ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်တန့်ပေးရန်အတွက် အလျော်ပေးကမ်းလှမ်းမှုကို လက်ခံပေးရန် တရုတ်သမ္မတ ရှီကျင့်ပင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ ကမ်းလှမ်းမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီကို ပြန်ရွေးယူရန် ဦးစီးဦးဆောင် ပြုကြသူများက သမ္မတ ရှီကျင့်ဖျင်ထံ ပေးပို့မည်ဆိုသော အိတ်ဖွင့်ပေးစာ တစောင်ကို ဧပြီ ၂၀ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။
အဆိုပါ အိတ်ဖွင့်ပေးစာထဲတွင် “မြန်မာပြည်သူများ၏ သဘောထားမှာ ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံဆည်အပါအဝင် မည်သည့် ဆည်တည်ဆောက်မှုကို မဆို လက်မခံနိုင်ပါ။ ထို့ကြောင့် မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ စာချုပ်ပါ အတိုင်း တရုတ်နိုင်ငံမှ တရားဝင်ကျခံထားသမျှ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာပြည်သူများက တာဝန်သိစွာ ပြန်လည် ပေးလျော် ရွေးယူခြင်းကိုသာ အဖြေအဖြစ် ကမ်းလှမ်းလိုပါသည်” ဟု ပါရှိသည်။
ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ဧပြီ ၂၀ ရက်နေ့က “ဧရာဝတီကို ပြန်ရွေးယူကြမယ်” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ပြီး ဒေါက်တာထွန်းလွင်၊ လဖိုင်ဆိုင်းရော်၊ စိုင်းညွန့်လွင်၊ စာရေးဆရာ ကိုတာ၊ ဆရာမဂျူး၊ ဒေါက်တာ မြင့်ဇော် တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး သရုပ်ဆောင် ပိုင်ဖြိုးသု၊ ဒေါင်း၊ အဆိုတော် အောင်ထက်တို့လည်း ပါဝင် ခဲ့ကြသည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ စာချုပ်ပါအတိုင်း တရုတ်နိုင်ငံမှ တရားဝင်ကျခံထားသမျှ ရင်းနှီးမြှုပ်နှံ မှုများကို မြန်မာ ပြည်သူ များက တာဝန်သိစွာဖြင့် ပြန်လည်ပေးလျော် ရွေးယူမည်ဟု တရုတ်သမ္မတ ရှိကျင့်ပင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ကမ်းလှမ်းလိုက်သည်။
တရုတ်နိုင်ငံ၌ ယခုလကုန်ပိုင်းတွင် ၎င်းတို့၏ ရပ်ဝန်းတခုနှင့် လမ်းတခုအစီအစဉ် (BRI) အစည်းအဝေး ကျင်းပမည် ဖြစ်ပြီး ထိုအစည်းအဝေးကို တက်ရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ အဆိုပါ အိတ်ဖွင့်ပေးစာကို ထည့်ပေးရန်ရည်ရွယ်ထားကြောင်း စာရေးဆရာမ ဂျူး က ပြောသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်တန့်ရန်အတွက် ပြည်သူများ စုပေါင်းအင်အားဖြင့် တဦးလျှင် တဒေါ်လာနှုန်းဖြင့် One Dollar Campaign ပုံစံဖြင့် စည်းရုံး ကောက်ခံ သွားရန်ရှိကြောင်း သိရသည်။
စာရေးဆရာမ ဂျူး က “ကျမတို့ ပြည်သူလူထုအတွက် တလကို တဒေါ်လာဆိုတာက သိပ်ခက်ခဲ ဆင်းရဲတဲ့ကိစ္စတော့ မဟုတ်ဘူး။ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ ဒါပေမယ့် မပေးနိုင်လောက်အောင် ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ဘူး။ အဲဒါကြောင့် ကျမတို့က တဒေါ်လာနဲ့ စတာဖြစ်ပါတယ် ” ဟု ရှင်းပြသည်။
One Dollar Campaign ထိုအစီအစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ခရီးစဉ်က အပြန်တွင် လုပ်ဆောင်ဖြစ်ဖွယ်ရှိကြောင်းလည်း သိရသည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို စုပေါင်းအားဖြင့် တယောက်ကို တဒေါ်လာ နှုန်းဖြင့် ၁၀ ကြိမ်၊ ၁၅ ကြိမ် စုပေါင်းထည့်ဝင်နိုင်မည် ဆိုပါက ဧရာဝတီကို ပြန်ရွေးနိုင်ပါမည်ဟု စာရေးဆရာ ကိုတာက ထောက်ပြသည်။
One Dollar Campaign အတွက် စကားဝိုင်းတွင် ပြောကြားသူများပါဝင်သည့် ကော်မတီဖွဲ့ကာ ဆောင်ရွက်သွားမည် ဖြစ်သည်။ ၎င်းကော်မတီတွင် ငွေကြေးပိုင်းအတွက် အကြံပေးနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် တပ်မတော်အစိုးရ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်သမ္မတ ဟူကျင်းတောင် တို့က သဘောတူကာ နှစ်နိုင်ငံကြား စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်ပါ အချက်အလက် များကို လူထုအား ယခုအချိန်အထိ ချပြခြင်း မရှိပါ။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် အကြီးစား ရေကာတာ စီမံကိန်းတခုဖြစ်ပြီး ယင်းစီမံကိန်းထဲ၌ မေခ၊ မလိခမြစ်များ ပေါ်တွင် ဆည် ၇ ခုခန့်လည်း ဆောက်လုပ်မည် ဖြစ်သည်။
စီမံကိန်း တည်ဆောက်ပြီးပါက ခန့်မှန်းခြေ ထွက်ရှိမည့် လျှပ်စစ်မီဂါဝပ် ၆၀၀၀ ထဲမှ ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိ မည် ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံက ရရှိမည်ဟု သဘောတူညီထားသည်။
မြစ်ဆုံ စီမံကိန်း၏ တန်ကြေး စုစုပေါင်း ဒေါ်လာသန်း ၃၆၀၀ ခန့်ရှိကာ တရုတ်အစိုးရ၏ တရုတ် လျှပ်စစ်စွမ်းအား ရင်းနှီး မြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) က ရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်း၊ မြန်မာ အစိုးရမှ ၁၅ ရာခိုင်နှုန်းနှင့် အေးရှားဝေါ ကုမ္ပဏီမှ ၅ ရာခိုင်နှုန်း ရှယ်ယာပါဝင်ထားကြသည်။
အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုနှင့် နယ်ပယ်စုံမှ ဝိုင်းဝန်းကန့်ကွက်သဖြင့် သမ္မတဦးသိန်းစိန် လက်ထက်က ၎င်းသမ္မတ သက်တမ်းအတွင်း စီမံကိန်းကို ရပ်ဆိုင်းခဲ့သော်လည်း ယခုအစိုးရ လက်ထက်တွင် တရုတ်နိုင်ငံက စီမံကိန်း ပြန်စရန် ပြောဆိုမှုများ ရှိနေသည်။
ထို့ကြောင့် မြန်မာလူထုက စိုးရိမ်နေကြပြီး ကန့်ကွက်မှုများ ပြုလုပ်နေကြသည်။