ပလက်ဝ-မီဇိုရမ်လမ်းပိုင်း ဖောက်လုပ်နေသည့် ဆုထူးစံလုပ်ငန်းခွင့်မှ ဖမ်းထားသူ ၈ ဦးနှင့်ပတ်သက်ပြီး ကွင်းဆက်များ စုံ စမ်းဖော်ထုတ်နေဆဲဖြစ်၍ လတ်တလော ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း ရခိုင်စစ်တပ် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောသည်။
ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာအနီး လမ်းပိုင်းအားတာဝန်ယူဖောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီလုပ်ငန်း ခွင်မှ ၁၃ ဦးအနေဖြင့် မတ်လ ၃၀ ရက်နေ့တွင် AA အဖွဲ့၏ ဖမ်းဆီးခံရပြီးနောက် ဧပြီ ၁ ရက်နေ့တွင် ဦးဝေဖြိုး၊ ဒေါ်နုချေ၊ ဦး ဖိုးကျော်၊ ဒေါ်မိုးမိုးမြင့်နှင့် ဦးဇော်ဝင်းတို့မှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၈ ဦးမှာ ဆက်လက်ဖမ်းဆီးခံရဆဲဖြစ်သည်။
ခိုင်သုခ က “ ၃ ဦးက စစ်ထောက်လှမ်းရေးဟောင်းတွေ၊ ၅ ဦးက သူတို့နဲ့ဆက်စပ်ပြီးအတူလုပ်ခဲ့သူတွေ၊ ကွင်းဆက် လိုက် လံဖော်ထုတ်နေတဲ့ ကိစ္စလေးတွေရှိသေးလို့ ထိန်းသိမ်းထားတာပါ၊ သူတို့ကို လူသားတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတာ၊ ဘာမှ ညှင်းပမ်းနှိပ်စက်မှုတွေ ဘာမှမလုပ်ဘူး။ အချိန်တန်ရင်တော့ အပြစ်မရှိ သူအားလုံးကို ပြန်လွှတ်ပေးဖို့ ကျနော်တို့မှာအစီအစဉ်ရှိပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
လက်ရှိ ဖမ်းဆီးခံထားရသူများမှာ ဦးလှမျိုးအောင်၊ ဦးကျော်ကျော်ထွန်း၊ ဦးစောကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်း ဟန်၊ ဦးထွန်းအောင်ကျော်နှင့် ဦးဇော်မျိုးသူတို့ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
၎င်းတို့အား စစ်ဘက်လုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့်ဟုဆိုကာ AA ၏ဖမ်းဆီးခြင်းကို တပ်မတော်က ပယ်ချခဲ့ပြီး ဆု ထူးစံကုမ္ပဏီမှ ဝန်ထမ်းများသည် အစိုးရဝန်ထမ်းများ မဟုတ်သကဲ့သို့ တပ်မတော်နှင့်လည်း အဆက်အသွယ်မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဲ့ဒီစွပ်စွဲချက်က သိပ်ပြီးအဓိပ္ပါယ်မရှိပါဘူး။ သင်္ဘောမီးရှို့တုန်းကလဲ တပ်ကသုံးနေလို့ဆို ပြီးပြောတယ်၊ တကယ်တမ်းလုပ်တဲ့အခါ တပ်ပစ္စည်းတွေလဲမရှိပါဘူး။ အဲ့ဒါလဲ တပ်နဲ့အဆက်အသွယ်ရှိတဲ့ဟာ မဟုတ်ပါ ဘူး။ ပလက်ဝ ဒေသစီမံကိန်းအတွက် တမင်နှောက်ယှက်နေတဲ့ သဘောရှိပါတယ်။ အကြောင်းပြချက်မျိုးစုံပေးပြီး လုပ်နေ တဲ့သဘောပါပဲ” ဟု ဧရာဝတီသို့ပြောသည်။
ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်ပြီး ယခင်စစ်ထောက်လှမ်းရေးဟောင်းများထဲတွင် ၎င်းတို့အမည်အား မကြားဖူးကြောင်း နှင့် ၎င်းတို့လုပ်ကိုင်သည့် နေရာသည် အဖြူရောက်နယ်မြေ ဖြစ်ခဲ့သည့်အပြင် ရွာသူ/သားများ အချိန်မရွေး သွားလာမှုရှိသည့် အတွက် စီမံကိန်းအား ကာဗာယူပြီး လုပ်ဆောင်သည့် အခြေအနေမှာ ဖြစ်နိုင်ချေနည်းပါးကြောင်း အငြိမ်းစား ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးဝင်းမောင်မောင် က ဧရာဝတီသို့ သုံးသပ်ပြောကြားသည်။
AA အဖွဲ့အနေဖြင့် မတ်လ ၁၆ ရက်နေ့ကလည်း ပလက်ဝတံတား စီမံကိန်းအတွက် သံဘောင်များတင်ဆောင်လာသည့် ရ တနာဝင်း (၇) အား စစ်ဘက်အသုံးအဆောင်များ တင်ဆောင်လာသည်ဟုဆိုကာ သင်္ဘောပေါ်မှဝန်ထမ်းများအား ကမ်းပေါ် ခေါ်တင်၍ သင်္ဘောအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း တပ်မတော်က ထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုသည် သင်္ဘော တာဝန်ရှိသူများ အနေဖြင့် ၎င်းတို့ထံ ကြိုတင်သတင်းပေးမှု မရှိသည့်အတွက် ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တို့အတွင်း AA တပ်ဖွဲ့များစစ်ရေးလှုပ်ရှားသည့် နေရာများသို့ ဝင်ရောက်မည်ဆိုပါက သယ်လာမည့်ပစ္စည်းနှင့် လူဦးရေကို သတင်းပေးရမည်ဖြစ်ကြောင်း ခိုင်သုခက ဆိုထားသည်။
ထိုဖြစ်ရပ်တွင်လည်း တပ်မတော်မှ စစ်ဘက်လုပ်ငန်းများအတွက် သင်္ဘောအား အသုံးပြုခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထား သည်။
ရခိုင်ပြည်နယ်ထဲသို့ AA ဝင်လာပြီးနောက် ပြည်သူများ သွားလာနေသည့် နေရာများတွင် ဗုံးပေါက်ကွဲမှုများရှိသကဲ့သို့ ပစ်ခတ်မှု၊ ဖောက်ခွဲမှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည့် အပြင် အရပ်သားများကို ပြန်ပေးဆွဲခြင်း ခြိမ်းခြောက်ခြင်းများမှာ အကြမ်းဖက်လမ်းပုံစံ ဖြစ်နေကြောင်း တိုင်းရင်းသား အရေးနှင့် နိုင်ငံရေး စောင့်ကြည့်လေ့လာ နေသူ နိုင်ငံရေး အကဲခတ်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “အရပ်သားတွေကို ထိခိုက်တဲ့၊ အရပ်သားတွေကို ခြိမ်းခြောက်တဲ့၊ အရပ်သားတွေကို ပြန်ပေးဆွဲတဲ့ အကြမ်းဖက် လမ်းစဉ် ပုံစံမျိုး ဖြစ်နေတယ်။ သွေးဆာနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒါမျိုးဆိုရင် AA ရဲ့ နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ဖို့ မလွယ်ဘူး။ ဒါခြားတိုင်းရင်းသားတွေကရော၊ ပြည်မမှာရှိတဲ့ ဗမာတွေကရော လက်ခံမှာ မဟုတ်ဘူး” ဟု ပြောသည်။
လက်ရှိ ဖမ်းဆီးထားသူ ၈ ဦးနှင့်ပတ်သက်ပြီး ဆက်စပ်မှုများ စုံစမ်းနေဆဲဖြစ်သည့်အတွက် အပြစ်မရှိသူများအား မည်သည့်အချိန် ပြန်လွတ်မည်၊ အပြစ်ရှိသူအား မည်သို့အရေးယူမည်ဆိုသည်ကို စစ်ရုံးချုပ်ကသာ ဆုံးဖြတ်မည်ဖြစ်သည့်အတွက် လတ်တ လော အတိအကျ မပြောနိုင်သေးကြောင်းလည်း ခိုင်သုခက ပြောသည်။
ဆုထူးစံကုမ္ပဏီမှ တစိတ်တပိုင်းတာဝန်ယူ ဖောက်လုပ်နေသည့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွားကားလမ်းနှင့် ၎င်းလမ်းပေါ် ရှိ ပလက်ဝ တံတားစီမံကိန်းတို့မှာ မြန်မာနိုင်ငံနှင့် အန္ဒိယနိုင်ငံအကြား ဆက်သွယ်ပေးမည့်လမ်းကြောင်းဖြစ်ပြီး ယင်းလမ်းပြီး စီးပါက နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း တပ်မတော်က ပြောထားသည်။