ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် ရွာသားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး AA အဖွဲ့အား အဝင်မခံရန်နှင့် ရောက်ရှိလာလျှင်လည်း သတင်းပို့ရန် တပ်မတော်က ရွာသို့ သွားရောက်ပြီး စည်းရုံးဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ကြောင်း တပ်မတော် သတင်း ပြန်ရေး ကြား ရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မနေ့က နေ့လည်ပိုင်းမှာ ဘောင်းဒွတ်ကျေးရွာကို ခရိုင်ရဲမှူး အပါအဝင် ခရိုင် အဆင့် တာဝန်ရှိသူတွေ၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေကို လွှတ်ပြီးတော့ ကျနော်တို့ ရွာထဲကို သွားပြီး စည်းရုံး ဆွေးနွေးခိုင်းထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဧပြီလ ၁၇ ရက်နေ့ ညက အဆိုပါ ဘောင်းဒွတ်ကျေးရွာသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲသဖြင့် အသက် ၄၀ အရွယ် ဦးမောင်သန်းအေးတွင် လက်နက်ကြီး အစ ထိမှန်ခဲ့ပြီး နှာခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မဌေးဌေးအောင်မှာလည်း ဝဲဘက် လက်မောင်းတွင် ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့သဖြင့် လက်ရှိအချိန်တွင် မြောက်ဦး ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကု သမှုခံယူနေရသည်။
လက်နက်ကြီးကျ၍ ဒဏ်ရာရရှိထားသူ ဦးမောင်သန်းအေး၏ ဇနီးဖြစ်သူ ဒေါ်ပေါက်စ က “ အဲဒီညက လက်နက်ကြီး အသံတွေကြားတော့ ကျမတို့ မိသားစု ၆ ယောက် အိမ်အောက်ဆင်းပြီးတော့ လှေကားရင်းမှာ ဝပ်နေကြပါတယ်။ အဲဒီအချိန် လက်နက်ကြီး အိမ်ထဲလာကျပြီးတော့ ကျမ ယောင်္ကျားနဲ့ သမီးကို လာမှန်တာ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ပုန်းခိုသည့်သည့်ကြားက လက်နက်ကြီး ထိမှန်သဖြင့် ဒဏ်ရာ ရရှိထားသည့် အမျိုးသားနှင့် သမီးဖြစ်သူ တို့ အပါအဝင် ရွာအနီးမှ ချောင်းထဲသို့ ပြေးကာ တညလုံး ပုန်းခိုနေခဲ့ရကြောင်းလည်း ဒေါ်ပေါက်စက ပြောသည်။
ထိုသို့ ပြင်ထန်စွာ ဒဏ်ရာ ရရှိခဲ့သော်လည်း မြောက်ဦးမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသဖြင့် မြို့ပေါ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ မနက် ၅ နာရီကျော်မှ ၎င်းကျေးရွာသို့ သွားရောက်ပြီး လူနာများကို ဆေးရုံသို့ တင်ပို့ နိုင်ခဲ့ကြောင်းလည်း သိရသည်။
မြောက်ဦးမဲဆန္ဒနယ်မှ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော် ကလည်း ထိုနေ့ ညနေ ၁၀ နာရီကျော် အချိန်ကတည်းက လက်နက်ကြီး ပစ်ခတ်သံများကို အကြိမ်များစွာကြားရပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အတွက် မည်သူမျှ အပြင်မထွက် မကြည့်ရဲ ဟုဆိုသည်။
ဦးကျော်ကျော် က “ ဒဏ်ရာရတဲ့ ၂ နှစ်ယောက်ကို မနေ့က ကျနော် ဆေးရုံသွားပြီးတော့ ကြည့်ခဲ့ပါတယ်။ ဆရာဝန်ကြီး ပြောတာကတော့ သိပ်ပြီးတော့ မစိုးရိမ်ရဘူးလို့ ပြောတယ်။ ကျနော် ရွာသားတွေကိုလည်း မေးကြည့်တော့လည်း အပြန်အလှန် သူပစ်၊ ကိုယ်ပစ် တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော် သတင်းပြန်ကြာရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတော့ ဧပြီလ ၁၇ ရက်နေ့ ဘောင်းဒွတ် ကျေးရွာ အနီးတွင် တည်ရှိသည့် အမှတ် ၃၇၇ တပ်ရင်းနှင့် အမှတ် ၃၇၈ တပ်ရင်းအပါအဝင် ကားလမ်းမပေါ်တွင် တည်ရှိသော အမှတ် ၅၄၀ တပ်ရင်းတို့ ၃ ရင်းအား AA အဖွဲ့က ည ၉ နာရီကျော် တကြိမ်၊ ည ၁၀ နာရီကျော် တကြိမ် ၂ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဲဒီဘောင်းဒွတ်ကျေးရွာနဲ့ ကပ်လျှက် ကျနော်တို့ တပ် ၂ တပ်ရှိတယ်။ တနေ့က ည ၁၀ နာရီခွဲလောက်မှာ ကားလမ်းမပေါ်ကနေ ပစ်တာရှိတယ်။ ဘောင်းဒွတ်ကျေးရွာကနေ ပစ်တာ ရှိတယ်။ ပြီးရင် မြိုထဲမှာ ရှိတဲ့ တပ်ကိုလည်း ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်ကနေ ပစ်တာ ရှိတယ်။ ပစ်တဲ့နေရာ ကနေပြီးတော့ ကျနော်တို့ ၄၀ မမ ဗုံးသီးခွံတွေရယ်။ ကျည်ခွံတွေရယ်တွေ့တယ်။ ကျနော်တို့ဆီက လည်း ပြန်ပစ်တာတွေရှိတယ်” ဟု ပြောသည်။
AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့ ယင်းနေ့ ညက တပ်မတော် တပ်ရင်းများကို AA အဖွဲ့အနေဖြင့် လုံးဝ ပစ်ခတ်တာ မရှိဘဲ တပ်မတော်က တမင် လုပ်ကြံဖန်တီးပြီး ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း ပြောသည်။

ဦးခိုင်သုခ က “ကျနော်တို့ဘက်က ပြောထားတာရှိတယ်။ ကျနော်တို့ဘက်က ပစ်ရင် အထောက်အထားပြပါ။ ကျည်ခွံတခွံ လောက်ပြပါ အဲလို မျိုးပြောထားထားအပေါ်မှာ လုပ်ကြံပြီးတော့ ကျနော်တို့ဘက်က ပစ်တယ်။ ဒီမှာ ကြည့်ပါ AA ဘက်က ပစ်တာ ဆိုပြီးတော့ လုပ်ကြံထားတဲ့ အနေအထား ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သြင်္ကန်ကာလ ဧပြီးလ ၁၄ ရက် ကလည်း အဆိုပါ ဘောင်းဒွတ် ကျေးရွာအတွင်း ပစ်ခတ်မှု ဖြစ်ပွားသည့် အသက် ၆၂ အရွယ် ဦးမောင်ကျော်စိန်မှာ သေဆုံးသွားခဲ့ပြီး လက္ကာကျေးရွာမှနေ ဘောင်းဒွတ် ကျေးရွာသို့ ရောက်ရှိနေသည့် အသက် ၆၀ နှစ်အရွယ် ဦးကျော်သိန်းမှာ ခဲ့သည့်အတွက် စစ်တွေ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသခဲ့ပြီး ဒဏ်ရာ ပြင်းထန် သောကြောင့် စစ်တွေဆေးရုံမှ တဆင့် ရန်ကုန်သို့ ပြောင်း ရွှေ့ကုသ မှုခံယူနေရသည်။