ဆုန်ခရမ်သြင်္ကန် ကာလ အွန်လိုင်းပေါ် မူးယစ် သောက်စားနေပုံများ၊ အဖျော်ယမကာ အရောင်းမြှင့် တင်ခြင်း တို့ကို အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ထိုင်းနိုင်ငံသားများကို ဗုဒ္ဓဟူးနေ့က သတိပေးလိုက်သည်။
နည်းပညာနှင့် သက်ဆိုင်သည့် ရာဇဝတ်မှု နှိမ်နင်းရေး ဌာနခွဲ၊ ဒုတိယ အကြီးအကဲ ရဲမှူးကြီး စီရီဝပ် ဒီပါက “ထိုင်း ရေ သဘင်ပွဲ ကာလအတွင်း လူမှုကွန်ရက်ပေါ်သို့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ဝတ်စား ဆင်ယင်ထားသည့်ပုံများ လွှင့် တင် ပါက ကွန်ပျူတာ ရာဇဝတ်မှု အက်ဥပဒေဖြင့် အရေးယူသွားမည်” ဟု ပြောကြားသည်။
အဆိုပါဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ငွေ ဘတ် ၁၀၀,၀၀၀ ပေးဆောင်ရ မည်ဖြစ်သည်။
မဖွယ်မရာ ဝတ်စားဆင်ယင် ထားသည့်ပုံများ(သို့မဟုတ်) ဗီဒီယိုဖိုင်များကို မိမိမသိဘဲ အခြားသူက တင်လျှင်ပင်ဖြစ်စေ အရေးယူခံရနိုင်ကြောင်း အဆိုပါ နည်းပညာနှင့် သက်ဆိုင်သည့် ရာဇဝတ်မှု နှိမ်နင်းရေး ဌာနခွဲ၊ ဒုတိယအကြီးအကဲက အလေးပေးပြောကြားခဲ့သည်။
မူးယစ် သောက်စားမှု တိုးပွားစေရေး ရည်ရွယ်ချက်ဖြင့် ဆုန်ခရမ် သြင်္ကန်တွင်း လူမှုကွန်ရက်ပေါ်သို့ တင်ပါကလည်း ယမကာ ထိန်းချုပ်မှု အက်ဥပဒေ ချိုးဖောက်ရာ ရောက်ကြောင်း စီရီဝပ်က ပြောကြား သည်။ ယင်းဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် တနှစ်နှင့် ဒဏ်ငွေ ဘတ် ၅၀၀,၀၀၀ ပေးဆောင်ရ မည်ဖြစ်သည်။

ထိုင်း ဆိုက်ဘာ ရဲတပ်ဖွဲ့ အနေဖြင့် ဆွန်ခရမ်ကာလ အတွင်း ဝက်ဘ်ဆိုက်များကို အနီးကပ်စောင့် ကြည့်နေ မည်ဖြစ် ကြောင်း၊ ယင်း စောင့်ကြည့်မှုမှာ မနက်ဖြန် စတင်မည်ဖြစ်ပြီး လာမည့်အင်္ဂ ါနေ့အထိ ဖြစ်ကြောင်း စီရီဝပ်က သတိပေးလိုက် သည်။
“ဆိုက်ဘာ ရဲတပ်ဖွဲ့ကနေ ဥပဒေ ချိုးဖောက်သူ တွေကို တိတိကျကျ ရှာဖွေနိုင်စွမ်း ရှိပါတယ်။ နားမလည်လို့ ကျူးလွန်မိ တာတို့၊ ဥပဒေ အသိပညာ နည်းတာတို့ အကြောင်းပြလို့မရပါဘူး” ဟု စီရီဝပ်က ပြောသည်။
လူငယ်များအနေဖြင့် ထိုင်းရိုးရာ ထုံးတမ်းစဉ်လာကို ဆက်လက်ထိန်းသိမ်းသွားကြရန် စီရီဝပ်က တိုက်တွန်းသည်။
ထိုင်း သြင်္ကန် ကာလ ထူးခြားချက်များ အနေဖြင့် ဘန်ကောက်မြို့တော် အစိတ်အပိုင်းများကို ယာဉ်လမ်းကြောင်းများ ပိတ် ထားမည်ဖြစ်သည်။
စနေနေ့မှ တနင်္လာနေ့ အထိ မွန်းလွဲပိုင်းမှ ညပိုင်းများတွင် ယာဉ် သွားလာခွင့် တားဆီးထားရာ ခေါက်ဆန်၊ ချက္ကရာ ဘောင်စီ၊ ဘိုဝမ်နီဝပ်၊ စစ်ဆမ်ဟောင်နှင့် ရမ်ဘူထရီစသည့် နေရာများ အကျုံးဝင်သည်။
ကုန်တင်ကားကြီး များဖြင့် ရေသယ်ဆောင်၍ ဆွန်ခရမ် သြင်္ကန်နွှဲခြင်း (သို့မဟုတ်) လော်စပီကာ ဖွင့်ခြင်းတို့ကို နံနက် ၁၀ နာရီမှ ညသန်းခေါင်းယံ အထိ ရက်ချာဒါ ဖီဆက်၊ စူထိဆောန်နှင့် လက်ဖရောင်း လမ်းပိုင်းအချို့တွင် တားမြစ်ထားသည်။
ပလတ်စတစ် ရေတိုင်ကီကြီး များကို ပစ်ကပ် ကားပေါ်တင်ကာ သီချင်းများ ဖွင့်၍ လမ်းသွားလမ်း လာများကို မြို့အနှံ့ လှည့် လည် ရေပက်ခြင်းအား ထိုကာလအတွင်း အများဆုံးဆင်နွှဲကြလေ့ရှိသည်။