ရက္ခိုင့်တပ်မတော်(AA)သည် ကျေးရွာအတွင်းနေရာယူ၍ မြောက်ဦးမြို့နယ် အတွင်းရှိ နယ်မြေခံတပ်ဌာနချုပ်ကို ဧပြီလ ၁၇ရက်နေ့က တိုက်ခိုက်လာကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဆိုသည်.။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဧပြီ ၁၇ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်ကစတင်၍ မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ် ကျေးရွာအနီးရှိ နယ်မြေခံ တပ်ဌာနချုပ်သို့ AA အဖွဲ့များက ဝန်းရံတိုက်ခိုက်ကြောင်း၊ တချို့မှာ ဘောင်းဒုတ်ရွာ စာသင် ကျောင်းမှ လည်းကောင်း၊ ဘောင်းဒုတ်ရွာ အစပ်မှ လည်းကောင်း၊ တပ်ဌာနချုပ်၏ အရှေ့တောင်ဘက် မှ လည်ကောင်း၊ ကျေးရွာအတွင်း နေရာဖြန့်ခွဲလျှက် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်ကြောင်း၊ တပ်မတော်မှ ပြန်လည် ပစ်ခတ်သဖြင့် ည ၁၁နာရီ ၄၅ မိနစ်ခန့်တွင် ရပ်တန့်သွား ကြောင်း ဖော်ပြထားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မြောက်ဦးမြို့ပြင်မှာရှိတဲ့ နယ်မြေခံတပ် ၂ ခုကို ည ၁၀ နာရီကျော်လောက်မှာ လာပြီးတော့ ပစ်ခတ်တာရှိတယ်၊ ဘောင်းဒုတ်ကျေးရွာ စာသင်ကျောင်း ဘက်ကနေ ပစ်တာ၊ ပြီးရင် အရှေ့တောင်ဘက်ကနေလည်း ပစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ မြောက်ဦးမြို့ရှိ နယ်မြေခံ တပ်ဌာနချုပ်သို့ AA တပ်ဖွဲ့များက ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကား လမ်းမကြီး ပေါ်မှ လာရောက်ပစ်ခတ်ကြောင်းလည်း ဆိုသည်။
AA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မိမိတို့ သွားရောက် ပစ်ခတ်မှု မရှိသကဲ့သို့ မြောက်ဦး မြို့နယ်အတွင်းမှာ စစ်ရေး လှုပ်ရှားမှုလည်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ဘက်က လုံးဝမရှိဘူး၊ အဲဒီနေရာမှာ သွားတာလည်း မရှိဘူး၊ ပစ်တာလည်း မရှိဘူး၊ သူတို့ပြောနေသလိုမျိုး သွားပစ်တာ လုံးဝမရှိဘူး၊ မနေ့ကလည်း သူတို့ ပြောနေတာ တွေ့ပါတယ်၊ ဟိုနေ့ကလည်း သူတို့ တပ်ရင်းနဲ့ နီးတဲ့ရွာတွေကို လှမ်းပြီးတော့ လက်နက်ကြီးနဲ့ ပစ်နေတယ်ပေါ့၊ သူတို့ အကြောင်းပြချက်ကတော့ AA ကနေပြီးတော့ သူတို့ကို လာပစ်လို့ ပစ်တာပါလို့ပြောတယ်၊ အဲဒီနေရာကို ဘယ် AA မှမသွားဘူး”ဟု ၎င်းကဆိုသည်။
ထို့အပြင် မြောက်ဦးမြို့နယ်တွင် AA၏ စစ်ရေးလှုပ်ရှားမှု လုံးဝမရှိသည့် အပြင် သွားရောက် ပစ်ခတ်တာမျိုးလည်း မလုပ်ကြောင်း ခိုင်သုခက ငြင်းသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA မှ လာရောက် ပစ်ခတ်မှုကြောင့် တစုံတရာ ထိခိုက်မှုမရှိကြောင်း၊ AA အဖွဲ့ပစ်သည့် နေရာများကို သွားရောက် စစ်ဆေးရာ ကျည်ခွံများနှင့် လက်နက်ကြီး အသုံးပြု ထားသော လက်နက်ဆံများကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့က မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်အား AA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီ ၁၀ ရက် နံနက် ၃ နာရီခန့်ကလည်း မြောက်ဦးမြို့ အနီးရှိ ရဲတပ်ရင်းဌာနချုပ်နှင့် လေးမြို့မြစ်အနီး လှေဆိပ် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း ၁ ကြောင်းအား AA က လက်နက်ကြီး/လက်နက်ငယ် များဖြြင့် အင်အားအလုံးအရင်းသုံး တချိန်တည်း တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဧရာဝတီသတင်းဌာနတို့ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၁ ရက် နေ့က သီးသန့် အင်တာဗျူး တခုမှာတော့ ထိုရဲတပ်ရင်း အနီးတွင် တပ်မတော်၏ အမြှောက်ကြီးစခန်း ၂ ခုရှိသည့်အတွက် မိမိတို့ တပ်ဖွဲ့ဝင်များ ဝင်တိုက်ခဲ့ကြောင်း ပြောထားသည်။
“စစ်ရေး ရည်မှန်းချက်ကတော့ ကျနော်တို့ ရန်သူ့လက်နက်ကြီးကို သွားဖျက်စီးရမှာပဲလေ၊ လက်နက်ကြီးတော့ ကျနော်တို့ မှန်းထားသလောက် ရာခိုင်နှုန်းလောက်တော့ မအောင်မြင်ဘူး၊ ဒါပေမယ့် သူတို့စခန်းကိုတော့ အထိ နာအောင်တော့ လုပ်နိုင်ခဲ့တယ်၊ ကျနော်တို့ လက်နက်ခဲ့ယမ်းတွေ သိမ်းနိုင်ခဲ့တယ်၊ တကယ်ဖျက်ချင်တာက လက်နက်ကြီးပေါ့၊ ဒါပေမယ့် လက်နက်ကြီးဖျက်စီးတာတော့ မအောင်မြင်ခဲ့ဘူး”ဟု ၎င်းက ပြောသည်။
တပ်မတော်နှင့် AA တို့ကြား ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ယခုနှစ်အတွင်းထိ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။