ယခုနှစ် သြင်္ကန် အကြိုနေ့မှ သြင်္ကန် အတက်နေ့ အထိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ် အစီးရေ ၃ ထောင် ကျော် ရပ်နားထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကွဲမှု အာဏာပိုင် အဖွဲ့ (YRTA) က သိရသည်။
ရန်ကုန်မြို့တွင်း ပုံမှန် ပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်တွင် အစီးရေ ၄၀၀၀ ကျော်ရှိပြီး သြင်္ကန် ကာလ တွင် ယာဉ်လိုင်းပေါင်း ၇၃ လိုင်းမှ အစီးရေ ၉၇၃ စီးသာ ပြေးဆွဲသွားမည် ဖြစ်ကြောင်း YRTA အဖွဲ့၏ အတွင်းရေးမှူး ဒေါက် တာ မောင်အောင် က ပြောသည်။
ပြေးဆွဲမည့် ယာဉ်လိုင်းများသည် ရန်ကုန်မြို့တွင်း လူဦးရေ အထူထပ်ဆုံး မြို့နယ်များ ဖြစ်သည့် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း စသည့် မြို့နယ်များတွင် ပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်းများ ဖြစ်ပြီး ယခင် နှစ်ကထက် ယခုနှစ်တွင် သြင်္ကန်ကာလ အတွင်း ယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲပေးသည်ဟု ၎င်းက ဆက်ပြောသည်။
ဒေါက်တာ မောင်အောင်က“အရင်နှစ်က သြင်္ကန်ကာလမှာ ယာဉ်အစီးရေ ၇၀၀ ကျော်ပဲ ပြေးဆွဲခဲ့တယ်။ ဒီနှစ်မှာတော့ အစီး ၉၀၀ ကျော် အထိ ပြေးဆွဲပေးသွားမယ်။ ယာဉ်စီးခကိုလည်း ပုံမှန် အတိုင်းပဲ ကောက်ခံသွားမယ်။ နောက် ယာဉ် အန္တရာယ် ကင်းရှင်းရေး အတွက်လည်း အထူး အလေးပေး ဆောင်ရွက်သွားမယ်”ဟု ဆိုသည်။
ပုံမှန်အားဖြင့် YBS ယာဉ်များမှာ ည ၉ နာရီ၊ ၁၀ နာရီ ဝန်းကျင် အထိ ပြေးဆွဲပေးနေသော်လည်း ယနေ့ (ဧပြီ ၁၂ ရက်) တွင် YBS ယာဉ်လိုင်း တချို့ ညနေ ၆ နာရီ အထိသာ ပြေးဆွဲ သွားမည် ဟု သိရသည်။
ထို့အပြင် သခင်မြ ပန်းခြံမှ ဗိုလ်တထောင် ဘုရား အထိ ပြေးဆွဲနေသည့် ယာဉ်လိုင်း နံပါတ် ၅၇ ထဲက ၁၀ စီးသာ သြင်္ကန် အကြိုနေ့ တရက်တည်း ပြေးဆွဲသွားမည် ဖြစ်ပြီး ကျန်သည့် မြို့တွင်းပတ် ယာဉ်များ အားလုံး ရပ်နားသွားမည် ဖြစ်သည်။
နှစ်ဆန်း ၁ ရက် ဖြစ်သည့် ဧပြီလ ၁၇ ရက်မှသာ ပုံမှန် အတိုင်း မြို့တွင်း ပတ်ကားများ အားလုံး ပြန်လည် ပြေးဆွဲသွားမည် ဟု အဆိုပါ ၅၇ ယာဉ်လိုင်းမှ ဂိတ် တာဝန်ရှိသူ တဦးက ပြောသည်။
ထို့ပြင် ပြည်သူများ အနေဖြင့် သြင်္ကန်ကာလ အတွင်း ပုံမှန် ယာဉ်စီးခ ကောက်ခံနေမှုကို ပိုမို ပေးဆောင်ရမည် ဆိုလျှင် ယာဉ် လိုင်း အလိုက် တိုင်ကြား၍ ရသည့် ဖုန်းလိုင်း နံပါတ်များကို အချိန်မရွေး ယာဉ်နံပါတ်နှင့် တကွ တိုင်ကြား၍ ရနိုင် ကြောင်း၊ ယာဉ်မောင်းများ၏ ဆက်ဆံရေး မပြေပြစ်မှုများ ရှိခဲ့လျှင်လည်း တိုင်ကြားနိုင်ကြောင်း ဒေါက်တာ မောင်အောင် က ဆိုသည်။
အများ ပြည်သူများ အနေဖြင့် လိုင်းကားများ စီးနင်းရာတွင် အဆင်မပြေမှုများ ရှိခဲ့လျှင် မိမိ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံ ရိုက် ကာ အထောက်အထားများလည်း ပေးပို့ တိုင်ကြားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါက်တာ မောင်အောင်က“ကျနော်တို့ကို သေသေချာချာ တိုင်ပါ။ တခါတလေ ယာဉ်မောင်းတွေက သူတို့ မလုပ်ပါဘူး ငြင်း တယ်။ ဓာတ်ပုံက အစ အထောက်အထား သက်သေ မရှိတော့ ကျနော်တို့မှာ အရေးယူဖို့ ခက်တယ်။ အခု ပိုက်ဆံ ပိုကောက်တာ ဖြစ်ဖြစ် ဆက်ဆံရေး အဆင်မပြေတာ ဖြစ်ဖြစ် ချက်ချင်း တိုင်ပါ။ ကျနော်တို့ စည်းမျဉ်းစည်းကမ်း အတိုင်း တိတိကျကျ အရေးယူပါ့မယ်”ဟု ပြောဆိုသည်။
သြင်္ကန်ကာလ အတွင်း ပြေးဆွဲမည့် ယာဉ်လိုင်း တချို့မှာ ဒဂုံမြို့သစ်၊ ဆိပ်ကမ်း မြို့နယ်ရှိ ယုဇန ဥယျာဉ်မြို့တော်မှ ဆူး လေ အထိ ပြေးဆွဲနေသည့် YBS ၄၊ ဒဂုံမြို့သစ် တောင်ပိုင်းမှ ဆူးလေ အထိ ပြေးဆွဲနေသည့် YBS ၇၊ ဒဂုံမြို့သစ် မြောက် ပိုင်းမှ ဆူးလေ အထိ ပြေးဆွဲနေသည့် YBS ၁၂၊ ၂၉၊ ထောက်ကြန့်မြို့နယ်မှ ဆူးလေ အထိ ပြေးဆွဲနေသည့် YBS ၃၇ နှင့် အခြား ယာဉ်လိုင်းများဖြစ်သည့် YBS ၈၊ ၁၀၊ ၁၃၊ ၁၄၊ ၁၅၊ ၃၈၊ ၃၉၊ ၄၀၊ ၅၅၊ ၅၉၊ ၆၄၊ ၇၆၊ ၈၀၊ ၈၉ များ အပါအဝင် ယာဉ် လိုင်း ၇၃ လိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။