သတင်း

ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မြောက်ပိုင်း ၊ မြောက်ဦးမြို့နယ် စစ်ဆင်ရေးအတွင်း ဖမ်းဆီးသွားသည့် ရဲတပ်ဖွဲ့ဝင် မိသားစုဝင်များကို ပြန်အပ်နှံပေးမည်ဟု ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည် ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ” ကျနော် အခုလည်း ညွန်ကြားချက် ပေးထားပါတယ်။ ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီး ကလေးတွေကို အရမ်းလန့်သွားစေမယ့် ပုံစံမျိုး မဖြစ်ပါစေနဲ့။ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါ။ အခြေအနေ နည်းနည်းကြည့်ပြီးတာနဲ့ ကောင်းကောင်းမွန်မွန် ပြန်အပ်ပေးမယ်” ဟု ပြောသည် ။

ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် မိသားစုများကို အခြေအနေအရ အစိုးရအဖွဲ့ သို့မဟုတ် ရခိုင်အမျိုးသမီးအဖွဲ့အစည်း တခုခုမှ တဆင့် ပြန်အပ်နှံပေးမည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

AA အထူးတပ်ဖွဲ့ဝင်များသည် ဧပြီ ၉ ရက် ညပိုင်းက မြောက်ဦးမြို့ရှိ အမှတ် ၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ် နှင့် လေညှင်းတောင် အနီးရှိ ယာယီတပ်စခန်း တို့ကို ဧပြီ ၁၀ ရက် မနက် ၅ နာရီခန့် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားရင်း ပြန်ဆုတ်ခွာရာတွင် ရဲတပ်ဖွဲဝင် မိသားစုများကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ” ယောက်ျားလေးတွေ မိန်းကလေးတွေ ကလေးတွေလည်း ပါတယ်။ ကလေးတွေက ဖမ်းလာတာတော့ မဟုတ်ဘူး။ ကျနော်တို့ ဆုတ်လာတဲ့ အချိန် ကြားမှာထားခဲ့ရင် သူတို့ သေသွားနိုင်တယ်။ အရမ်း ပစ်ခတ်မှုတွေ များနေတယ်။ လေယာဉ်ပေါ်က ဗုံးချတော့လည်း စခန်းပေါ် တည့်တည့်ကို ချတာ။ ကျနော်တို့ ကယ်ထုတ်လာတဲ့ သဘောပါ” ဟု ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် AA က မြောက်ဦးမြို့၊ အမှတ် ၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ်ကို ဝင်တိုက်စဉ် တိုက်ပွဲနှင့် မသက်ဆိုင်ဘဲ မိသားစုဝင်ကို သတ်ဖြတ်ပြီး ရဲတပ်ဖွဲ့များ၏ မိသားစုဝင် ၇ ဦး ကို ဖမ်းဆီးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

AA တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် သူများမှာ ဒုရဲအုပ်သဲဇော်အောင်၏ ဇနီးနှင့် သမီး ၊ ဒုရဲအုပ် အောင်ကိုကိုမြင့်၏ မိခင် ၊ ဇနီး ၊ သမီး နှင့် သား ၊ ရဲတပ်သား စည်သူစိုး၏ ဇနီး တို့ ဖြစ်သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဓာတ်ပုံများနှင့် တကွ သတင်း ထုတ်ပြန်ထားသည် ။
ကလေး ၃ ဦးမှာ ၁ နှစ်၊ ၃ နှစ် နှင့် ၆ နှစ်အရွယ် များ ဖြစ်သည် ။

AAသည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် အမျိုးသမီးများ ၊ ကလေးငယ်များကို ဖမ်းသည်မှာ အကြမ်းဖက်လုပ်ရပ်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မြောက်ဦးမြို့နယ်တွင်း စစ်ရေးတင်းမာမှုများ ကြားတွင် AA တပ်ဖွဲ့များ ရှိသည့်နေရာများကို အမှတ် ၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ် နှင့် လေညှင်းတောင်ရွာအနီး ယာယီတပ်စခန်း တို့က အမြှောက်များဖြင့် ပစ်ခတ်နေသည်မှာ ရက် ၂၀ ကျော်ရှိပြီ ဖြစ်သဖြင့် ဝင်ရောက်စီးနင်း ရခြင်း ဖြစ်သည်ဟု ပြောသည်။

အမှတ် ၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ်နှင့် လေညှင်းတောင်ရွာအနီး ယာယီတပ်စခန်းတို့ရှိ လက်နက်ကြီးများကို ဖျက်ဆီးရန် စစ်ရေးရည်မှန်းချက်ဖြင့် တိုက်ခိုက်သော်လည်း မအောင်မြင်ပဲ စခန်းအထိနာစေရန်သာ တိုက်နိုင်ပြီး လက်နက်ခဲယမ်းများ သိမ်းလာခဲ့သည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ” ၁၂၀ မမ နှစ်လက်ကို ချပြီး အဲ့ကနေ ဘယ်အချိန်တွေ ပစ်နေလည်းဆိုတာ ကျနော်တို့မှာ သက်သေတွေရှိပါတယ်။ ဒါကအကြောင်းမဲ့ လုပ်တာ မဟုတ်ပါဘူး။ ရဲနဲ့ ပတ်သတ်ပြီး သူတို့က တဖက်ကနေ ကျနော်တို့ကို အကြမ်းဖက်သမားဆိုတာမျိုး လိုင်းတင်ချင်လို့ ထုတ်ပြောနေတာ ဖြစ်တယ်။ ရဲစခန်းထဲကနေ လက်နက်ကြီးပစ်တာ ဘယ်သူ့အမှားလဲ ဆိုတာ ပြည်သူလူထု ဆုံးဖြတ်ပေါ့ဗျာ။ ဘလိုင်းကြီး စွပ်စွဲတာ မကောင်းပါဘူး” ဟု ပြောသည်။

AA ၏ တိုကိခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦး၏ ဇနီး ကျည်ထိ သေဆုံးခဲ့သည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း AA ၏ တိုက်ခိုက်မှုကြောင့် တပ်မတော်မှ အရာရှိနှင့် စစ်သည်များ ကျဆုံးသွားသည်ဟု ပြောသည် ။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “ကျနော်တို့ဆီက ရဲတပ်ဖွဲ့ဝင် အရာရှိနဲ့ တပ်ဖွဲ့ဝင် တချို့ ကျဆုံး တာကိုတော့ အတည်ပြုလို့ ရပါတယ်” ဟု ပြောသည် ။

AA တပ်ဖွဲ့ဝင်များ ပြန်ဆုတ်သွားပြီးနောက် တပ်မတော်ဘက်မှ ဂျက်ဖိုက်တာ ၃ စင်းက ဗုံးကျဲတိုက်ခိုက်သည် ဟုလည်း AA ဘက်မှ ပြောသည် ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် တပ်မတော်စစ်ကြောင်းများ AA ကို လိုက်လံ တိုက်ခိုက်ရာ ဧပြီ ၁၀ ရက် နေ့လည်ပိုင်းတွင် AA တပ်ဖွဲ့ဝင် ၂၃ ဦးကို ဖမ်းမိသည်ဟု ရေးသားထားသည် ။
အဆိုပါ ၂၃ ဦးသည် ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမပေါ်ရှိ လက္ကာကျေးရွာတွင် အရပ်သား ဟန်ဆောင်နေသည်ကို စစ်ဆေးကာ ဖမ်းမိ ခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းမိသည့် ၂၃ ဦးထဲမှ ဦးဆောင်သူမှာ ဦးသိန်းထွန်းစိန် ဖြစ်ပြီး ဖမ်းမိသူများ၏ ဓာတ်ပုံများကို အစိုးရ၏ နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြသွားမည်ဟုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည် ။

Did you find apk for android? You can find new Free Android Games and apps.
Loading