လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များရှိနေသည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့အပေါ် အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းစဉ် များတွင် စုံစမ်းစစ်ဆေးရေး ပိုမိုခိုင်မာစေရန် အဖွဲ့ဝင် ၅ ဦးပါ ဥပဒေ အကြံပေး အဖွဲ့အား ထပ်မံဖွဲ့စည်းလိုက်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၁၈ ရက်နေ့တွင် ကြေညာလိုက်သည်။
ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင် ဦးဆောင်သည့် အကြံပေးအဖွဲ့တွင် စစ်ဥပဒေချုပ်ရုံး အရာရှိ ၄ ဦးပါဝင်ပြီး ၎င်းတို့ အနေဖြင့် သက်သေများအား ရှာဖွေခြင်း၊ စစ်မေးခြင်း၊ ကွင်းဆင်းခြင်းနှင့် လိုအပ်သည့်ဥပဒေဆိုင်ရာ အကြံပေးမှုများ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အများက ပြောဆိုနေကြသလို ဖိအားတွေရှိနေလို့ ဖွဲ့ရတယ်ဆိုတာတော့ မဟုတ်ဘူးဗျ၊ တပ် မတော်ရဲ့ အကြမ်းဖက်နှိမ်နင်းရေးမှာ ထိတွေ့တိုက်ခိုက်မှုအခြေအနေတွေမှာ ဥပဒေနဲ့အညီလုပ်ခဲ့တယ်ဆိုတာကို ပိုမိုခိုင်မာ စေချင်လို့၊ ပြီးရင်ကျန်ခဲ့တဲ့ အချက်အလက်တွေရှိရင်လဲ ပိုမိုခိုင်မာစေချင်လို့ ဖွဲ့စည်းတာပါ” ဟု ပြောသည်။
ARSA ၏အကြမ်းဖက် တိုက်မှုများနှင့် ပတ်သက်ပြီး တပ်မတော် ဥပဒေအကြံပေး အဖွဲ့တွင် စစ်ဥပဒေချုပ်ရုံးမှ လူများဖြင့်သာ ဖွဲ့စည်းခဲ့သည့်အပေါ်တွင်လည်း ဝေဖန်ထောက်ပြမှု အချို့ရှိနေပြီး အရပ်ဖက်ဥပဒေပညာရှင်များ ပါဝင်ဖွဲ့စည်းမည်ဆိုပါက ပိုမိုပွင့်လင်းမြင်သာသည့် အခြေအနေရှိမည်ဖြစ်ကြောင်း ရှေ့နေအချို့ကပြောသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA အဖွဲ့မှ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ရဲ ကင်းစခန်းများအား တပြိုင်နက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်သည် ၁ ဦး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ပြီး နောက်ဆက်တွဲတိုက်ခိုက်မှုများကြောင့်လည်း ဒေသခံ ၁၃၀ ဦးခန့် သေဆုံးခဲ့ရကြောင်း တပ်မတော်က ပြောထားသည်။
ယင်းတိုက်ခိုက်မှုအပေါ် တပ်မတော်မှ တုံ့ပြန်ဆောင်ရွက်ရာတွင် လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအချို့နှင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့က စွပ်စွဲထားပြီး ဘင်္ဂါလီ ၇ သိန်းကျော်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ဆိုထားသည်။
ထိုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က သက်သေဦးရေ ၈၀၀ ကျော်ကို တွေ့ဆုံမေးမြန်းပြုလုပ်ခဲ့ပြီးနောက် ရရှိသည့်အချက်အလက်များ ပိုမိုခိုင်မာစေရန် ဥပဒေအကြံပေးအဖွဲ့အား ထပ်မံဖွဲ့စည်းခြင်း ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် သက်သေအထောက်အထားများ ခိုင်ခိုင်မာမာတင်ပြပေးဖို့ကိုလည်း အမြဲ တမ်းတံခါးဖွင့်ထားကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မင်းတို့ဘယ်လိုပဲပြောပြော ဘယ်လောက်ပဲခိုင်လုံလုံ ငါတို့အာဂျင်ဒါအတိုင်းပဲ လုပ်မှာပဲ ဆိုတာမျိုး တချို့အဖွဲ့အစည်းတွေက ကြိုတင်အစီအစဉ်တွေရှိနေတယ်၊ အဲ့ဒီလို လျစ်လျူရှုနေတဲ့သူတွေအတွက်တော့ အကျိုးသက်ရောက်မှုက နည်းချင်နည်းမှာပေါ့။ ခုလုပ်တာတွေက အားလုံးကိုဖိတ်ခေါ်ပြီးမှ လုပ်တာတွေဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှုက ရှိပါလိမ့်မယ်။ အမှန်တရားရွေးသူတွေအတွက်တော့ ပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်”ဟု ပြောသည်။
တပ်မတော်၏ စုံစမ်းစစ်ဆေးအဖွဲ့အနေဖြင့် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီးတွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီ ၁၀ ဦးအား သတ်ဖြတ်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ကြောင်းတွေ့ရှိခဲ့ပြီး ထိုလူသတ်မှုတွင် ပါဝင် ပတ်သက် ခဲ့သည့် အရာရှိ/စစ်သည် ၇ ဦးအား နယ်ဘက်အကျဉ်းထောင်များတွင် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ် ခဲ့သည်။
အင်းဒင်ကျေးရွာအနီး လူသတ်မှုသတင်းသည် ရိုက်တာ (Reuters) သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့က ဖော်ထုတ် တင်ပြနိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသတင်းအား ဖော်ပြမှုကြောင့် ၎င်းတို့နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီချမှတ်ခဲ့သည်။
ထိုသတင်းကြောင့်ပင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ပါဝင်သည့် ရိုက်တာ သတင်းထောက်အဖွဲ့မှာ သတင်းလောကတွင် ဂုက်သိက္ခာ ကြီးမားသည့် ပူလစ်ဇာ (Pulitzer) ဆု ရရှိခဲ့သည်။
အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းစဉ် အချက်အလက် အထောက်အထား ရှိပါကလည်း ပေးပို့နိုင်ကြောင်း တပ်မတော် ဖိတ်ခေါ်ထားပြီး စုံစမ်းစစ်ဆေးရေးခုံရုံး၏ အချက်အလက်များကိုလည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်များအား ပေးပို့ခဲ့ပြီး ဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်များ ပြီးဆုံးမှသာ သတင်းထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။
လတ်တလောတွင် တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များအား စစ်ဥပဒေချုပ်ရုံး သုံးသပ်အကြံပြုချက်နှင့် Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်တို့၏ တွေ့ရှိချက် အစီအရင်ခံစာများအပေါ် ထပ်မံစိစစ်အတည်ပြုရန် လိုအပ်နေသေးကြောင်းလည်း တပ်မတော်က ထုတ်ပြန်ထားသည်။