စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ အရာတော်မြို့နယ် တို့တွင် ဧပြီ လ ၁၈ ရက် ညနေ ပိုင်း က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၄၀၀ ကျော် ပျက်စီးခဲ့ကြောင်း တိုင်း အစိုးရအဖွဲ့က သိရသည်။
စစ်ကိုင်းတိုင်း အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာ ဇော်ဝင်းက“မိုးသီးကျ မိုးရွာ လေပြင်းတိုက် အားလုံး တပြိုင်တည်း ဖြစ်တာပါ။ အရာတော် ဝါးတန်း ကျေးရွာဘက် ဆိုရင် ဓာတ်တိုင်တွေလည်း လဲတယ်။ အိမ်တွေ တော်တော်များများ ပျက် တယ်။ ဘုန်းကြီးကျောင်း ကတော့ တော်တော်လေး ပျက်စီးသွားတယ်”ဟု ပြောသည်။
မုံရွာမြို့ခံ ကိုအောင်ကိုလတ်ကလည်း“မနေ့ ညနေ ၆ နာရီလောက်က လေပြင်းတွေ ကျတာ။ မိုးသီးတွေပါ ကျတယ်။ ဒီနေ့ တော့ ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝန်ကြီးတွေ စစ်ဆေးကူညီပေးနေတာတွေ တွေ့ရတယ်။ ဆားလင်းကြီး နယ်ဘက်က တချို့ ရွာ တွေဆိုရင် ရွာလုံးကျွတ် အမိုးတွေ လန်တယ်လို့ သိရတယ်”ဟု ပြောပြသည်။
လေဆင်နှာမောင်းကြောင့် ကျေးရွာပေါင်း ၆၀ ကျော်တွင် ပျက်စီး အိမ်ခြေပေါင်း ၄၇၀ ခန့်အထိ ရှိပြီး လူနှင့် တိရစ္ဆာန် ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က“ဆားလင်းကြီးနယ်ဘက်က လက်ပံတောင်း၊ တုံရွာ၊ ရွာသစ် အဲဒီရွာ သုံးရွာက အိမ်ခြေ ပျက်စီးမှု ပိုများတယ်။ အများစုက အမိုးလန်ပြီး အိမ်အလုံးလိုက် ပြိုတာတွေလည်း ရှိ တယ်။ ယင်းမာပင်နဲ့ မုံရွာနယ်ထဲကတော့ အိမ် အမိုးလန်တာလောက်ပဲ ရှိတယ်”ဟု ပြောသည်။
ယခုအခါ စစ်ကိုင်းတိုင်း အစိုးရ အဖွဲ့မှ ဒေါက်တာ ဇော်ဝင်း၊ ဦးမြင့်ကြည်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ သည် လေဆင် နှာမောင်း တိုက်ခတ်ခဲ့သည့် ကျေးရွာများသို့ သွားရောက် ကြည့်ရှုကာ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဒေါက်တာ ဇော်ဝင်းက“လက်ရှိမှာတော့ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေကို လူ ကယ် ပြန်နဲ့ ပေါင်းပြီးတော့ ပေးထား တယ်။ လူအသေ အပျောက်တော့ မရှိဘူး။ လတ်တလော အဖွဲ့ ပေါင်းစုံ စုပေါင်းပြီး ရှင်းလင်းရေးတွေ လုပ်ပေးနေတယ်။ ကယ်ဆယ်ရေး စခန်း ဖွင့်ပေးလောက်အောင်ထိ ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ လေဆင်နှာမောင်း ဆိုတော့ ခေါင်လန်တဲ့ အဆင့် လောက်ပါပဲ”ဟု ပြောသည်။
စည်ပင် သာယာရေးဝန်ကြီး ဦးမြင့်ကြည်က“ထိခိုက်မှု ကြီးကြီးမားမား မရှိဘူး ဆိုပေမယ့် နေရေး ထိုင်ရေးတွေကို ဆက် လက် စီစဉ်ဆောင်ရွက်ပေးသွားမှာပါ။ စစ်ကိုင်းတိုင်းက သဘာဝဘေး ထိခိုက်မှုရှိနိုင်တဲ့ ဒေသဖြစ်တဲ့ အတွက် အဓိက ထားပြီးတော့ကို လုပ်ဆောင်နေတယ် ။ အခုဆိုရင် အစိုးရ အဖွဲ့အပြင် ပြည်သူလူထု NGO အဖွဲ့အစည်းတွေ အားလုံး ပူး ပေါင်း ဆောင်ရွက်လာတဲ့ အတွက် ထိခိုက် ဆုံးရှုံးမှုတွေ နည်းလာပါတယ်”ဟု ပြောဆိုသည်။
အဆိုပါ မြို့နယ်များ အတွက် အရေးပေါ်အသုံးပြုနိုင်ရန် တမြို့နယ်လျှင် ကျပ်သိန်း ၁၀၀ စီ ကြိုတင် ချထားပေးပြီး သဘာဝ ဘေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေး ဝန်ကြီးဌာနက သီးသန့် ပစ္စည်းများနှင့် ထိ ခိုက် ပျက်စီးမှုများ အတွက် သတ်မှတ်ထားသည့် ဘတ်ဂျက် အတိုင်း ထောက်ပံ့ပေးနေကြောင်း တိုင်းအစိုးရက ပြောသည်။
ယခုအခါ လေပြင်း တိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သည့် ပြိုကျ ပျက်စီးမှုများကို နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ ဝင် များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်း အဖွဲ့များ၊ ပြည်သူများ စုပေါင်းကာ ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း အတွင်း၌ သဘာဝဘေး လေပြင်း တိုက်ခတ်မှုကြောင့် ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှ သြင်္ကန်ပြီး ကာလ အထိ အိမ်ခြေ ၁၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန မှတ်တမ်း များ တွင် ဖော်ပြထားသည်။