မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း၏ နေအိမ် ဖောက်ထွင်းခဲ့သူ ကိုရဲမင်းပိုင် (၂၄ နှစ်) ကို ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့၌ ဖမ်းမိခဲ့ကြောင်း သတင်းရရှိ သည်။
ကိုရဲမင်းပိုင်မှာ မုပွန် ရပ်ကွက် ကျောက်တန်း လမ်းမ ဘောလုံးကွင်း ဇွဲကပင်ခြံ (မုပွန် သချုႋင်း အနီး) ၌ ဇနီးဖြစ်သူ မဇာဇာ အောင် (ခ) မလိမ္မာ (၂၆ နှစ်) နှင့် အတူ နေထိုင်သော သဲလွန်စကို ရဲတပ်ဖွဲ့က စုံစမ်း သိရှိခဲ့ပြီးနောက် ဧပြီ ၁၈ ရက် ညပိုင်းက ၎င်းအိမ်သို့ ဝင်ရောက် ရှာဖွေနေစဉ် ထွက်ပြေး တိမ်းရှောင် သွားကြောင်း မုပွန်နယ်မြေ ရဲစခန်းက ပြောဆို ထားသည်။
ထိုသို့ ဝင်ရောက် ရှာဖွေ ဖမ်းဆီးသည့် ပူးပေါင်း အဖွဲ့တွင် ရဲတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ)၊ ရဲ အထူး သတင်းတပ်ဖွဲ့ (SB) တို့ ပါဝင်ကြောင်း သိရသည်။
ဧပြီ ၁၅ ရက် ညနေပိုင်းက ဦးမျိုးဇော်ဝင်း၏ နေအိမ် ဖောက်ထွင်းမှု မဖြစ်ပွားခင် ထိုနေ့ နံနက် ၁၁ နာရီကျော်ကလည်း မော်လမြိုင်မြို့ရှိ နေအိမ် တအိမ်ကို ကိုရဲမင်းပိုင်က ဝင်ရောက် ဖောက်ထွင်းခဲ့ရာ ယင်းအိမ်ရှိ CCTV မှတ်တမ်းမှ တဆင့် ရဲတပ်ဖွဲ့က ခြေရာခံ သဲလွန်စ ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆိုပါ ရဲစခန်းက သိရသည်။
ထွက်ပြေး တိမ်းရှောင်နေသော ကိုရဲမင်းပိုင်ကို ဧပြီ ၂၁ ရက်၌ သံဖြူဇရပ်-ရေး ကားလမ်း သေမင်း တမန် ပြတိုက် အရှေ့ တွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီးနောက် မော်လမြိုင် မြို့သို့ ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲက မုပွန် နယ်မြေ ရဲစခန်း သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးမျိုးဇော်ဝင်း နေအိမ်သို့ ဝင်ရောက် ဖောက်ထွင်းစဉ် CCTV ကင်မရာမှ မှတ်တမ်း တင်ထားသော အထိုင်စက်ကို ကိုရဲမင်းပိုင်က ဖြုတ်ယူသွားပြီးနောက် ယင်းအိမ် အနီးရှိ နဂါးရုံ ဘုရားဝင်းထဲမှ တောင်အောက်သို့ လွှင့်ပစ်ထားခြင်းကို ရဲတပ်ဖွဲ့ဝင် များက ဧပြီ ၂၁ ရက် ညနေပိုင်းတွင် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဧပြီ ၁၈ ရက်က ကိုရဲမင်းပိုင်၏ နေအိမ်တွင်း ဝင်ရောက် ရှာဖွေစဉ် ရွှေထည်ပစ္စည်း ၉၇ မျိုး (ရွှေနှင့် ကျောက်စုစုပေါင်း ၂၈ ကျပ်သားကျော်)၊ မြန်မာငွေ သိန်း ၅၀ ကျပ်၊ EFI Yamaha ဆိုင်ကယ်တစီးအပြင် ထိုင်းဘတ်ငွေ ၆၆၉၃ ဘတ် တို့ ကို ရဲတပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့ သဖြင့် ၎င်း၏ဇနီး ဖြစ်သူ မဇာဇာအောင်ကို မုပွန် နယ်မြေ ရဲစခန်းက ဖမ်းဆီး စစ်ဆေး ခဲ့ သည်ဟု ဆိုသည်။
ဦးမျိုးဇော်ဝင်း နေအိမ်မှ ရွှေထည် လက်ဝတ် ရတနာ ၂ ပိဿာကျော်၊ မြန်မာငွေ သိန်း ၈၀ ကျပ်နှင့် Sumsung Galaxy Note 9 ဖုန်း ၁ လုံး ဖောက်ထွင်းခိုးယူ ခံရကြောင်း ၎င်း၏တပည့် ဖြစ်သူက တရားလိုပြုလုပ်၍ မုပွန် နယ်မြေ ရဲစခန်းထံ အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ဦးမျိုးဇော်ဝင်း၏ ဇနီး ဖြစ်သူ ဒေါ်ခင်မျိုးအေးက ၎င်း၏ နေအိမ်မှ ရွှေ ၃၀ ကျပ်သား ဝန်း ကျင်နှင့် ကျပ် သိန်း ၈၀ ကျပ် ခန့်နှင့် Samsung ဖုန်း ၁ လုံးသာ ပါသွားခြင်း ဖြစ်ကြောင်း ရွှေချိန် အရေတွက် လွဲမှား နေကြောင်း သတင်း မီဒီယာများကို ဧပြီ ၁၇ ရက်က ရှင်းပြထားသည်။
လတ်တလော၌ ကိုရဲမင်းပိုင်ကို မုပွန် နယ်မြေ ရဲစခန်းတွင် စစ်ဆေးနေဆဲ ဖြစ်၍ သိမ်းဆည်းရမိသော မြန်မာ ငွေသိန်း ၅၀ ကျပ်နှင့် ရွှေထည် ၂၈ ကျပ်သားကျော်သည် ဦးမျိုးဇော်ဝင်း နေအိမ်မှ ဖောက်ထွင်းခဲ့သည့် ပစ္စည်းများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသော်လည်း ထိုင်းဘတ်ငွေများကိုမူ မည်သည့် နေအိမ်မှ ဖောက်ထွင်းခဲ့သော ငွေများ ဖြစ်သည် ကို မသိရှိရသေးပေ။
ထိုအမှုကို မုပွန် နယ်မြေ ရဲစခန်းတွင် (ပ) ၁၅၈၆/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၅၄ အရ အမှုဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် –
စသုံးလုံး ညွှန်ကြားရေးမှူး အိမ်မှ ဖောက်ထွင်းခံရသည့် ပစ္စည်းများ ပြန်တွေ့