သတင်း

UWSA နှစ် ၃၀ ပြည့် အခမ်းအနားတွင် လက်နက်ခဲယမ်းများ ပြသဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သော “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ် ထိုးထားခြင်း နှစ်သုံးဆယ်ပြည့် အခမ်းအနားကို ခမ်းခမ်း နားနား ကျင်းပရန် ပြင်ဆင်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်ရှိ ဝမြို့တော် ပန်ဆန်းတွင် ဧပြီလ ၁၅ ရက်စတင်၍ ၄ ရက်ကြာ ကျင်းပမည့် အခမ်း အနားကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှ ထိပ်ပိုင်းခေါင်းဆောင်များအပြင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်နှင့် တရုတ်နယ်စပ် တလျှောက်ရှိ ယူနန်ပြည်နယ်မှ အရာရှိများ တက်ရောက်ကြမည်ဟု မျှော်မှန်းထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကိုလည်း ဖိတ်ကြားပြီးဖြစ်သည်ဟု ဆိုသည်။ အငြိမ်းစားယူသွားသော တပ်မတော်အရာရှိ အချို့ကိုလည်း အလားတူ ဖိတ်ကြားထားကြောင်း သိရသည်။ ၀ အကြီးအကဲ ဥက္ကဋ္ဌ ပေါက်ယူချမ်းကို ချီတက် အလေးပြုမည့် စစ်ရေးပြပွဲသို့ မီဒီယာများ စောင့်ကြည့်လေ့လာနိုင်ရန်လည်း ဖိတ်ကြားထားသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် လမ်းခွဲပြီးနောက် ထိုနှစ်မေလတွင် UWSA သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် UWSA ဟူ၍ စတင် တည်ထောင်ခဲ့သည်။

ထိုအချိန်မှစ၍ တပ်အင်အား ၃ သောင်းနှင့် အရံအင်အား ၁ သောင်းတို့ဖြင့် မြန်မာနိုင်ငံအတွင်း အကြီးဆုံးနှင့် အကောင်းဆုံး လက်နက်များ တပ်ဆင်ထားသော တိုင်းရင်းသား လက်ကိုင်အဖွဲ့ အဖြစ်သို့ UWSA ရောက်ရှိလာခဲ့ကြောင်း Myanmar Peace Monitor ၏ အဆိုအရသိရသည်။

ဧပြီလ ၁၇ ရက် စစ်ရေးပြပွဲအတွင်း UWSA သည် ၎င်း၏လက်နက် ခဲယမ်းများ ကိုင်ဆောင်လျက် စစ်စွမ်းရည်ပြသလိမ့်မည်ဟု မျှော်လင့်ရသည်။

Asia Times သတင်းဆောင်းပါး တပုဒ်၏အဆိုအရ  UWSA ၏လက်နက်ခဲယမ်းများတွင် ဗကပ ခေတ်က အခြေခံ စစ်လက်နက်ဖြစ်သည့် ပုံစံသစ်များဖြစ်သည့် စက်သေနတ် အကြီးစားနှင့် အသေးစားများ၊ ဒုံးပစ်လောင်ချာနှင့် မော်တာများ၊ recoilless rifles များ ပါဝင်ကြကြောင်း သိရသည်။

သို့ရာတွင် အခြားစနစ်များလည်း လုံးလုံးလျားလျား ပါဝင်ကြောင်း ဆောင်းပါးရှင် အန်သော်နီဒေးဗီစ်က မှတ်ချက်ချသည်။

UWSA တွင် ခေတ်ပေါ်တရုတ်ခြေလျင်တပ်သုံး စစ်လက်နက်များဖြစ်သည့် ၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းက ပြည်သူ့ လွတ်မြောက်ရေး တပ်တွင် သုံးခဲ့သော QBZ-95 ချေမှုန်းရေး ရိုင်ဖယ်များလည်း ပါဝင်သည်။ အဆိုပါ QBZ-95 ပုံစံသစ်သည် တရုတ် T-81 ချေမှုန်းရေး ရိုင်ဖယ်ပုံစံကို ကူးယူ၍ ၀ နယ်မြေတွင် ထုတ်လုပ်ခြင်းဖြစ်သည်။

ခေတ်ပေါ် တရုတ် CS/LS06 ၉ မီလီမီတာ စက်သေနတ်နှင့် M-99 ၁၂ ဒသမ ၇ မီလီမီတာ anti-materiel ရိုင်ဖယ်များကိုလည်း ၀ တပ်ဖွဲ့လက်နက်ခဲယမ်းများတွင် အသစ်ထည့်သွင်းထားသည်။

“တချိန်တည်းမှာပဲ ပိုလေးပြီးပိုရှုပ်ထွေးတဲ့ တရုတ်နိုင်ငံထုတ် စစ်လက်နက်စနစ်နဲ့လည်း UWSA ရဲ့စွမ်းရည်ကို မြှင့်တင်ခဲ့ပါတယ်။ FN 6 လူသယ်ယူနိုင်တဲ့ လေကြောင်း ကာကွယ်ရေးစနစ် (MANPADS) ကိုလည်း တရုတ်ဒုံးကျည် ပဉ္စမမြောက် မျိုးဆက်အဖြစ် အဆင့်မြှင့်တင်ခဲ့တာကိုလည်း UWSA လက်နက်အင်အား စာရင်းထဲမှာ တွေ့ရပါတယ်။ HJ-8 အနီရောင်မြား ဝါယာကြိုးထိန်း တင့်ကားဖျက် ဒုံးကျည်တွေနဲ့လည်း ဝတပ်ဖွဲ့ရဲ့သံချပ်ကာတင့်ကားဖျက်စွမ်းရည်ကို တိုးမြှင့်ထားပါတယ်။ အဲဒီတင့်ကားဖျက်စွမ်းရည်မှာ အစောပိုင်းကသုံးခဲ့တဲ့ ဗုံးပစ်လောင်ချာနှင့် recoilless rifles တွေကို အားပြုသုံးစွဲပါတယ်” ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

အမြောက်တပ် စွမ်းရည်နှင့် ပတ်သက်၍ ဆောင်းပါးရှင်က ဆက်လက်ရေးသားရာ၌ ဂျစ်ကားဖြင့် တင်ဆောင် ပစ်ခတ်ရသော စစ်သေနတ်များနှင့် NORINCO ၁၂၂ မီလီမီတာ howitzer (ကျည်သွားလမ်းမြင့်သည့် ပြောင်းတို အမြောက်) များ၊ ၁၀၇ မီလီမီတာ surface-to-surface free-flight ဒုံးကျည်ပမာဏများကို ဖော်ပြထားသည်။

နည်းဗျူဟာသုံးထရပ်ကားများ ဝယ်ယူခြင်းနှင့် တရုတ်လုပ် Xinxing (New Star) ဘီးတပ်သံချပ်ကာကား(APC) တို့ဖြင့်လည်း ခြေလျင်တပ်ရွှေ့ပြောင်းနိုင်စွမ်းကို ပိုမိုကြံ့ခိုင်စွာဖြင့် အသစ်မြှင့်တင်ပေးထားသည်။

UWSA အနှစ်နှစ်ဆယ်ပြည့် အခမ်းအနားကို ၂၀၀၉ ခုနှစ်က စည်စည်ကားကား ကျင်းပခဲ့သည်။ ယခုနှစ် အထိမ်းအမှတ် ပွဲအတွက်လည်း ဝတပ်ဖွဲ့သည် ယမန်နှစ်ကတည်းက စတင်ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ သင်တန်းကျောင်းများနှင့် စစ်စခန်းများတွင် ရိုင်ဖယ်နှင့် အမြောက်အစိတ်အပိုင်းများအပါအဝင် လက်နက်မျိုးစုံတို့ဖြင့် ဒေသခံလူငယ်များကို စစ်ရေးပြရန် လေ့ကျင့်ပေးထားကြောင်း UWSA ပြောခွင့်ရသူ ဦးညီရန်းက ပြောပြသည်။

၎င်းအဖွဲ့သည် လူငယ်လူရွယ် ၅၀၀ ဝန်းကျင်ဖြင့် စစ်ရေးပြမည်ဖြစ်ကြောင်းနှင့် ရိုးရာယဉ်ကျေးမှုဂီတများ၊ အကအလှများဖြင့် ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း ဦးညီရန်းက ဧရာဝတီသို့ ယမန်နှစ်က ပြောပြခဲ့ဖူးသည်။

UWSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုရသေးပေ။ ၎င်းအဖွဲ့သည် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်အချို့မှာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေဆဲ ရှိသည်။

မြန်မာအစိုးရသည် UWSA ကို NCA စာချုပ်တွင် လက်မှတ်ထိုးရန် ဖိအားပေးလျက်ရှိသော်လည်း ၎င်းနှင့် အခြား FPNCC ကော်မတီဝင်များက စာချုပ်ပါ အစိတ်အပိုင်းအချို့ကို အစိုးရအနေဖြင့် ဦးစွာပြင်ဆင်ပေးရန် လိုလားနေကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading