သတင်း

ညွှန်ချုပ်၊ ဒုညွှန်ချုပ်နှင့် ညွန်ကြားရေးမှူး သုံးဦးကို အဂတိမှုဖြင့် အရေးယူ

Want create site? Find Free WordPress Themes and plugins.

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူး ၃ ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ထို ၅ ဦးမှာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး) နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂိုလ် ၅ ဦးနှင့် ပတ်သက်၍ အဂတိတရားများအား သိရှိနိုင်ပါရန်နှင့် စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြား ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ထိုပုဂ္ဂိုလ် ၅ ဦး တို့သည် ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်များမှ ခွဲဝေချထား ပေးသည့် လုပ်ငန်းရန်ပုံငွေများအား ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ဖော်ပြထားသည်။

စစ်ဆေးပေါ်ပေါက်ချက် အရ ၎င်းတို့သည် ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်များမှ ခွဲဝေချထားပေးသည့် လုပ်ငန်း ရန်ပုံငွေများကို သုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းမှ ရုံးချုပ်သို့ ပံ့ပိုးငွေအဖြစ် ၂၀၁၄ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးတို့မှ ငွေကျပ် ၂၃၇၆၉၇၇၈၀.၂၂ ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးတို့မှ ငွေကျပ် ၈၈၉၇၆၂၁၅.၆၄ ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးတို့မှ ငွေကျပ် (၁၂၉၅) သိန်းကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် အတွင်းက တိုင်းဒေသကြီးရုံးတို့မှ ငွေကျပ် (၈၁၀) သိန်းကို လည်းကောင်း လွှဲပြောင်းပေးပို့စေခြင်းဖြင့် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့မ ရဲစခန်းတွင် ၁၀-၄-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading