အစီအစဉ်ကို အလဲအလှယ်ပြုရမည့်အနေအထားကြောင့် ထိပ်သီးတွေ့ဆုံမှုရလဒ်မှာ ရှေ့မတိုးဘဲ ရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် တွေဆုံမှု၌ နှစ်ဖက်လုံး နောက်ထပ်တွေ့ဆုံဆွေးနွေးကြရန် စိတ်အားထက်သန်ခဲ့ ကြပြီး သမ္မတ ထရမ့်က ၎င်း၏ဆွေးနွေးဖက်ဖြစ်သည့် မြောက်ကိုရီးယားနှင့် ကောင်းမွန်သည့်ဆက်ဆံ ရေးကို ထိန်းသိမ်းထားပါကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သည်။
သို့သော် ဟနွိုင်းထိပ်သီးတွေ့ဆုံမှုအပြီး မရှေးမနှောင်းမှာပင် မြောက်ကိုရီးယား၏ ဆိုဟေးဒုံးကျည် စခန်းတွင် တိုးပွားလာ သည့်လှုပ်ရှားမှု အကြောင်း ဂြိုဟ်တုပုံရိပ်များ ရရှိခဲ့ကာ နျူကလီးယားပိုင်ရှင် နိုင်ငံအနေဖြင့် တာဝေးပစ်ဒုံးကျည် (သို့မဟုတ်) အာကာသထဲပစ်လွှတ်ရန် ပြင်ဆင်နေပြီလားဆိုသည့် နိုင်ငံတကာသတိပေးမှုများ ထွက်ပေါ်လာစေခဲ့ ပြန်သည်။
ပြုံယမ်း ထိပ်တန်း သံတမန်တဦးက ယခင်လက သတင်းထောက်များနှင့်တွေ့ဆုံရာ၌ မြောက်ကိုရီးယားသည် အမေရိကန်နှင့်ဆွေးနွေးနေသည့် နျူးကလီးယားကိစ္စကို ဆိုင်းငံ့ထားရန် အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။