အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်အနေဖြင့် တရုတ်နှင့် မိုဘိုင်း 5G ကွန်ရက် နည်းပညာ ယှဉ်ပြိုင်မှုအပေါ် လိပ်ခဲတည်း လည်း ဖြစ်နေကာ ယင်းနည်းပညာက အမေရိကန်သမ္မတအတွက် အဏုမြူဗုံး တလုံး သဖွယ် ဖြစ်နေသည်ဟု ဟွာဝေး အမှုဆောင် အရာရှိချုပ် Ren Zheng fei ကဆိုသည်။
“စိတ်မကောင်းစရာကောင်းတာက အမေရိကန်ဟာ 5G နည်းပညာကို မဟာဗျူဟာ လက်နက်တခု အနေနဲ့ ရှုမြင်နေပါ တယ်” ဟု ၎င်းက ဂျာမန်သတင်းစာများဖြစ်ကြသည့် Wirtschaftswoche, Handelsblatt တို့နှင့်ပြုလုပ်သည့် အင်တာ ဗျူးတခုတွင် မှတ်ချက်ချလိုက်ပြီး၊ “သူတို့အတွက် အဏုမြူဗုံးတလုံးလို ဖြစ်နေတယ်” ဟုလည်း ဖြည့်စွက်ပြော သည်။
ဟွာဝေး အမှုဆောင် အရာရှိချုပ်က ဂျာမနီနှင့် သူလျှို မလုပ်ရေး သဘောတူညီချက်ကို ကတိပြုခဲ့ကြောင်းလည်း သိရသည်။
ဂျာမန် သတင်းသမား များနှင့် တွေ့ဆုံရာတွင် ဟွာဝေး အမှုဆောင်အရာရှိချုပ်က “၎င်း၏ကုမ္ပဏီသည် ဂျာမနီနိုင်ငံအတွင်း တပ်ဆင်ထားသော 5G ကွန်ရက်ပစ္စည်းများတွင် နောက်ကွယ်မှ သူလျှိုလုပ်သည့်ကိရိယာများ တပ်ဆင်လိမ့်မည် မဟုတ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ဘာလင် အစိုးရသည် 5G ကွန်ရက် ဆက်သွယ်ရေးအတွက် ဟွာဝေးကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုရေး လုံခြုံရေး စိုးရိမ်မှု ကြောင့် ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း အစိုးရ ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ အကြီးအကဲက “စက်ပစ္စည်း ကိရိယာ တင်သွင်းသည့် မည်သည့် ကုမ္ပဏီကိုမှ ဖယ်ထုတ်သင့် (သို့မဟုတ်) ဖယ်ထုတ်နိုင်ဖွယ်မရှိကြောင်း တနင်္လာနေ့၌ ထုတ်ဖော် ပြောကြားခဲ့သည်။
တဆက်တည်း မှာပင် တရုတ်အစိုးရ အနေဖြင့် ဂျာမနီနှင့် သူလျှိုမလုပ်ရေး သဘောတူ စာချုပ်ချုပ်ရန် မိမိတိုက်တွန်း သွား မည်ဖြစ်ကြောင်း ဟွာဝေး အမှုဆောင် အရာရှိချုပ် Zhengfei က ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂမှ ထုတ်ပြန်ထားသော အချက်အလက် ကာကွယ်ရေး စည်းမျဉ်းများကို မိမိတို့လိုက်နာသွားမည်ဟု ကတိပြုခဲ့သည်။
ဟွာဝေး ကုမ္ပဏီသည် ဘေဂျင်းအစိုးရ အတွက် သတင်းအချက်အလက်စုဆောင်းပေးနေကြောင်း အမေရိကန် ထောက်လှမ်းရေး ဌာနပေါင်းစုံတို့က သတိပေးခဲ့ ပြီးနောက် ဂျာမနီနိုင်ငံ အနေဖြင့် ဟွာဝေးကို လုပ်ကိုင်ခွင့်မပေးရန် ဝါရှင်တန်က သံတမန်ရေးအရ ဖိအားပေးခဲ့သည်။
အမေရိကန်၏ စွပ်စွဲချက်များသည် ယုံတမ်းစကားသာဖြစ်ကြောင်း Zhengfei က တုံ့ပြန်ခဲ့ပြီး ယင်းစွပ်စွဲချက်များအပေါ် သက်သေအထောက်အထားပြန်ရန် အမေရိကန်ကို တောင်းဆိုလိုက်သည်။
သမ္မတဒေါ်နယ်ထရမ့်က 5G ကို မဟာဗျူဟာ တိုက်ပွဲအတွက် ရင်ဆိုင် ယှဉ်ပြိုင်ရခြင်းဟု ရှုမြင်ထားပြီး သောကြာနေ့က သတင်းထောက်များနှင့် တွေ့ဆုံရာ၌ “အနာဂတ် စွမ်းအားပြည့် စက်မှု နည်းပညာပိုင်းတွင် အမေရိကန်အနေဖြင့် မည်သည့် နိုင်ငံကိုမျှ ယှဉ်ပြိုင်ခြင်း မပေးနိုင်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန် တယ်လီကွန် လုပ်ငန်းများအပေါ် စည်းမျဉ်း စည်းကမ်းများကို ဖြေလျော့ပေးခဲ့ပြီး သမ္မတ ထရမ့်က ၎င်း၏ ဥရောပ မဟာမိတ် နိုင်ငံအနေဖြင့် တရုတ်နည်းပညာကို ရှောင်ကြရန်လည်း အလေးပေးတိုက်တွန်းခဲ့သည်။
ထိုအတောအတွင်း ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်ကဲ့သို့ နိုင်ငံများက ၎င်းတို့စည်းမျဉ်းသတ်မှတ်ချက်များကို တင်းကြပ်ခဲ့ကြ သော်လည်း အီတလီ၊ ခရိုအေးရှားနှင့် ဟန်ဂေရီတို့ကမူ ဟွာဝေးကို ကြိုဆိုခဲ့ကြသည်။
“ကျနော်တို့ဟာ စီးပွားရေးဖွံ့ဖြိုးမှု အပေါ် တဖန် အာရုံစိုက်သင့်ပြီး ငြိမ်းချမ်းရေးကို ဖန်တီးသင့်ပါတယ်” ဟွာဝေး အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့သည်။