သတင်း

မြောက်ဦးတိုက်ပွဲ၌ ဖမ်းဆီးခံ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို AA က ပြန်ပို့

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းက ဖမ်းဆီးခံရ သည့် ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို ရက္ခိုင့်တပ်တော် ( AA ) က ဧပြီလ ၁၁ ရက်နေ့က ပြန်ပို့ ပေးခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဖမ်းဆီးခံ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို AA အဖွဲ့က ယမန်နေ့ ညနေ ၁၀ နာရီ မိနှစ် ၄၀ ခန့်က မြောက်ဦးမြို့ ဓမ္မရာဇ်ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံကြီးထဲသို့ ပို့ဆောင်ပေး ခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေးက “ မနေ့သူ (ရဲ မိသားစုဝင်) တို့ ကျနော်တို့ လက်ထဲကို ပြန်ရောက်ပါပြီ၊ အားလုံး မိသားစုဝင် ၇ ဦးပါ ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်း ပြန်ပို့လာသည့် မိသားစုဝင် ၇ ဦးမှာ လည်း ရိုက်နှက် ညှင်းပမ်းခြင်း၊ တစုံတရာ ထိခိုက်ခြင်း များ မရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုက်ပွဲအတွင်းက ဖမ်းဆီးခံ ၇ ဦးမှာ အမျိုးသမီးနှင့် ကလေးများ ဖြစ်ပြီး ဒုရဲအုပ် အောင်ကိုကိုမြင့်၏ မိခင် ဒေါ်အေးအေးနှင့် ဇနီးသည် မခင်စန္ဒာစိုး အပါအဝင် အိမ်ထောင်သည် ရဲမေ ၂ ဦးနှင့် မိသားစုဝင် ကလေးငယ်များ ၃ ဦး စုစု ပေါင်း ၇ ဦး ဖြစ်သည်။

မြောက်ဦးမြို့နယ်အတွင်းက အမှတ် ၃၁ ရဲတပ်ရင်းနှင့် လေးမြို့ မြစ်ကမ်းဘေး လေညှင်းတောင်အနီး တပ်မတော်ယာယီစခန်းတခုကို ဧပြီလ ၉ ရက် ညဉ့်အချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိ၊ စစ် သည် တချို့ ထိခိုက်ကျဆုံးမှု ရှိသည်ဟုလည်း ဆိုသည်။

တိုက်ခိုက်မှုမှာ ယင်းနေ့ ည ၉ နာရီကျော်မှနေ နောက်နေ့ မနက် အထိ တညလုံး တိုက်ခိုက်ခဲ့ကြပြီး ဆုတ်ခွာသွာသည့် AA တပ်ဖွဲ့ဝင်များကို ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းတွင် တပ်မတော်မှ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများကြောင့် ရဲတပ်ဖွဲ့ဝင် တဦး၏ ဇနီး သေဆုံးသွားပြီး မြောက်ဦးမြို့နယ် ချောင်းသစ် ကျေးရွာသူ ဒေါ်လှနုနှင့် ၎င်း၏ နှစ်နှစ် အရွယ် သမီးမှာ လက်နက်ကြီး အစ ထိမှန်ခဲ့သည့်အတွက် လက်ရှိ အချိန် အထိ စစ်တွေ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရသည်။

AA အနေဖြင့် သာလွန်အင်အားကို သုံး၍ မသက်ဆိုင်သည့် မိသားစုဝင်များအား တိုက်ခိုက်ခြင်း ၊ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများကို ကျူးလွန်ခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။

သို့သော် AA ခေါင်းဆောင်များကတော့ တမင် ဖမ်းဆီးခေါ်ဆောင်ခြင်း မဟုတ်ဘဲ တိုက်ပွဲကြားတွင် ညှပ်ပြီး အသက်အန္တရာယ် ကျရောက်မည် စိုးရိမ်၍ ကယ်ထုတ်ခေါ်လာသည့် သဘောသာ ဖြစ်ပြီး လုံလုံခြုံခြုံနှင့် ပြန်ပို့ပေးလိုက်ပြီ ဖြစ်ကြေင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ရဲတပ်ဖွဲ့ဝင် မိသားစုဝင်များကို AA အဖွဲ့မှ လာရောက် ပို့ဆောင်ပေး ခဲ့ကြောင်းကို မြောက်ဦး ဆေးရုံမှ တာဝန်ရှိသူများက အကြောင်းကြားလာသည့်အတွက် ယမန်နေ့ညမှာဘဲ ရဲတပ်ဖွဲ့ဝင်များက သွားရောက် ခေါ်ခဲ့ကြောင်းလည်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိတဦးကလည်း ပြောသည်။

“မနေ့က ၁၀ နာရီ ကျော်လောက်မှာ သူတို့ကို ဆေးရုံသို့ လာပို့သွားတာ။ ညမထွက်ရ အမိန့်ထုတ် ထားတော့ သူတို့ မြို့ထဲဝင်ဖို့ မဖြစ်နိုင်တဲ့အတွက် မြို့ပြင်မှာ လူဝင် ၊ လူထွက်တွေရှိတဲ့ ဆေးရုံကို ပို့ခဲ့တာ ဖြစ်မယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ရဲတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ရခြင်းမှာ တပ်မတော်သားများက စခန်းထဲတွင် ဝင်ရောက် နေရာယူပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူများကို ထိခိုက်၍ တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု AA ခေါင်းဆောင်များက ဆိုသည်။

AA အဖွဲ့အနေဖြင့် လက်နက်ကြီးများကို ပျက်စီးစေရန် အဓိက ရည်ရွယ်တိုက်ခိုက် ခဲ့သော် လည်း တပ်မတော်က စစ်ကူလာသည့်အတွက် စခန်းထိခိုက်အောင်လောက်သာ တိုက်ခိုက်နိုင် ခဲ့ကြောင်း လည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသို့ ပြောဆိုထားသည်။

ယင်းနောက် တပ်ကူလာသည့် တပ်မတော် စစ်ကြောင်းများကို မြောက်ဦးမြို့နယ်အထဲက လက္ကာ ကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင်များက ဖြတ်တိုက်ခဲ့သည့်အတွက် ထိုနေ့ညဉ့်က နှစ်ဘက် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်ကြောင့် ရဲအရာရှိတချို့နှင့် စစ်သည် တချို့ ထိခိုက်ကျဆုံးမှု ရှိကြောင်းလည်း တပ်မတော် တင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုသည်။

ထိုတိုက်ခိုက်မှုနောက်ပိုင်းတွင် AA တပ်ဖွ့ဝင်များ လိုက်လံ ရှင်းလင်းရာတွင် လက္ကာ ကျေးရွာ အတွင်း အရပ်ဝတ်ဖြင့် AA အဖွဲ့ဝင် ၂၃ ဦးကိုဖမ်းဆီး ရမိကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။

သို့သော်လည်း အဆိုပါ တပ်မတော်က ဖမ်းဆီးသွားသူ ၂၃ ဦးမှာ ဒေသခံကျေးရွာသားများ ဖြစ်ပြီး တချို့မှာ အနီးဝန်းကျင် ကျေးရွာများမှ အလုပ် လုပ်ရန် ရောက်ရှိနေသူများသာ ဖြစ်ကြောင်း ဆိုသည်။

လက်ရှိအချိန်တွင် မြောက်ဦးမြို့နယ်အတွင်းက အဆိုပါ လက္ကာကျေးရွာ တရွာလုံး နီးစပ်ရာ ကျေးရွာ သူများသို့ ထွက်ပြေး နေရကြောင်းလည်း သိရသည်။

မတ်လ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်းကို ရက္ခိုင့်တပ်တော် ( AA )က ဝင်ရောက် တိုက်ခိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သတင်း ရရှိသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း AA သည် ရခိုင်ပြည်နယ် ဘူသီးတောင်မြို့ နယ် အတွင်းက ရဲကင်းစခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်ခဲ့သည်။

ထို နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ဖမ်းဆီးရမိသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၈ ကိုလည်း AA က ယင်းနေ့ မွန်းလွဲပိုင်းတွင် ပင် ပြန်လွှတ်ပေးခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော 

Did you find apk for android? You can find new Free Android Games and apps.
Loading