အမုန်းစကား မပြန့်ပွားရေးနှင့် လုံခြုံရေး အတွက် မိုဘိုင်းလ်ဖုန်း အော်ပရေတာ တခုလျှင် ဆင်းကတ် အများဆုံး နှစ်ကတ် သာ သုံးရန် ကန့်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး (ပို့/ဆက်) ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် က ပြောသည်။
နေပြည်တော်ရှိ Hilton ဟိုတယ်တွင် မတ်လ ၉ ရက်က ပြုလုပ်သော အူရီဒူး မြန်မာ၏ “ပညာရေးနှင့် လူမှုရေး တိုးတက်စေ ရန် တမိနစ် ပြောတိုင်း တကျပ် လှူဒါန်းသည့် ပညာပြည့်ဝ လူမှုဘဝ အစီအစဉ်” အောင်မြင်ခြင်း အထိမ်းအမှတ် အခမ်း အနား တွင် မီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။
ဖုန်းသုံးစွဲသူများသည် ဖုန်းဆင်းကတ်ကို မှတ်ပုံတင်၍ အသုံးပြုသင့်ကြောင်း၊ ကိုယ် မှတ်ပုံတင်ထားသော ဆင်းကတ်ကို လည်း တခြားသူများသို့ လွှဲပြောင်း ရောင်းချခြင်းများကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်လာ နိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ဦးသန့်စင်မောင် က“ဥပမာ အမုန်းစကားတွေ၊ မှားယွင်းတဲ့ စကားတွေ လူ့ပတ်ဝန်းကျင်ကို အပြစ်ဖြစ်စေတဲ့ စကားတွေ၊ ကိုယ်မသိဘဲ သူများက ကိုယ့်အစား ပြောသွားတာတွေ ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကိုလည်း ထိခိုက်နိုင်တာပေါ့။ ဒါကြောင့် ကျနော်တို့က Cyber Security ကို ဦးစားပေးတာ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် MPT, Mytel, Telenor, Ooredoo စသည့် အော်ပရေတာ လေးခု ရှိသည့် အတွက် အော်ပရေတာ တခုလျှင် ဆင်းကတ် ၂ ခုဖြင့် လူတဦး အများဆုံး ဆင်းကတ် ၈ ခု ကိုင်ဆောင်နိုင်သည့် အခြေအနေ ဖြစ်၍ လွတ်လပ်စွာ အသုံးပြုခွင့် ပေးထားကြောင်း၊ မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း မရှိဘဲ အသုံးပြုမှုများကြောင့် တဦးချင်း၏ လုံခြုံရေး အပြင် နိုင်ငံ လုံခြုံ ရေးကိုလည်း ထိခိုက်နိုင်၍ စနစ်တကျ မှတ်ပုံတင် အသုံးပြု စေလို ကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းကတ်များကို အသုံးပြုကာ မသိနားမလည်သူများထံ မိုဘိုင်းဖုန်း အသုံးပြု၍ ကံစမ်းမဲပေါက်သည် ဟုဆိုကာ ငွေကြိုသွင်းရန် လိမ်လည်ခြင်း၊ ဝန်ကြီးဌာနမှ ဆုချီးမြှင့်မည် ဟုဆိုကာ ငွေလိမ် လည်ခြင်းများ ရှိနေသည်။
ထို့ပြင် စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိဘဲ ဈေးကွက်တွင်းမှ လွယ်ကူစွာ ရရှိနေသော ဆင်းကတ်များကို အသုံးပြု၍ လူမှုကွန်ရက်တွင် အဖွဲ့အစည်း တခုနှင့် တခုကြား သို့မဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ကို ဦးတည်၍ အမုန်းစကား ဖြန့်ဝေခြင်း၊ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းများ ရှိနေကြောင်း ပြည်သူ့ လွှတ်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေဖူးဗဆွေ က ပြောသည်။
၎င်းက ဆက်လက်၍ “ဖေ့စ်ဘုတ်မှာ ရေးတာတွေ၊ အမုန်းစကား ပြောတာလည်း ရှိတယ်။ လမ်းဘေးမှာ လွယ်လွယ် ဝယ် တယ်။ လူတယောက်ကို ခြိမ်းခြောက်၊ ဆဲပြီးတော့ ဆင်းကတ်ကို ပစ်လိုက်။ ဒါတွေကို လိုက် ဖမ်းလို့လည်း မရဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ မှတ်ပုံတင်ထားတာ မဟုတ်တော့လေ”ဟု ပြောဆိုသည်။
ပျဉ်းမနားမြို့မှ ကျောင်းဆရာ ဦးကျော်သူရက သာမန် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေဖြင့် တဦးလျှင် ဆင်း ကတ် ၂ ခု အသုံးပြုရလျှင် လုံလောက်သည့် အခြေအနေ ဖြစ်ကြောင်း ပြောသည်။
“ကျနော်ဆို အော်ပရေတာ နှစ်ခုက တကတ်စီ သုံးတယ်။ အဲဒီလောက်ဆို အဆင်ပြေပါတယ်။ အခု အနေ အထားက ဖုန်းတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး ပိုင်းပေါ့။ လူတွေ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေးလေး ရရင် တော်ပါပြီ။ ဆင်းကတ် နည်းတာ၊ များတာက ပြဿနာ သိပ်မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
နိုင်ငံသား စိစစ်ရေး ကတ်ပြား တခုနှင့် ဆင်းကတ် အမြောက်အများ မှတ်ပုံတင်၍ အခြားသူများကို တဆင့် ပြန် လည် ရောင်းချခြင်း၊ တခြားသူများ မှတ်ပုံတင်ထားသော ဆင်းကတ်များကို ဈေးကွက်တွင် အလွယ်တကူ ရရှိ နေခြင်းကြောင့် အစိုးရ အနေဖြင့် မိုဘိုင်းဖုန်းနှင့် ပတ်သက်ပြီး လုံခြုံရေးကို အကာအကွယ် ပေးရန် အခက်အခဲ များ ဖြစ်ပေါ်နေသည့် အတွက် သုံးစွဲသူများက စနစ်တကျ မှတ်ပုံတင်ပေးရန် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာနက ကြေညာထားသည်။
ထို့အတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား၊ ကျောင်းသား ကတ်၊ ယာဉ်မောင်း လိုင်စင်ကတ်၊ နိုင်ငံကူး လက်မှတ် စသည်တို့ အသုံးပြုကာ အော်ပရေတာ တခုထံမှ အများဆုံး ဆင်းကတ် ၂ ခုသာ မှတ်ပုံတင်၍ ဝယ်ယူစေခြင်းကို ဧပြီလ ၁ ရက်မှ စတင် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းတွင် အော်ပရေတာ တခုလျှင် ဆင်းကတ် ၂ ခုထက် ပိုမို မှတ်ပုံတင်ထားလျှင် ယင်းဆင်း ကတ်များကို ပိတ်သိမ်းသွားမည် ဖြစ်၍ သုံးစွဲသူများက စနစ်တကျ မှတ်ပုံတင်ခြင်းဖြင့် ပူးပေါင်း ပါဝင်ပေးရန်လည်း အဆိုပါ ဝန်ကြီး ဌာနက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ် အင်တာနက် အမြန်နှုန်း ၅၅ Gigabyte per second ရှိရာမှ ၂၀၁၉ခုနှစ်တွင် ၆၀၀ Gigabyte per second ခန့်ရှိလာ၍ အင်တာနက် အမြန်နှုန်း ၁၂ ဆခန့် တိုးလာကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား ချက် အရ သိရသည်။