လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ရှေ့မတိုးနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မည်သူ့ကိုမျှ အပြစ်မတင်ကြောင်း အစိုးရ၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ နေပြည် တော်တွင် ပြောသည်။
၎င်းက“နိုင်ငံတော် အစိုးရ အနေနဲ့ NRPC ဥက္ကဋ္ဌ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ ဘယ်သူ့ကိုမှ အပြစ် မတင် ပါဘူး။ ကျနော်တို့ အားလုံးဟာ ငြိမ်းချမ်းရေး ခရီးကို အတူ လျှောက်လှမ်းနေကြတဲ့ တလှေတည်းစီး တခရီးတည်း သွား နေကြသူတွေလို့ပဲ ခံယူပါတယ်”ဟု ဆိုသည်။
ယနေ့ နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် အစိုး ရနှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးအပြီး ထုတ်ပြန် ကြေညာချက်တချို့ကို ကောက်ယူရာတွင် ကောက် ချက် အမျိုးမျိုး၊ ဘာသာပြန်ချက် အမျိုးမျိုးနှင့် သက်ဆိုင်ရာ အဖွဲ့များကြား လိုရာဆွဲပြောဆိုမှုများ ပေါ်ပေါက်ခဲ့ရ ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ရပ်တည်ချက်များကို လှေနံဓားထစ် ဆုပ်ကိုင်ထားခြင်းမျိုး မဟုတ်ဘဲ အပေး အယူ အလျှော့အတင်းနှင့် စေ့စပ်ညှိနှိုင်းနိုင်သည့် အတိုင်းအတာ၊ လုပ်ပိုင်ခွင့်များ အပ်နှင်းလိုက်ရန် အရေးကြီး ကြောင်းလည်း ရှေ့နေချုပ်က ပြောသည်။
ဦးထွန်းထွန်းဦး က“ဘာလို့လဲ ဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အစု အဖွဲ့ တခုချင်းစီရဲ့လိုလားချက်ဟာ ၁၀၀ ရာနှုန်း အပြည့် ရနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အပြန်အလှန် နားလည်မှုနဲ့ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်နိုင်မှသာ စေ့စပ် ညှိနှိုင်းခြင်း အောင်မြင်မှာ ဖြစ်ပါတယ်”ဟု ဆက်လက် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၎င်းကိုယ်တိုင် ဦးစားပေး ဆောင်ရွက်ခဲ့သော်လည်း တိုင်းရင်းသား လက်နက် ကိုင်၂ ဖွဲ့သာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA) လက်မှတ် ရေးထိုးနိုင်သည်က လွဲ၍ သိသာ သည့် တိုးတက်မှုများ မရရှိခဲ့ပါ။
ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ NCA လက်မှတ် ရေးထိုးခဲ့ကြပြီး NLD အစိုးရ လက်ထက် မွန်ပြည်သစ် ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါ ရီလတွင် NCA လက်မှတ် ရေးထိုးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ကျင်းပပြီး ဖက်ဒရယ် အခြေခံမူများကို ချမှတ်နိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် 10 + 10 ဟု ခေါ်ဆို ကြသည် အစိုးရ၊ တပ်မတော်၊ အပစ်ရပ် အဖွဲ့များကြား ထိပ်သီး ဆွေးနွေးပွဲ အပြီးတွင် ပင်လုံ အစည်းအဝေးများ ယာယီ ရပ်ဆိုင်းထားခဲ့ရသည်။
ထို့ကြောင့် ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိသလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM)၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) စသည့် အစည်းအဝေးများလည်း ကျင်းပနိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းထားခဲ့ရသည်။
ယခုအခါ ရပ်နားထားရသည့် ထိုကဲ့သို့သော နိုင်ငံရေး အစည်းအဝေးများ တရားဝင် ပြန်လည် စတင် နိုင်ရန် အစိုးရ သည် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များကို တဖွဲ့ချင်း ဖြစ်စေ အလွတ်သဘော၊ တရားဝင် ဆွေးနွေးပွဲများ ပြုလုပ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အားထုတ်မှုတွင် ယခု KNU သည် ယခု နေပြည်တော်သို့ ရောက် ရှိနေရခြင်း၏ အကြောင်းရင်း တခု ဖြစ်သည်။
KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်လိုပြီး ၂ ဖက်ကြား အခက်အခဲများကို ဖြေရှင်းနိုင်ရေး ရည်ရွယ်ချက် ဖြင့် နေပြည်တော်သို့ လာရောက်ခြင်း ဖြစ်၍ လွတ်လပ် ပွင့်လင်းစွာ ပြောစေချင်ကြောင်း၊ လက်ရှိ အခြေအနေ မှာNCA ၏ ပေးထားချက်များကို မတူညီဘဲ အဓိပ္ပာယ်ဖွင့်ဆို အကောင်အထည်ဖော်သည့် အခါ အခက်အခဲတချို့ ရှိနေခြင်း ဖြစ် ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က ယနေ့ အစည်းအဝေးတွင် ပြောသည်။
“ဒီနေ့ အစည်းအဝေးမှာ တတိယ ပင်လုံ မစတင် ကတည်းက ကျနော်တို့ကြားထဲမှာ ရှိထားတဲ့ ကွာဟမှုတွေကို ဆွေး နွေးကြအောင် ဆိုတဲ့ အခြေခံ တခု အပေါ်မှာ မူတည်ပြီးတော့ ရှေ့ဆက် လုပ်ငန်းစဉ် တခုကို သွားနိုင်အောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ ကိစ္စမျိုးကိုလည်း တင်ပြလိုတယ်”ဟု ၎င်းက ဆိုသည်။
ပဒိုစောတာဒိုမူး က ဆက်၍“ဒီရေ၊ ဒီမြေ၊ ဒီချောင်းနဲ့ ဒီမြောင်းနဲ့ ဒီရေကို အတူတကွ သောက်သုံးပြီးတော့ ဒီပညာရေး စနစ်မှာပဲ ကြီးပြင်းလာပြီး ဥမကွဲ သိုက်မပျက် နေသွားကြမယ် ဆိုတဲ့ သံန္နိဌာန် အားလုံးမှာ ရှိသလို မတူညီကြတဲ့ နက် ရှိုင်းတဲ့ ကွာဟချက်တွေကိုလည်း ကျနော်တို့ အကျေအလည် ဆွေးနွေး ညှိနှိုင်းပြီး သွားကြမယ် ဆိုရင် ဘယ်လို လုပ် ငန်းစဉ်နဲ့ ဘယ်လို အဆင့်အလိုက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သွားသင့်တယ် ဆိုတဲ့ အပိုင်းကိုလည်း ကျနော်တို့ တင် ပြမှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ယခု နိုင်ငံရေး ဆွေးနွေးပွဲများသည် ယခုမှ ပထမဆုံး ပေါ်ပေါက်လာသဖြင့် မည်သူမျှ အတွေ့အကြုံ မရှိကြောင်း၊ ထို့ ကြောင့် မကျေလည်မှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ကြရခြင်း ဖြစ်ကြောင်း၊ ယခု ကြုံတွေ့ရ မှုများကို အားလုံး၏ အခက်အ ခဲ၊ အားလုံး၏ စိန်ခေါ်မှုအဖြစ် ခံယူပြီး အတူတကွ ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရန် အစိုး ရ ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ယနေ့ အစည်းအဝေးတွင် တိုက်တွန်းသည်။
“အပြောင်းအလဲတွေ ဖန်တီးကြတဲ့ အခါမှာ ကြုံတွေ့ရလေ့ ရှိတဲ့ ခုခံမှုလို့ ရှုမြင်မြင်၊ အစုအဖွဲ့ တခုရဲ့ အခက်အခဲကို အားလုံးကနေ ဝိုင်းဝန်း ဖြေရှင်းပေးနိုင်ဖို့ ကြိုးစား အားထုတ်နိုင်ကြမှသာ နိုင်ငံရေး ဆွေးနွေးပွဲတွေက အောင်အောင် မြင်မြင် ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ တရားဝင် ဆွေးနွေးပွဲတွေကို အမြန်ဆုံးပဲ စတင် ချင်ပါ တယ်။ ဒီလို စတင်နိုင်ဖို့ ရှိနေတဲ့ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းဖို့ ပူးပေါင်း ဖြေရှင်းဖို့လည်း အသင့်ရှိနေတယ် ဆို တာကို အလေးအနက် ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။
ထို့ုပြင် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်တိုင်း ဒေသ ၅ခုတွင် တပ်မတော်က အပစ်ရပ်ကာလ ၄လ အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဆက်လက်၍ သက်တမ်း ကာလ ထပ်မံ မတိုးမြှင့်တော့သည့် အပေါ် အစိုးရ အနေဖြင့် ဝင်ရောက် ပြောဆိုရန် မရှိကြောင်း သမ္မတရုံးက ပြောဆိုထားသည်။
စစ်တိုင်း ဒေသ ၅ ခု၌ စစ်ရေး ဆောင်ရွက်မှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှ ဧပြီလအထိ လေးတာတာ ရပ် ဆိုင်းကြောင်း တပ်မတော်က ကြေညာထားပြီး၊ အဆိုပါ အပစ်ရပ်ကာလသည် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက် ရန် အတွက် လုံလောက်ပြီ ဖြစ်ကြောင်း မတ်လ ၂၅ရက်က တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ် စိုးနိုင် ဦးက ပြောကြားထားသည်။
ထို့အတူ ဧပြီလ အတွင်း၌ ကချင် လွတ်လပ်ရေး တပ်မတော်(KIA/KIO) နှင့်လည်း အစိုးရ၊ တပ်မတော်တို့ သြင်္ကန် ကာလ မတိုင်မီ တကြိမ်နှင့် သြင်္ကန်ကာလ နောက်ပိုင်းတွင် တကြိမ် တွေ့ဆုံရန် အစိုးရက စီစဉ်ထားသော်လည်း သြင်္ကန် မတိုင်မီ အထိ မတွေ့ဖြစ်သေးပါ။
ထို့အပြင် တိုက်ပွဲများကြောင့် စစ်ဘေး ရှောင်နေရသည့် ကျောက်မဲ၊ သီပေါ ဒေသမှ စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး၊ တပ်နေရာ ချထားရေး တပ်မတော်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။