သီရိလင်္ကာနိုင်ငံရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့်ဇိမ်ခံဟိုတယ်များတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ယမန်နေ့က ဆက်တိုက်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်၌ သေဆုံးသူ ၂၉၀ ဦးအထိ တိုးလာကြောင်း သိရသည်။
ဤအရေအတွက်နှင့် အကြမ်းဖက်မှု ဖြစ်စဉ်မှာ ပြည်တွင်းစစ်နောက်ပိုင်း အဆိုးဝါးဆုံးဖြစ်ပြီး၊ ဗုံးခွဲ တိုက်ခိုက်မှု ၈ခုလုံး မှာ တပြိုင်နက်တည်း ဖြစ်ပွားခဲ့ရာ ခရစ်ယာန်ဘာသာဝင်များနှင့် နိုင်ငံခြားသား ဧည့်သည်များကို ပစ်မှတ်ထားခြင်း ဖြစ်သည်။
သေဆုံးသူအရေအတွက် တညတည်းမှာပင် တိုးလာခြင်းဖြစ်ပြီး၊ ဒဏ်ရာရသူမှာလည်း ၅၀၀ခန့် ရှိကြောင်း တနင်္လာနေ့နံနက်တွင် ရဲတပ်ဖွဲ့ပြောခွင့်ရသူ တဦးက ဆိုသည်။
မြို့တော် ကိုလံဘိုရှိ အဓိက လေဆိပ်တွင် ထောင်ထားသည့် လက်လုပ်ဗုံးတလုံးကို စနက်တံဖြုတ်သိမ်းနိုင်ခဲ့သည်။
သီရိလင်္ကာတစ်နိုင်ငံလုံးတွင် သတ်မှတ်ချိန်အတွင်း လမ်းမထွက်ရအမိန့်(ကာဖြူး)ထုတ်ပြန်ထားကြောင်း၊ နီဂွမ်ဘိုမြို့ လမ်းများပေါ်တွင် လူသွားလူလာနှင့်သုံးဘီးတပ်ယာဉ်များ ပုံမှန်သွားလာနေကြောင်း AFP သတင်းထောက်များက ဆိုသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတခုဖြစ်သော စိန့်ဘက်စ်တီယန်ဘုရားရှိခိုးကျောင်းတွင် ယခုအခါ လုံခြုံရေးထူထပ်စွာ ချထားသည်။
ယင်း ဗုံးခွဲ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ခြင်း မရှိသေးသော်လည်း ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် လူ ၂၄ ဦးဖမ်းဆီးထားကြောင်း ပြောကြားသည်။
အကြမ်းဖက် ဗုံးခွဲ သမားများများနှင့် နိုင်ငံတကာကွန်ရက်များနှင့် ချိတ်ဆက်မှုရှိ/မရှိ စုံစမ်းရေးမှူးများအနေဖြင့် စစ်ဆေးနေပြီဖြစ်ကြောင်း သီရိလင်္ကာအစိုးရက အစောပိုင်းတွင် ပြောကြားထားသည်။
အသေခံဗုံးခွဲသမား များသည် ဖောက်ခွဲမှုမပြုမီ Cinnamon Grand ဟိုတယ်တွင် အီစတာပွဲတော်ကာလ တနင်္ဂနွေနေ့ နံနက်စာဘူဖေးအတွက် စိတ်ရှည်ရှည်ဖြင့် တန်းစီစောင့်ဆိုင်းနေခဲ့သည်ဟုလည်း သိရသည်။
ဟိုတယ်သို့ မိုဟာမက် အဇမ် မိုဟာမက်ဟု အမည်စာရင်းပေးထားပြီး ပန်းကန်ပြားတချပ်ကိုင်ထားသူက ဟိုတယ် စားသောက်ဆိုင်အတွင်း ဗုံးခွဲခြင်းဖြစ်ကြောင်း သီရိလင်္ကာဟိုတယ်မှ မန်နေဂျာတဦးက ပြောသည်။
“မနက် ၈ နာရီခွဲ လူစည်ကားတဲ့အချိန်မှာပါ။ မိသားစု အလိုက် စားသောက်ဆိုင်ထဲမှာ ရှိနေကြပါတယ်။ အဲဒီအချိန်မှာ တန်းစီနေတဲ့ လူတန်းရဲ့ထိပ်ကို ဗုံးသမားရောက်လာပြီးတော့ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ဗုံးဖောက်ခွဲသူတဦးမှာ ယင်းမြို့သို့ အလုပ်ကိစ္စဖြင့်လာရောက်သည်ဟုဆိုပြီး သီရိလင်္ကာနိုင်ငံသားတဦးအဖြစ် လိပ်စာအမှားများ ဟိုတယ်သို့ စာရင်းပေးကြောင်း အခြားဟိုတယ်တာဝန်ရှိသူတဦးက ပြောပြသည်။