သတင်း

ဖမ်းဆီးခံထားရသည့် NSCN-K မှ ခေါင်းဆောင် ၅ ဦး ပြန်လွတ်လာ

Want create site? Find Free WordPress Themes and plugins.

ဖမ်းဆီး ထိန်းသိမ်းခံထားရသော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ္ပလန် (NSCN-K) မှ အဖွဲ့ဝင် ၁၆ ဦး အနက် ဝန်ကြီးအဆင့် ခေါင်းဆောင် (၅) ဦးကို ပြန်လွတ်ပေးလိုက်ပြီး ဖြစ်ကြောင်း NSCN-K နှင့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန်းနိုင်တို့က ဧရာဝတီသို့ ပြော သည်။

NSCN-K မှ ခေါင်းဆောင် ၁၀ ဦးနှင့် အောက်ခြေတပ်ဖွဲ့ဝင် ၆ ဦးတို့သည် ခန္တီးခရိုင် ရဲတပ်ဖွဲ့ရုံးနှင့် ခန္တီးရှိ တပ်နယ်ရိပ်သာ တို့၌ ခွဲ၍ ထိန်းသိမ်းခံထားရပြီးနောက် တပ်နယ်ရိပ်သာတွင် ထိန်းသိမ်းခံထားရသူ ခေါင်းဆောင် ၅ ဦးအား ဧပြီ ၅ ရက်နေ့မှာ အဖွဲ့အစည်းအတွင်း ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားမှု မရှိဟုဆိုကာ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။

တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန်းနိုင် က “ဟုတ်ပါတယ်၊ NSCN-K အဖွဲ့ဝင် တော့ မှန်တယ်၊ သို့သော် NSCN-K အဖွဲ့နဲ့ပတ်သက်ပြီးတော့ ကင်းကွာတယ်လို့ ပြောရမှာပေါ့ လက်ရှိ စိစစ်ချက် အရပေါ့။ အဲဒါကြောင့် သူတို့ ၅ ဦးကို ကျနော်တို့ပြန်လွှတ်လိုက်ပါတယ်၊ ကျန်တဲ့ ၅ ဦးကတော့ ၁၇ (၁) နဲ့ပဲ ဆွဲထားပြီးတော့ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်”ဟု ပြောသည်။

ဧပြီ ၅ ရက်က ပြန်လွှတ်လာသူများမှာ ဦးငိုင့်တွမ်း၊ ဦးမန်လွှမ်း၊ ဦးလောင်စ၊ ဦးထွမ့်၊ ဦးတွန်ထောင်း တို့ဖြစ် ကြောင်း NSCN-K ၏ ခန္တီးဆက်ဆံရေးရုံးမှ ရုံးအဖွဲ့ဝင် ကိုနေဆန်းက ပြောသည်။

အဆိုပါ ပုဂ္ဂိုလ်များသည် NSCN-K အတွင်းတွင် ဝန်ကြီးအဆင့် တာဝန်ယူထားပြီးသူများလည်း ဖြစ်ကြောင်း အမည်မဖော်လိုသူ NSCN-K မှ သတင်းရင်းမြစ်တဦးက ဆိုသည်။

၎င်းက “၅ ဦးကတော့ ဟုတ်တယ်၊ ပြန်လွှတ်ပြီးတော့ သူ့ရွာ ကိုယ့်ရွာ ပြန်ခိုင်းလိုက်ပြီး သူတို့ကလည်း ဝန်ကြီး အဆင့် တွေ ပါဘဲ၊ ပညာရေးဝန်ကြီးတို့ ဘာတို့ပေါ့၊ သူတို့က တပ်နယ်ရိပ်သာထဲမှာ ထိန်းသိမ်းခံထားရတဲ့ သူတွေ၊ ကျန်တဲ့ ဦးကျော်ဝမ်းစိန်တို့က ခန္တီးအချုပ်ထဲမှာ အခုထိရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ခန္တီးခရိုင်ရဲတပ်ဖွဲ့ရုံးမှာ အမှုဖွင့် ဖမ်းဆီး ခံထား ရသူများမှာ သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တောရေးရာဝန်ကြီး ဦးအန့်ကန်၊ ပြည်ထဲရေးဝန်ကြီး ဦးအောင်မိုင်း၊ NSCN-K အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အောင်စိုင်းနှင့် ဦးစောထိန်တို့ဖြစ်ကြောင်း ခန္တီးခရိုင်ရဲတပ်ဖွဲ့ရုံး မှ ဆိုသည်။

ခန္တီးခရိုင်ရဲတပ်ဖွဲ့ရုံး က “အခု ကျနော်တို့ အချုပ်ခန်းထဲမှာ ရှိတာ နာဂနဲ့ပတ်သက်တဲ့လူ ၅ ဦးရှိတယ်၊ ကသည်း-အာသံနဲ့ ပတ်သက်တဲ့ လူက ၂၉ ဦးရှိတယ်၊ တခြား လူတွေကတော့ ကျနော်တို့ဆီမှာ မရှိဘူး၊ အခု လွှတ်လိုက် တယ်ပြောတဲ့လူက ကျနော်တို့ဆီမှာ မရှိဘူး၊ တပ်က ခေါ်ထားတဲ့လူတွေဖြစ်ရင်တော့ မပြောတတ်ဘူး”ဟု ပြော သည်။

NSCN-K နှင့် နီးစပ်သူ အမည်မဖော်လိုသူ တဦးက “၂၀ ကျော် မဟုတ်ဘူး၊ အားလုံး အောက်လက်ငယ်သား ၆ ယောက်နဲ့ အခု လူကြီးပိုင်း ၁၀ ယောက်၊ ၁၀ ယောက်ထဲမှာ ၅ ယောက်က အချုပ်ထဲမှာ ၅ ယောက်က လွှတ်လိုက်ပြီ။ ကျန်တဲ့ ၆ ယောက်ကတော့ တပ်အချုပ်ထဲမှာ ရှိသေး တယ်၊ သူတို့ပြောတဲ့ အများကြီး ဆိုတာတော့ မဟုတ်ပါဘူး၊ ထင်ယောင် ထင်မှားနဲ့ မဏိပူရ် ကသည်းတွေ ဖမ်းလာတာတော့ ၂၀ လောက် ရှိတယ်၊ အဲဒါတွေကို ရောပြီး ပြောတာဖြစ်လိမ့်မယ်” ဟု ပြောသည်။

အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာသည် NSCN-K က အိန္ဒိယအစိုးရကို တိုက် ခိုက်နေသည့် အာသံနှင့်ကသည်း သူပုန်များအား ခိုအောင်းခွင့်ပြုထားသည်ဟု သတင်းရရှိသည့်အတွက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က နယ်မြေရှင်းလင်းရေးလုပ်ကာ NSCN-K ၏ ဗဟိုဌာနချုပ် တကားစခန်းအား ထိန်းချုပ်လိုက်သည်။

ထို့နောက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က NSCN-K အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖြင့် တိုင်းဒေသကြီးအဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း၊ အိန္ဒိယသူပုန်များကို ခိုအောင်း ခွင့် ပြုထားကြောင်း စသည့် အခြေအနေများကြောင့် တကားစခန်းကို နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရခြင်းဖြစ် ကြောင်းနှင့် လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ပြီးနောက် မတ်လ ၂၆ ရက်နေ့ နောက်ပိုင်းတွင် NSCN-K က ခေါင်းဆောင် ၁၀ ဦးနှင့် အောက် ခြေ တပ်ဖွဲ့ဝင် ၆ ဦးတို့ကို တပ်မတော်က တရားလို လုပ်ကာ ခန္တီးခရိုင်ရဲတပ်ဖွဲ့မှာ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် အ ရေးယူခဲ့မှု ပေါ်ပေါက်လာခဲ့သည်။

NSCN-K သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှင့် ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်က တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ်ထိုးထားသည့် နာဂလက်နက်ကိုင်ဖြစ်ပြီး အစိုးရ-တပ်မတော် ဘက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ကမ်းလှမ်းထား မှုလည်းရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading