ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် သမဂ္ဂကျောင်းသားဟောင်းများ စုပေါင်းကာ ၂၀၁၉ သြင်္ကန်တွင် သံချပ်ထိုးဖျော်ဖြေခဲ့သည့် “ဒေါင်းတို့မျိုးဆက်”သံချပ်အဖွဲ့အား အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်မြို့မရဲစခန်းတွင် ဧပြီလ ၁၉ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကို ဝေဖန်ပုတ်ခတ်၍ သံချပ်ထိုးသည်ဟုဆိုကာ“ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ် (ခ) ဘိုသာနှင့် မကေခိုင်ထွန်းတို့အား တပ်မတော်မှ ရန်ကုန်တိုင်း မရမ်းကုန်းမြို့မရဲစခန်းတွင် ဧပြီလ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅ (က) (တပ်မတော်ကို ဖြိုခွဲရန် ကြိုးပမ်းမှု) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်နေ့တွင် သံချပ်အဖွဲ့ဝင် ၂၅ ဦးကို ပုသိမ်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံအမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ ဧပြီလ ၁၂ ရက်နေ့က သံချပ်ထိုးဖျော်ဖြေခဲ့ရာတွင် တပ်မတော်ကို ထိခိုက်ပုတ်ခတ်စော်ကားသောစာသားများဖြင့် သံချပ်ထိုး၍ လူမှုကွန်ရက် Facebook တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စား ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဝင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေနှင့် မဆုရတနာမြတ်အပါအဝင် သံချပ်အဖွဲ့ဝင် ၂၅ ဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ မအူပင်မြို့မှာ သံချပ်ထိုးပြီး ဖေ့စ်ဘွတ်မှာ Live လွှင့်တဲ့နေရာမှာ တပ်မတော်ကို ထိခိုက်ပုတ်ခတ်တဲ့စာသားတွေ ပါတယ်ဆိုပြီးတော့ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ပုသိမ်မြို့မ ရဲစခန်းမှာ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
“ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့ကို တက္ကသိုလ်သမဂ္ဂကျောင်းသားကျောင်းသူများနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သံချပ်စာသားများကို ဆင်ဆာအဖွဲ့သို့ မတင်ပြခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆုပေးမဏ္ဍပ်များတွင် စင်ပေါ်တက်၍ ဖျော်ဖြေခွင့် ပိတ်ပင်ခံခဲ့ရသည့် သံချပ်အဖွဲ့ ဖြစ်သည်။
“ဒေါင်းတို့မျိုးဆက်”အဖွဲ့မှာ ဧရာဝတီတိုင်းဒေသကြီးရှိ ဒေးဒရဲ၊ ဖျာပုံနှင့် မအူပင်မြို့ရှိ မဏ္ဍပ်များတွင် လာရောက် ဖျော်ဖြေခဲ့ပြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့တွင် လူအုပ်စုတစု၏နှောင့်ယှက်မှုကြောင့် ဖြေဖျော်ပွဲ ဖျက်သိမ်း ခဲ့ရကြောင်း သိရသည်။
သံချပ်ဆိုသည်မှာ တိုင်းပြည်၏ ကမောက်ကမအဖြစ်အပျက်များကို ပြည်သူသိစေရန် ဖော်ထုတ်၍သံချပ်ထိုးခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန် သဘောတူစေရေး၊ လွှတ်တော်ထဲတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မရှိစေရေးနှင့် နိုင်ငံရေးတွင် တပ်မတော်၏အာဏာ ဆုပ်ကိုင်ထားမှု မရှိစေရေးအတွက် ရည်ရွယ်၍ သံချပ်ထိုးခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ပြောသည်။
“သံချပ်ဆိုတာက တိုင်းပြည်ရဲ့ကမောက်ကမ အခြေအနေတွေကို ပြည်သူသိအောင် ဖော်ထုတ်တာပါ။ တပ်မတော်ဟာ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးကမောက်ကမဖြစ်မှုမှာ ထိပ်ဆုံးက ပါပါတယ်။ ကျနော်တို့ သံချပ်ထိုးတာက သူတို့ကို ကျနော်တို့သံချပ်စာသားထဲကအတိုင်း ဖြစ်စေချင်တဲ့အတွက် သံချပ်ထိုးတာ ဖြစ်တယ်။ တပ်ကို ပုတ်ခတ်တယ်ဆိုတာထက် ကျနော်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို အားလုံးက ဝိုင်းပြီးထောက်ပြ ပြောဆိုနေတဲ့သဘော ဖြစ်ပါတယ်။ ကျနော်တို့ကို စွဲထားတဲ့အမှုအားလုံးကို တည့်တည့်ပဲ ရင်ဆိုင်ဖြေရှင်းသွားမှာပါ”ဟု ကိုဇေယျာလွင်က ပြောသည်။
၂၀၁၇ ခုနှစ်အတွင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြရာတွင် တပ်မတော်နှင့် တပ်မတော်သားမိသားစုဝင်များအား ဂုဏ်သိက္ခာ ထိခိုက်စေသည့်ကိစ္စများ ထည့်သွင်းကပြသည်ဟုဆိုကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား ၉ ဦးကို ပုဒ်မ ၅၀၀ (အသရေဖျက်မှု) ဖြင့် တရားစွဲဆိုခဲ့ရာ ပုသိမ်မြို့နယ်တရားရုံးက ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ကျောင်းသားများကို ဒဏ်ငွေများ အသီးသီးချမှတ်ခဲ့သည်။
အဆိုပါ “စစ်ပွဲအလိုမရှိ”ပြဇာတ်ကို Facebook လူမှုကွန်ရက်တွင် တိုက်ရိုက်လွှင့်တင်ခဲ့သူ ပုသိမ်မြို့မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ – HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးကို နတခမှ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ရာ ၂၀၁၈ ခုနှစ်မေလတွင် ပုသိမ်မြို့နယ် တရားသူကြီးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သည်။