အပစ်ရပ်စာချုပ်များအပေါ် အစိုးရတခု နှင့် တခု အကြား လက်ဆင့်ကမ်း တာဝန်ယူမှု မရှိဟု “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ဝေဖန်ပြောဆိုလိုက်သည်။
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့တွင် ဧပြီ ၁၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဧရာဝတီက မေးမြန်းမှု အပေါ် ဦးကျောက်ကော်အန်း က ပြောဆိုခြင်း ဖြစ်သည်။
UWSA သည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် သဘောတူထားသည်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် အကောင်အထည်မဖော်သည်ကို ဦးကျောက်ကော်အန်းက ထောက်ပြပြောဆိုခြင်း ဖြစ်သည်။
ဦးကျောက်ကော်အန်း က “ရှေ့နောက်မညီတာကတော့ ကျနော်တို့ရဲ့ ပြဿနာ မဟုတ်ဘူး။ အစိုးရရဲ့ ပြဿနာ။ ရှေ့သက်တမ်း အစိုးရနဲ့ နောက်သက်တမ်းအစိုးရ ၂ ခုပေါ်လာတယ်မလား။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ ရှေ့နောက်မညီဘူး။ ကျနော်တို့ ဝအဖွဲ့ နဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ဖို့ က NCA နဲ့ မဆိုင်ဘူး” ဟု ပြောသည်။
UWSA ဘက်မှ နားလည်ထားသည်မှာ အစိုးရနှင့် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးရန် ပြည်နယ်အဆင့် ၊ ပြည်ထောင်စု အဆင့်၊ နိုင်ငံတော်အဆင့် စာချုပ် ၃ ခု ချုပ်ဆိုရမည်ဟု ဦးသိန်းစိန်အစိုးရလက်ထက်က သဘောတူထားသည်ဟု ဦးကျောက်ကော်အန်းက ပြောသည်။
ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက UWSA ကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ထိုးရန် တိုက်တွန်းနေသည်။
UWSA သည် တပ်မတော် အစိုးရလက်ထက် ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားပြီး သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်၊ ပန်ဆန်းမြို့၌ စာချုပ်တခု၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ၊ လားရှိုးမြို့တွင် စာချုပ်တခု ချုပ်ဆိုထားသည်။
ဦးကျောက်ကော်အန်း က “နှစ်ဆင့်တော့ ပြီးသွားပြီ။ အစိုးရဘက်က ဘာလို့ ဆက်မဆောင်ရွက်တာလဲ။ ကျနော်တို့နဲ့ မသက်ဆိုင်တဲ့ NCA ကို ထိုးခိုင်းနေတယ်။ ကျနော်တို့ရဲ့ လိုလားချက်၊ ကျနော်တို့ရဲ့ ဖြစ်ချင်ပုံက ရှေ့အစိုးရနဲ့ သဘောတူထားတာ အများကြီး ရှိတယ်။ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ထိုး ခဲ့ဖူးတယ်။ ဦးသိန်းစိန်အစိုးရက ကျနော်တု့ိကို ကတိ တည်ခဲ့တယ်”ဟု ပြောသည်။
အခြေအနေများကို သုံးသပ်ခြင်းအားဖြင့် အစိုးရသက်တမ်းတခုတွင် ချုပ်ဆိုသည့် အပစ်ရပ်စာချုပ်များမှာ နောင် ရွေးကောက်ပွဲကျင်းပပြီး အသစ်တတ်လာမည့် အစိုးရသက်တမ်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိမည် ကိုလည်း UWSA အနေဖြင့် သံသယဖြစ်သည်ဟု ဦးကျောက်ကော်အန်းက ပြောသည်။
ဆက်လက်၍ ဦးကျောက်ကော်အန်း က “NCA ဆိုတာ တခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးခဲ့တာ။ ကျနော်တို့ ဝ မပါဝင်ခဲ့ဘူး။ တခြားတိုင်းရင်းသားတွေနဲ့ ဆွေးနွေး ပြီးမှ ပေါ်လာတာလေ။ ကျနာ်တို့ ခံယူချက်က အစိုးရသတ်မှတ်ထားတဲ့ အဆင့် ၃ ဆင့်ကို ဆွေးနွေးလိုက်ရင်ပြီးပြီ။ နိုင်ငံရေး တိုက်ရိုက် ဆွေးနွေးလို့ ရပြီလို့ ကျနော်တို့ ခံယူတယ်”ဟု ပြောသည်။
UWSA သည် ယခင်က အစိုးရနှင့် ၎င်းတို့ တဖွဲ့တည်း သီးခြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA ) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင် စစ်တပ် (AA) တို့နှင့် နိုင်ငံရေး မဟာမိတ်ဖွဲ့ကာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) ဖွဲ့ပြီး အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ထပ်မံတောင်းဆို ခဲ့သည်။
FPNCC က NCA ကို လက်မှတ်ထိုးမည်မဟုတ်ကြောင်း ငြင်းဆိုထားပြီး ၎င်းတို့ပြင်ဆင်ထားသည့် အပစ်ရပ် စာချုပ် နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးလိုသည့် အခန်းကဏ္ဍ ၁၅ ခုကိုလည်း အသေးစိတ် ရေးသားကာ အစိုးရနှင့် ဆွေးနွေးလိုကြောင်း တောင်းဆိုထားသည်။
ဦးကျောက်ကော်အန်း ပြောဆိုချက်နှင့် ပတ်သက်ပြီး ဦးလှမောင်ရွှေ က “ဝ ဒုဥက္ကဋ္ဌ ပြောတာ ဘာကို ဆိုလိုတာလဲတော့ ကျနော်လည်း မသိဘူး။ ဒါပေမယ့် လက်မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေကတော့ ဒီလိုမျိုး မှတ်ချက်ပေးတာမျိုး မတွေ့မိပါဘူး” ဟု ဧရာဝတီသို့ပြောသည်။
ဦးလှမောင်ရွှေသည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) အထူးအကြံပေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိ အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) အကြံပေးအဖွဲ့ဝင်နှင့် UPDJC အတွင်းရေးမှူး တာဝန်တို့ကို ယူထားသည်။
ဧပြီ ၁၆ ရက်က ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ်သည့် UWSA ၏ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် UWSA စစ်သေနာပတိချုပ် ဦးပေါက်ယူချန်းက “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ် အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုကြောင်း ပြောဆိုသည်။
UWSA သည် ဒေသတွင်း အုပ်ချုပ်ရေးယန္တရားများနှင့် ဆိုင်းဘုတ်များတွင် “ဝ”ပြည်နယ်၊ ပြည်သူ့အစိုးရဟုသာ သုံးနှုန်းသည်။
ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို တတ်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို ဖိတ်ကြားသော်လည်း တတ်ရောက်ခြင်း မရှိပါ။
နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူများက UWSA ဘက်မှ ပေးပို့သည့် ဖိတ်စာတွင် “ဝ”ပြည်နယ်၊ ပြည်သူ့အစိုးရ ဟူသည့် စာသားကို မနှစ်သက်ခြင်းကြောင့် နိုင်ငံ့အကြီးအကဲများက ပွဲလာ မတတ်ခြင်း ဖြစ်နိုင်သည်ဟုလည်း ပြောဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ဦးပေါက်ယူချန်းထံသို့ သဝဏ်လွှာတစောင် ပို့ခဲ့ပြီး ထိုထဲတွင် ဝ လူမျိုးများ ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ရေရှည်ခိုင်မာစေရန် ထိန်းသိမ်းစေမည့် ပဋိပက္ခလျော့ချရေး၊ စောင့်ကြည့်ရေးနှင့် အငြင်းပွားမှု ဖြေရှင်းရေး၊ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေး၊ ညီညွတ်ရေးတို့ကို ဆွေးနွေးရန် NCA ထိုးမှသာ ဆောင်ရွက်နိုင်မည်ဟု ရေးသားထားသည်။
နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကလည်း “ဝ အထူးဒေသ (၂) နဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ ကမ်းလှမ်းထားတယ်။ ကမ်းလှမ်းထားတော့ ကျနော်တို့ သြင်္ကန်ပြီး လကုန် ဘယ်လိုတွေ့မလဲ နောက်တဆင့် ဆွေးနွေးဖို့လည်း ရှိပါတယ်”ဟု ပြောသည်။
UWSA သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ၊ ပုဒ်မ ၅၆ (စ) အရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် ၂ခုခွဲ၍ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အုပ်ချုပ်ခွင့် ရရှိထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုအစိုးရလက်အောက်တွင် ရှိရမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တခုဖြစ်သာ ဖော်ပြထားသော်လည်း လက်ရှိတွင် ၎င်း၏ ဒေသများကို ဗဟိုအစိုးရ၏ စွက်ဖက်မှု မရှိဘဲ အပြည့်အဝ စီမံ ခန့်ခွဲလျှက် ရှိသည်။