ပြင်သစ်နိုင်ငံ ပါရီမြို့၏ အထင်ကရဖြစ်သော နော်တာဒိန်း ဘုရားရှိခိုးကျောင်း တနင်္လာနေ့က မီးလောင်မှုဖြစ်ပွားပြီး တစိတ် တပိုင်း မီးသင့် ပျက်စီးခဲ့ရသည့် အကြောင်းရင်းမှာ လျှပ်စီး ပတ်လမ်းတို(short-circuit)ကြောင့် ဖြစ်နိုင်ခြေများကြောင်း ပြင်သစ်အစိုးရတာဝန်ရှိသူတဦးက ပြောသည်။
စုံစမ်း စစ်ဆေးသူများသည် အဆောက်အဦ အပျက်အစီးများကြား အန္တရာယ်ရှိသည့် အခြေအနေကြောင့် ဘုရားရှိခိုး ကျောင်း အတွင်းပိုင်းသို့ ဝင်ရောက် ကြည့်ရှုနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက AP သတင်းဌာနသို့ ပြောသည်။
ကနဦးစုံစမ်း စစ်ဆေးချက်များအရ မှားယွင်းလုပ်ဆောင်ချက် အထောက်အထား တစုံတရာမတွေ့ရကြောင်း ဆိုသည်။
ရာစုနှစ်နှင့်ချီ၍ သက်တမ်းကြာပြီဖြစ်သည့် ဘုရားရှိခိုးကျောင်းတွင် မီး အကြီးအကျယ် လောင်ကျွမ်းခဲ့ရာ အဆောက်အဦ အတွင်းပိုင်းပါ မီးသင့်ခဲ့ပြီး ကျောင်းအမိုးချွန်းတခုလုံး ပျက်စီးကာ ခေါင်မိုးပိုင်းနေရာအတော်များများ ထိခိုက်သွားခဲ့ရသည်။
အင်္ဂ ါနေ့က ပဏာမ စစ်ဆေးချက်များ အရ ရှို့မီးဖြစ်နိုင်သည့်လက္ခဏာမတွေ့ရကြောင်း ပါရီမြို့တော်အစိုးရရှေ့နေတဦးက ပြောသည်။ မီးလောင်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ လူ ၅၀ ကျော်ကို ခေါ်ယူစစ်ဆေးနေပြီး မီးလောင်မှုဖြစ်ပွား စဉ်က အဆိုပါ ဘုရားရှိခိုးကျောင်း မွမ်းမံ ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သည်။
ပြင်သစ်သမ္မတ မာခရွန်က နော်တာဒိန်း ဘုရားရှိခိုး ကျောင်းကို ၅ နှစ်အတွင်း ယခင်ထက် လှပခန့်ညားသွားအောင် တည် ဆောက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သလို ပုဂ္ဂလိက ကဏ္ဍများ ထံမှလည်း ဘုရားရှိခိုးကျောင်း ပြန်လည် တည်ဆောက်ရေးအတွက် လှူဒါန်းမှုများ တဖွဲဖွဲကဝင်ရောက်လာနေသည်။
ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် Francois-Henri Pinault က ယူရိုငွေသန်း ၁၀၀ လှူဒါန်းမည်ဟု ကတိပြုခဲ့ပြီး ဘီလျံနာ သူဌေး ဘားနပ်အားနော့ကလည်း ယူရိုငွေသန်း ၂၀၀ လှူဒါန်းရန် ကမ်းလှမ်းထားသည်။