သတင်း

အိန္ဒိယရွေးကောက်ပွဲအစ မိုဒီက အံ့အားသင့်ဖွယ် ရေပန်းစားနေ

အိန္ဒိယနိုင်ငံ သမိုင်းတလျှောက် အကြီးမားဆုံးဖြစ်သည့် ရွေးကောက်ပွဲကို ကြာသပတေးနေ့က စတင် ခဲ့ရာ တောင်အာရှ၏ သန်းပေါင်း ၉၀၀ မျှရှိသောမဲဆန္ဒရှင်များထံမှ ဝန်ကြီးချုပ်နရိန္ဒရာမိုဒီအတွက် ဒုတိယမြောက်သက်တမ်း ထမ်းဆောင်နိုင်ရန် အားသွန်ခွန်စိုက်လှုပ်ရှားလျက်ရှိနေသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် မိုဒီအတွက် မဲဆန္ဒများမှာ ရေပန်းစားနေသော်လည်း သူရင်ဆိုင်နေရ သည့် စိန်ခေါ်မှုက တခုတည်းတော့မဟုတ်။

သို့သော် အလုပ်အကိုင်အခွင့်အလမ်းနှင့် ကျေးလက် ဆင်းရဲမွဲတေမှု နှစ်ခုတို့ အပေါ် မိုဒီ၏ ကိုင်တွယ် မှု မှတ်တမ်းများက နေရူး-ဂန္ဒီ မျိုးဆက်နှစ်ဆက် အိန္ဒိယသမိုင်းစဉ် အတွက် စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ကျယ်ပြန့်လှသော နယ်မြေ အပိုင်းအခြားများကြောင့် ရွေးကောက်ပွဲကို အဆင့် ၇ ဆင့် ဖြင့် ကျင်းပရမည် ဖြစ်ပြီး ဒါဂျီလင်မြို့ တဝိုက် လက်ဖက်စိုက်ခင်းများ မှသည် မွမ်ဘိုင်း ကျူးကျော် ရပ်ကွက်များဆီအထိ အပူပိုင်း ကပ္ပလီ ကျွန်းစုသို့တိုင် နေရာတိုင်း အကြားအလပ်မရှိ ပါဝင်သည်။

ယနေ့ မဲပေးမှု မြင်ကွင်း

နှစ်ရှည်လများ အကြမ်းဖက် ဖြစ်ပွားခဲ့ရသည့် ဒဏ်ကြောင့် ရွေးကောက်ပွဲ ကာလ အတွင်း လုံခြုံရေး တပ်ဖွဲ့များကို အထူး တပ်လှန့် နှိုးဆော်ထားရသည်။ ယခု သီတင်းပတ် အတွင်း၌ပင် မော်ဝါဒီ သူပုန် များ လက်ချက်ဟု သံသယရှိသော ချုံခို တိုက်ခိုက်မှု တခုကြောင့် ဒေသဆိုင်ရာ လွှတ်တော်အမတ်တဦး အပါအဝင် လူ ၅ ဦးသေဆုံးခဲ့ရသေးသည်။

နိုင်ငံ တဝန်း လူဦးရေ ၁ဒဿမ ၃သန်း အတွက် မဲဆန္ဒနယ် ၅၄၃ နယ်တွင် ပါတီများနှင့် ကိုယ်စား လှယ်လောင်းများ ထောင်နှင့် ချီ၍ ယနေ့မှ မေလ ၁၉ ရက် အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မေလ ၂၃ ရက်တိုင်အောင် မဲရလဒ် ထွက်ရှိရေးမှာ လတ်တလော မသေချာသေးပေ။

အီလက်ထရောနစ် မဲပေးစက် ၁ဒဿမ၁ သန်းကို တရုတ်နယ်စပ်ရှိ မဲဆန္ဒရှင် တဦးသာ ရှိသည့် ရွာသိမ် ရွာငယ်အပါအဝင် ကျေးလက်တောရွာများနှင့် တောင်ပေါ်ဒေသများအထိ ပို့ဆောင်ရမည် ဖြစ်သည်။

ယနေ့ ရွေးကောက်ပွဲ ပထမဆင့်တွင် လိင်ပြောင်းထားသူ မဲဆန္ဒရှင် ၇၇၆၄ ဦးအပါအဝင် လူ ၁၄၂ သန်းမဲပေးခဲ့ကြသည်ကို မြင်တွေ့ခဲ့ကြရသည်။

အိန္ဒိယ တနိုင်ငံလုံးရှိ မဲပေးမှုကို ပြသသည့် မြေပုံ

လိင်ပြောင်းထားသူများ အတွက် ရွေးကောက်ပွဲ မဲစာရင်းပေါက်ရန် အရည်အချင်းပြည့်မီကြောင်း ပထမဆုံးအကြိမ် အသိ အမှတ်ပြုခြင်း ဖြစ်ပြီး ၎င်းတို့လည်း လျှို့ဝှက်မဲပေးခွင့် ရကြသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ မဲရုံများကို ဒေသ စံတော်ချိန် နံနက် ၇ နာရီတွင် ပထမဆုံး စတင် ဖွင့်လှစ် မည် ဖြစ်ပြီး အခြား နေရာများရှိ မဲရုံများကို နံနက် ၈ နာရီ ဆက်တိုက်ဖွင့်လှစ်သွားရန် စီစဉ်ထား သည်။

မဲစပေးကြပြီး မရှေးမနှောင်းမှာပင် မိုဒီက လူမှုကွန်ရက် တွီတာပေါ်တွင် “မဲဆန္ဒနယ်အသီးသီးက မဲပေးသူတွေကို ကျနော် တိုက်တွန်း ချင်တာကတော့ စံချိန်ချိုးအောင် ဒီနေ့အတွက် ပထမ အဆင့်မဲ ပေးကြပါလို့၊ ကိုယ်ရဲ့ မဲပေးပိုင်ခွင့်ကိုလည်း လက်တွေ့ ကျင့်သုံးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ရေးသားလွှင့်တင်သည်။

“အထူးသဖြင့် လူငယ်တွေကို ကျနော် တိုက်တွန်းချင်ပါတယ်။ ပထမဆုံး အကြိမ် မဲပေးဖူးတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ အရေအတွက် များများ မဲလာပေးကြပါလို့” ဟု မိုဒီက ဆိုထားသည်။

Loading