ရန်ကုန် ဒု မြို့တော်ဝန် အပေါ် သဘောထား အမြင်များ
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်က ပြုလုပ်ခဲ့ပြီး မြို့တော် ဗဟို ကော်မတီဝင် ၆ ဦး အပါအဝင် ကော်မတီဝင် စုစုပေါင်း ၁၀၅ ဦးကို ရွေးချယ်ခဲ့သည်။ ထိုကဲ့သို့ ရွေးချယ်ခဲ့ပြီး နောက်တွင် ဗဟို ကော်မတီဝင် ၆ ဦးမှ ၁ ဦးကို ဒု မြို့တော်ဝန် အဖြစ် ၂၀၁၈ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ ရွေးချယ်ခဲ့သည်။
ရန်ကုန်မြို့တော်၏ ဒု မြို့တော်ဝန် အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဦးစိုးလွင်ကို ဧပြီ ၈ ရက်က ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ဒု မြို့တော်ဝန် တာဝန် ထမ်းဆောင်ရမည့် ဦးစိုးလွင် အပေါ် သဘောထား အမြင်များကို ဧရာဝတီ သတင်းဌာနက သတင်း ထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မသဉ္ဇာရွှန်းလဲ့ရည်
ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး လှုပ်ရှား ဆောင်ရွက်မှု ကော်မတီ
၁၁ ဦး လုံးကလည်း NLD တပါတီတည်းကပဲ၊ အစိုးရ အဖွဲ့ဝင်တွေကလည်း ပါတီအဖွ့ဲဝင်တွေ ဖြစ်နေကြတော့ မြို့တော် ဝန် ဘယ်သူ ဖြစ်ဖြစ် ဒါက စိတ်လှုပ်ရှားဖို့ မကောင်းတော့ဘူး။ မြို့တော်ဝန်က လက်ရှိအခြေအနေမှာ မြို့တော်ဝန် ရာထူး ယူ ထားပေမယ့်လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တာဝန်ခံနေရတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ခိုင်းသမျှကို ပြန်လုပ်ရတယ် ဆိုတဲ့ အပိုင်း ကဏ္ဍတွေ ရှိနေတဲ့ အခါမှာ ဒီကော်မတီမှာ လူထုရဲ့ စိတ်ချယုံကြည်မှုနဲ့ ယုံကြည် ကိုးစားမှုကို မတွေ့ရဘူး။ ဒီအတွက်ကြောင့်မို့ မဲပေးမှု ရာခိုင်နှုန်း အားနည်းတယ်။ လက်ရှိ တာဝန်ယူထားတဲ့ လူတွေက ပြည်သူကို ကိုယ်စားပြုတယ်လို့ အလုံးစုံ ပြောလို့ မရဘူး။
မြို့တော်ဝန်က အစိုးရကို တာဝန်ခံလိမ့်မယ်။ သူ ကိုယ်တိုင်က အစိုးရ တင်မြှောက်ခြင်းကို ခံထားရတဲ့ အတွက်ပေါ့။ ဒါပေမယ့် မဲဆန္ဒနယ် ၆ ခုက တက်လာမယ့် ၆ ဦးသည် ပြည်သူကို တာဝန်ခံရပါမယ်။ ဘာလို့လဲဆိုတော့ ပြည်သူ ကိုယ်တိုင်က အချိန် ပေး ပြီးတော့ ရွေးကောက်ပွဲကို ငွေကြေးပေါင်း မြောက်များစွာ အကုန်အကျခံပြီးတော့ ကျင်းပခဲ့တာ ဖြစ်တဲ့ အတွက် ပြည်သူ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ အစိုးရ ကိုယ်စားလှယ် မဟုတ်ပါဘူး။
ပြည်သူ့ ကိုယ်စားလှယ် ဖြစ်တဲ့ အတွက် ပြည်သူကို ကိုယ်စားပြုပြီးတော့ အစိုးရကို တာဝန်ခံရမယ် ဆိုတဲ့ စကားရပ်မျိုး ပြောင်းလဲ ထည့်သွင်းဖို့ ကျမတို့ အကြံပြုခဲ့တယ်။ ဒါပေမယ့် အဲဒါမျိုး မပေါ်လာခဲ့ဘူး။
အခု ဒုမြို့တော်ဝန် ဆိုရင်လည်း ကျမတို့ ကိုယ်စားလှယ်ပါ။ ပြည်သူကို ကိုယ်စားပြုပြီးတော့ ပြည်သူ မကြိုက်ဘူး ဆိုရင် အစိုးရ ဘယ်လောက်ခိုင်းခိုင်း မြို့ တော်ဝန်က ဘယ်လောက် ခိုင်းခိုင်း ငြင်းဆန်ပိုင်ခွင့် ရှိရမယ်။ ပြည်သူနဲ့ ဆွေးနွေးပြီး ပြည်သူတွေ မကြိုက်တာကို မလုပ် ပိုင်ခွင့် ရှိရမယ်။
လုပ်ပိုင်ခွင့်တွေက တော်တော်များများ ဖြည့်စွက်ဖို့ လိုအပ်ပါသေးတယ်။ များသောအားဖြင့် မြို့တော်ဝန်ကို တာဝန်ခံရမယ်၊ မြို့တော်ဝန်ခိုင်းတာ လုပ်ရမယ်။ မြို့တော်ဝန် ကိုယ်စား တာဝန်ယူ ဆောင်ရွက်ရမယ်။ မြို့တော်ဝန်ကို အကြံပြု တင်ပြပိုင် ခွင့် ရှိတယ် ဆိုတာ မြင်ရပါတယ်။ တကယ့် မြေပြင်အခြေအနေမှာတော့ ဘယ်လောက်ပဲ အကြံပြုနိုင်မလဲ ဆိုတဲ့ အပိုင်း ကတော့ အခု အချိန်မှာ တပါတီတည်းကပဲ ဖြစ်သွားတဲ့ အတွက်ကြောင့် မို့လို့ မျှော်လင့်ချက်တော့ အများကြီး မရှိဘူး။ အစိုးရ တရပ်ရဲ့ မောင်းနှင်မှု အတိုင်းပဲ သွားမယ့် ကော်မတီ ဖြစ်လာမယ်လို့ပဲ ထင်ပါတယ်။
ပြည်သူတွေက Check and Balance မလုပ်နိုင်ဘူး ဆိုရင်တော့ ပြည်သူ့ ကိုယ်စားပြု မဖြစ်နိုင်ပါဘူး။ ပြည်သူတွေ ကိုယ် တိုင်က ကိုယ်တင်ထားတဲ့ သူကို ပြန်ဖြုတ်ချပိုင်ခွင့်နဲ့ ပြစ်တင် ဝေဖန်ပိုင်ခွင့်ကို တရားဝင် မပြဋ္ဌာန်းထားဘူး ဆိုရင်တော့ ကော်မတီဝင်တွေက အစိုးရ ဝန်ထမ်း သီးသန့်သာလျှင် ဖြစ်သွားမယ်လို့ ထင်တယ်။

ကိုသီဟသွေး
နိုင်ငံရေး ဆောင်းပါးရှင်
အခုလိုမျိုး NLD ကလူတွေပဲ နိုင်သွားတဲ့ အတွက်ကြောင့်မို့လို့ မြို့တော် စည်ပင်သာယာရေး အဖွဲ့အစည်းမှာ ထပ်ပြီးတော့ မျှော်လင့်စရာ အများကြီး မရှိဘူးလို့လည်း သုံးသပ်ထားပြီးသား။ ဘာဖြစ်လို့လဲ ဆိုတော့ နဂိုကတည်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ရှိပြီးသား ကော်မတီဝင်တွေကလည်း NLD က ရွေးချယ်ထားတဲ့ သူတွေ ချည်းပဲ။ NLD က ရွေးချယ်ထားတဲ့ ကော်မတီဝင်တွေနဲ့ နောက်ထပ် NLD ကရွေးချယ်ထားတဲ့ သူတွေ ထပ်ရောက်လာတဲ့ ကိစ္စက သိပ်ပြီး ထူးထူးခြားခြားတော့ အောက်ခြေ လုပ်ငန်းတွေမှာ ပေါ်ထွက်လာဖို့တော့ မရှိဘူး။
ပြည်သူလူထု တရပ်လုံး အနေနဲ့ ကြည့်မယ် ဆိုရင် ဒုမြို့တော်ဝန်က ဘယ်သူဖြစ်လာနိုင်လဲ ဆိုပြီးတော့ စိတ်ဝင်တစား ဖြစ် ရမယ့် ရွေးကောက်ပွဲနဲ့ ရွေးချယ်မှု ဖြစ်ရမှာ။ အဲဒီလို မဖြစ်ဘူး ဆိုတာကို တွေ့ရှိရတယ်။ ဒုမြို့တော်ဝန် ဆိုတာလည်း ဘွား ခနဲ ပေါ်လာပြီး ပထမဆုံး အကြိမ် သိခွင့် ရလိုက်တယ်။ NLD က ဖြစ်တယ် ဆိုတာတော့ သိပြီးသားပဲ။
သို့သော် ဒီလူဟာ ဘယ်လိုလူမျိုးလဲ ဘယ်လို အစွမ်းအစ ရှိသလဲ တာဝန်ထမ်းဆောင်မယ့် ဒုမြို့တော်ဝန် ဆိုတာနဲ့ ဘယ် လောက် လိုက်ဖက် ညီသလဲ။ သူသည် အားကိုးလောက်တဲ့ ဒုမြို့တော်ဝန် တယောက်၊ ရန်ကုန်မြို့သူ မြို့သားတွေ အတွက် တစုံတရာ မျှော်လင့်ရမယ့် လူတယောက် ဖြစ် မဖြစ် ဆိုတာက လူထု ရင်ထဲမှာ ရောက်မလာဘူး။ စိတ်ဝင်စားမှု ကိုလည်း မဖမ်းစားနိုင်တဲ့ အနေအထား တွေ့ရတယ်။
နောက်တချက်က ၆၅ နှစ် ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ NLD ကရွေးချယ်လိုက်တိုင်းမှာ အသက်ကြီးသူတွေ ဖြစ်နေတာကို သတိထားမိတယ်။ မြို့ Level တခုမှာတောင် လူငယ်တွေကို အခုချိန်ထိ နေရာမပေးနိုင်သေးဘူး။ လူကြီးတွေကိုပဲ နေရာ ပေးနေတယ် ဆိုတာ ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲ ကနေ တွေ့ရှိခံစားရတဲ့ အချက်ပေါ့။
ရွေးကောက်ပွဲပြီးတော့ ထူးထူးခြားခြား တွေ့တာက တသီးပုဂ္ဂလတွေက NLD ကို နိုင်အောင် မဲ မရသော်လည်းပဲ တချို့ သော လူငယ် တသီးပုဂ္ဂလတွေက မဲတော်တော်များများ ရတာ တွေ့ရတယ်။ ဒါဟာ မဲလာပေးတဲ့ လူတွေထဲမှာ တဝက် သာသာ လောက် မဲဆန္ဒရှင်တွေက လူငယ်တွေကို ရွေးတယ် အရည်အချင်းကို ကြည့်ပြီးတော့ မျှော်လင့်ချက် ထားတယ် ဆိုတဲ့ အရိပ် လက္ခဏာကို တွေ့ရတယ်။ အဲဒီ အမြတ်ကလေး တခုတော့ ထွက်သွားတယ်။
အခု ဒုမြို့တော်ဝန် ကလည်း လူထုကြားထဲမှာပဲ သွားလာနေတဲ့လူတွေ ဖြစ်တယ်။ ဆိုတော့ ရန်ကုန် မြို့တော် စည်ပင် သာယာ ရေးကို စီမံခန့်ခွဲမှု အပိုင်းမှာတော့ အောက်ခြေ ပြည်သူလူထုရဲ့ ဒုက္ခတွေ သာမန် အရပ်သားတွေဘက်ကနေ စဉ်းစားတဲ့ မတူ တဲ့ ရှုထောင့်ပေါ့။ အရင်တုန်းကလို အပေါ်ကနေ ကြည့်နေမယ့် အမြင်မျိုး မဟုတ်ဘဲနဲ့ အောက်ခြေကနေ ကြည့်တဲ့ အမြင်မျိုး ပေါင်းစပ်ပြီးတော့ Management ကတော့ အကောင်းဘက်ကို သွားနိုင်ပါတယ်။
ဒါပေမယ့် လက်ရှိ မြို့တော်ဝန် ကိုယ်တိုင်က ရန်ကုန်တိုင်း ဝန်ကြီးချုပ်နောက်ကို တကောက်ကောက် လိုက်နေရပြီးတော့ ကိုယ့်အလုပ်တောင် ကိုယ် မလုပ်နိုင်တဲ့ အနေအထားမျိုး မြင်ခဲ့ရတော့ မြို့တော်ဝန်တောင်မှ သူစွမ်းသလောက် မလုပ် နိုင်တဲ့ အနေအထားပေါ့။ ရန်ကုန်မှာက အခု ဒုမြို့တော်ဝန် ထပ် ရောက်လာတဲ့ ကိစ္စက သိပ်ပြီးတော့ ရင်မခုန်လောက် ဘူးဗျ။ ဒါပေမယ့် ကျနော်တို့ ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်။
ကျနော်တို့ ဒီစကားတွေ ပြောနေရတာက တနည်းတဖုံ သူ့ကို(ဒုမြို့တော်ဝန်) တွန်းအားပေးနေတာပေါ့။ လူတွေက သူ့ကို မျှော်လင့်ချက် နည်းတယ်၊ မယုံကြည်သလို ဖြစ်တယ်။ ကျနော်တို့ဆီက ပြောနေတဲ့ စကားတွေကြားရင် သူကြိုးစားမယ်။ လူထု အသံတွေကို နားထောင်ပြီး သူစွမ်းသလောက် ဟိုဘက်မှာ လုပ်မယ်။ ဟိုဘက်မှာလည်း သူ့အနေနဲ့ အများကြီး အခက်အခဲတွေ ရှိမယ်။
မြို့တော်ဝန် အပါအဝင် ဝန်ကြီးချုပ်ကိုလည်း ကျော်ဖြတ်ရမယ်။ သူ တယောက်တည်းလည်း လုပ်ချင်တာလုပ်လို့ မရဘူး။ လူထုက အခုလိုမျိုး စိတ်ပျက်နေမယ့် အချိန်မှာ လုပ်ပြနိုင်တာကို အားမွေးပြီးတော့ လုပ်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အဲဒီလိုမျိုးပဲ လုပ်မယ်လို့ မျှော်လင့်တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ အရင်ပုဂ္ဂိုလ်တွေ အရင်စနစ်တွေကို မကြိုက်ကြဘူး ဆိုတာ ဒီသဘောပဲ။ လုပ်ပိုင်ခွင့် အာဏာ ထဲကို ရောက်သွားပြီး လုပ်ပိုင်ခွင့်မှာ ယစ်မူးပြီးတော့ ပြည်သူ လူထုကို မေ့သွားတာမျိုး ကျနော်တို့ မကြိုက်ဘူး ဆိုတာ သူတို့လည်း သိတာပဲ။ အဲဒီတော့ အများထင်ထား သလို မဟုတ်ဘူး ဆိုတာကို သူပြမယ်လို့ စိတ်ကူးရသွားရင် တော့၂ နှစ် အတွင်းမှာ သူအများကြီး လုပ်နိုင်လိမ့်မယ်၊ လူထုကို ကျေနပ်သွားအောင် အံ့သြသွားအောင် လုပ်နိုင်လိမ့် မယ်လို့ ထင်ပါ တယ်။

ဒေါ်ညိုညိုသင်း
ရန်ကုန် စောင့်ကြည့် အဖွဲ့ တည်ထောင်သူ
ကြိုဆိုပါတယ်။ ဒါပေမယ့် ထုံးစံ အတိုင်း ပြောစရာက အများကြီး ရှိလာတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ ရွေး ကောက် တင်မြှောက်ရခြင်း ရည်ရွယ်ချက်က မြို့တော်ဝန်တွေ၊ ဝန်ကြီးချုပ်တွေ ထင်ရာ စိုင်းလို့ မရအောင်၊ လူထုက ထိန်း ကျောင်းနိုင်အောင် ရည်ရွယ်ချက်နဲ့ တင်မြှောက်ခဲ့တာ။ အခု ဒုမြို့တော်ဝန်က NLD ပါတီကပဲ ဆိုတော့ ထိန်းကျောင်းနိုင် မှုအား တအား နည်းမယ်လို့ ယူဆတယ်။ တပါတီတည်း ဖြစ်တဲ့ အတွက် ထိန်းကျောင်းတဲ့ နေရာမှာ အခက်အခဲတွေ ရှိ လာနိုင်တယ်။
ကျမတို့ မျှော်လင့်တာက ပွင့်လင်းမြင်သာမှု ပိုင်းမှာတော့ ပိုပြီး မျှော်လင့်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရန်ကုန်တိုင်းမှာ စည်ပင် သာယာရေး ကော်မတီက ကြီးကြပ်တဲ့ ပွင့်လင်း မြင်သာမှု မရှိတဲ့ စီမံကိန်းတွေက အများကြီး ရှိနေတယ်။ ဒီ ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လူကြီးပိုင်းထဲမှာ မြို့တော်ဝန်ကို ဖယ်လိုက်ပြီး ကော်မတီကို ကြည့်လိုက်ရင် ဒု မြို့တော်ဝန်ဟာ အာဏာ အရှိဆုံး ဖြစ်တယ်။ အဲဒီတော့ ဒု မြို့တော်ဝန်ကို ပွင့်လင်းမြင်သာမှု အပိုင်းမှာ အများကြီး မျှော် လင့်ထားတယ်။
ဦးသိန်းစိန် လက်ထက်မှာ ဦးခင်လှိုင်တို့ စည်ပင်ထဲ ရောက်သွားတဲ့ အခါ ကျမတို့ မသိနိုင်တဲ့ကိစ္စတွေကို ဦးခင်လှိုင်က ပြည်သူ လူထုကို ထုတ်ဖော် ပြောဆိုခြင်းဖြင့် အများကြီး သိလာရတယ်။ အဲဒီအခါမှာ လွှတ်တော် ကိုယ်စားလှယ်တွေ ဘက် ကလည်း အစိုးရကို အများကြီး ဖိအားပေးနိုင်ခဲ့တယ်။ ဒါကြောင့်လည်း မြကျွန်းသာ စီမံကိန်းလို ကိစ္စတွေကို ဦးခင်လှိုင်က သဘောမတူဘူး လို့ မီဒီယာတွေကို ဖွင့်ဟတဲ့ အခါ ကျမတို့ လွှတ်တော် ကိုယ်စားလှယ်ဘက်က ကြိုးပမ်း နိုင်ခဲ့တယ်။
လွှတ်တော်နဲ့ ရွေးကောက်ခံ ကော်မတီဝင်တွေ ကြားမှာ ဟန်ချက် ညီညီနဲ့ အလုပ်လုပ်ခဲ့တယ်။ အဲဒီလိုမျိုး ဒီဘက်မှာ ဖြစ်ဖို့ ခဲယဉ်းသွားပြီ။ ဘာကြောင့်လဲ ဆိုတော့ တပါတီတည်းက ဖြစ်လို့။ ဒါပေမယ့် ခုနက ပြောသလို ဒု မြို့တော်ဝန် အနေနဲ့က အများတကာထက် ပွင့်လင်းမြင်သာဖို့ လိုတယ်။ တည့်တည့်ပြောရင် မြို့တော်ဝန်ထက် ပိုပြီး ပွင့်လင်းမြင်သာဖို့ ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ မြို့တော်ဝန်က ခန့်အပ်တဲ့ ပုဂ္ဂိုလ် ဒု မြို့တော်ဝန်သည် ရွေးကောက်ခံ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက် ကြောင့် ပြည်သူကို ပွင့်လင်း မြင်သာမှု အပြည့်ပေးဖို့ တာဝန် ရှိတယ်။
ရန်ကုန်မြို့သူ မြို့သားတွေ ကိုယ်စား ဒု မြို့တော်ဝန် ဆီက မျှော်လင့်မိတာကတော့ ရန်ကုန်တိုင်း အတွင်းမှာ ရှိနေတဲ့ စည်ပင် သာယာရေး ကော်မတီနဲ့ သက်ဆိုင်တဲ့ စီမံကိန်းတွေကို ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ချပြစေချင်တယ်။ ပြည်သူ လူထုက စီမံကိန်းတွေ အကြောင်း သိလာပြီ ဆိုရင် ပြည်သူ လူထုရဲ့ အသံတွေ၊ အကြံဉာဏ်တွေ လွှတ်တော်က သိ လာမယ်။ အခုထိက အဲဒီဘက်ပိုင်းမှာ အားနည်းမှု ရှိနေတယ်။ အဲဒါကြောင့် ဒု မြို့တော်ဝန်ကြီးကို ပွင့်လင်းမြင်သာပေးပါ လို့ တောင်းဆိုချင်တယ်။
ရန်ကုန်တိုင်းမှာ ဝန်ကြီးချုပ်က သူ့သဘောနဲ့ သူလုပ်တာတွေ အရမ်းများတယ်။ မြို့တော်ဝန်ဆီ ကတောင် ခဏခဏ ညည်း တွားသံတွေ ကြားနေရတာပဲ။ နောက်တခါ ဝန်ကြီးတွေ ဆိုရင်လည်း ဝန်ကြီးချုပ် လုပ်တာကို မသိတာတွေ ရှိတယ်လေ။ ရန်ကုန် စည်ပင်သာယာရေး လုပ်ငန်းမှာ ဝန်ကြီးချုပ်ရဲ့ သြဇာ လွှမ်းမိုးမှုတွေ အရမ်း များနေတယ်။ အဲဒါကြောင့် ဒု မြို့ တော်ဝန် အနေနဲ့ အခက်အခဲတွေ အများကြီး တွေ့နိုင်တယ်။ ဝန်ကြီးချုပ်က သူ့ ပါတီထဲမှာ အာဏာ ရှိတယ်။
အစိုးရထဲမှာလည်း ဝန်ကြီးချုပ် အနေနဲ့ အာဏာ ရှိတယ်။ အဲဒီတော့ ဒု မြို့တော်ဝန်ဆီက ကျမတို့ အများကြီးတော့ မျှော်လင့် လို့ မရဘူး။ ပြည်သူ လူထုက ရွေးကောက် တင်မြှောက်ပေမယ့် ပြည်သူ လူထုကို တာဝန်ခံပြီး အစိုးရကို ထိန်း ကျောင်းနိုင်မယ့် အင်အား ကတော့ မရှိသလောက် ရှားပါး ပါတယ်။

ဦးမျိုးမြင့်
စည်ပင် ရွေးကောက်ပွဲ အမှတ် (၄) မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ
ဘယ်လိုပဲ ရွေးရွေး ဒီထဲကပဲ ဆိုတော့ အားလုံးက တပါတီပဲ ဖြစ်နေတော့ သိပ်တော့ မထူးဘူး ထင်တယ်။ ကျနော် လူကို တော့ သေချာမသိတဲ့ အခါကျတော့ ကျန်တာတော့ မှတ်ချက် မပေးချင်ပါဘူး။ ပြည်သူက မဲပေးလိုက်တယ် ဆိုပေမယ့် လူဦးရေ နည်းနည်းလေးက ပေးလိုက်တာကိုး။ ၁၀ ရာခိုင်နှုန်းကျော်ပဲ ပေးလိုက်တာပေါ့။ ရာခိုင်နှုန်းများမှ ပြည်အားလုံး ပါ ဝင်တာပေါ့။ ပြည်သူတွေရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကပဲ ပေးတဲ့ အခါကျတော့ ပြည်သူတွေက ပေးတယ်လို့တောင် ပြောဖို့ နည်းနည်း ခက်တာပေါ့။
မဲပေးတဲ့ ၁၀ ရာခိုင်နှုန်းကျော်ကမှ သူတို့ ရတာက ရာခိုင်နှုန်း အပြည့် မဟုတ်သေးဘူးလေ။ တကယ်တမ်း ပြောရမယ် ဆို ရင် ပြည်သူ အားလုံးရဲ့ ဆန္ဒလည်း မဟုတ်ဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်သူအားလုံးက တခဲနက် အားပေး တယ်။ ပြည်သူတွေက အဲဒီအချိန်မှာ မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ပျက်သွားတဲ့ အခါမှာ ကျန်တဲ့ ပြည်သူတွေထဲမှာမှ ၁ အချက်က ပါတီဝင်တွေက မဖြစ်မနေ မဲပေးရတယ်။
၂ အချက် ပါတီ အလံကို သုံးတော့ ထိုက်သင့်တဲ့ ဒီပါတီကို ထောက်ခံ တဲ့ လူက ရှိနေသေးတဲ့ အတွက် ရွေးကောက်ပွဲ အနိုင်ရသွားတာပေါ့။ ပြည်သူလို့ ပြောရမယ့် အစား နည်းနည်းတော့ နည်းနေသေးတယ်ပေါ့။ ရန်ကုန်မြို့နေ ပြည်သူလူထု အားလုံးရဲ့ ဆန္ဒမဟုတ်ဘူး လို့တော့ ထင်တယ်။

ဒေါက်တာ မျိုးညွန့်
ဗဟို အလုပ်မှုဆောင် ကော်မတီဝင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ပြည်သူတွေ ကိုယ်တိုင် မိမိတို့ အကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လို့ မဲပေး ရွေးချယ် လိုက်တာပဲ။ ကျနော်တို့ ကလည်း အရည်အချင်း ပြည့်စုံတယ် ထင်လို့ ပါတီ အမည်ခံပြီး ရွေးချယ်ခွင့် ပေးလိုက်တာပါ။ ကျနော်တို့ကတော့ ယုံကြည် တယ်လို့ပဲ ပြောရမှာပေါ့။ အချိန်တိုတောင်းခြင်း မတိုတောင်းခြင်းက အရည်အချင်းနဲ့ မဆိုင်ပါဘူး။ အချိန်တို အတွင်းမှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရအောင် လုပ်ခဲ့တဲ့ သာဓကတွေလည်း အများကြီး ရှိပါတယ်။
ဒုမြို့တော်ဝန် တာဝန်ကို ဖန်တီးပြီး လုပ်လိုက်တဲ့ ရည်ရွယ်ချက် ကိုက မြို့တော်ဝန်မှာ တာဝန်တွေ ပိနေတယ်။ အဲဒီတော့ သူရဲ့လုပ်ငန်းတွေကို ကူညီ ဆောင်ရွက်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက် အဓိကပါ။ အဲဒီတော့ သူရဲ့လုပ်ငန်းတွေကို ဖြည့်ဆည်း ပေးနိုင်မယ်။ နောက် လုပ်နိုင်မယ့် အလုပ်တွေကိုလည်း ပိုပြီးတော့ လုပ်နိုင်လာမယ်လို့ မျှော်လင့်ရပါတယ်။
ကျနော်တို့ ပါတီ အနေနဲ့က ပြည်သူနဲ့ ပတ်သက်တဲ့ မူဝါဒတွေက ချထားပြီးပါပြီ။ မူဝါဒတွေနဲ့ အညီ ပြည်သူကို ဘယ်လို အကျိုးပြုမယ် ဆောင်ရွက်မယ် ဆိုတာက ဌာန ဆိုင်ရာ အခြေအနေကို ကြည့်ပြီးတော့ အကောင်းဆုံး လုပ်ဆောင်သွားရ မှာ။ ကျနော်တို့ ပုံသေ သတ်မှတ်ထားတာတော့ မရှိပါဘူး။ တကယ် လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ယုံကြည်လို့ လည်း တာဝန် ပေးအပ်ခဲ့တာပါ။

ဒေါက်တာ ကျော်စိုး
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်တိုင်း အတွင်းရေးမှူး
ဒုမြို့တော်ဝန် အပေါ် သုံးသပ် သဘောထားပေးရမယ် ဆိုရင်တော့ စောလွန်း အားကြီးပါတယ်။ ဒု မြို့တော်ဝန် ဖြစ်တာ လည်း ရက်ပိုင်းပဲ ရှိသေးတော့ သူ့ရဲ့ Ability နဲ့ Capacity ကလည်း မမြင်ရသေးတော့ သူ့အပေါ် သဘောထား အမြင် ပြောဖို့ဆိုရင် တော့ အများကြီး စောလွန်းပါသေးတယ်။
အစိုးရခန့်နဲ့ ပြည်သူ ရွေးချယ် တင်မြှောက်တာနဲ့ ၂ ပိုင်းရှိတာမှာ ဒီ ၆ ဦးထဲက ပြည်သူ့မျက်နှာကို ကြည့်မယ့်သူ ၁ ယောက် လောက် ပါရင် လုံလောက်ပါတယ်။ ဒီ ၁၁ ဦးလုံး ၁ ရောင်တည်း ဖြစ်သွားတာကတော့လည်း ပြည်သူတွေရဲ့ ရွေး ချယ်မှု လေ။ ဒါကတော့ ထူးထူးထွေထွေ ပြောစရာ မရှိပါဘူး။ ပြည်သူ့မျက်နှာ ကြည့်တဲ့သူတွေ ပါလာရင် ၁ ရောင်ထဲမို့လို့ အားလုံး လုပ်ချင် တာ လုပ်တယ်ဆိုတဲ့ ကိစ္စတော့ ဖြစ်မလာနိုင်ပါဘူး။ ပြည်သူ့ မျက်နှာ ကြည့်သင့်တယ်။ ဒီ ၆ ဦးက ပြည်သူက ရွေးချယ်ထား တာ ကိုး။
ဒုမြို့တော်ဝန်ကို အကြမ်းဖျင်း လေ့လာရရင် အင်ဂျင်နီယာ တယောက်လို့ သိရတယ်။ BE ကျောင်းဆင်း။ ကျနော်လည်း အင်ဂျင်နီယာ ဆိုတော့ ညီနောင်ချင်း ကျနော် ကြိုဆိုတယ်။ ကျနော်တို့ ပါတီတူသည် ဖြစ်စေ မတူသည်ဖြစ်စေ ကြိုဆို တယ်။ ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ မဆောင်ရွက်နိုင်ရင် အမိ ကျောင်းတော်ကြီး ဂုဏ်သိက္ခာ ကျသွား မယ်။
ဦးစိုးလွင်က ခွေးလေခွေးလွင့်တွေ ရှင်းလင်းမယ် ဆိုတော့။ ခွေးလေခွေးလွင့် ပြဿနာက ကြီးမားတယ်။ ရန်ကုန်မြို့မှာ နေတဲ့သူ အတော်များများက စေတနာ သဒ္ဓါတရားကလည်း များပြားတယ်လေ။ ဟင်းကျန် ထမင်းကျန်နဲ့ ခွေးလေးတွေ စောင့်ရှောက်တော့ ခွေးတွေက များတယ်။ ခွေးလေ ခွေးလွင့်တွေ ရှင်းဖို့ ထောက်ခံတယ်။ ဒါပေမယ့် အတော်ခက်မယ်။
၃၃ မြို့နယ်လုံး ရှင်းဖို့ လိုတယ်။ တကယ်တမ်း ရှင်းမယ် ဆိုရင်တော့ ပိုက် စိတ်တိုက်ပြီး တချိန်တည်း တပြိုင်တည်း လုပ်မှ ရလိမ့်မယ်။ ခွေးချစ်သူများ အဖွဲ့ကလည်း ရှိသေးတယ်။ အဲဒါက နိုင်ငံကြီး တနိုင်ငံရဲ့ သံအမတ်ကြီး ဇနီး ကိုယ်တိုင် ဦး ဆောင်ပြီး လုပ်နေတာ ဆိုတော့ အဲဒါတွေလည်း ထိပ်တိုက် တွေ့ဦးမယ်။ လုပ်ဖို့တော့ အတော် ခက်မယ်လို့ ယူဆတယ်။ ။