မူးယစ်မှု၊ လက်နက်မှုများနှင့် စွဲချက်တင် ခံထားရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုတွင် ပြန်ခေါ် သက်သေ များ စစ်ဆေးခြင်းကို ယနေ့ အပြီးသတ် စစ်ဆေး နိုင်ခဲ့ကြောင်း ဒက္ခိဏ ခရိုင် တရားရုံးက သိရသည်။
ယင်းသို့ စွဲချက်တင်ပြီး အမှုကို ပြန်လည် စစ်ဆေးရာ ဥပဒေ လမ်းကြောင်း အရ ပြန်ခေါ် သက်သေများကို ဖေဖော်ဝါရီလ အတွင်းမှ စတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြန်ခေါ်သက်သေ ၆၀ ကျော်ကို စစ်ဆေးခဲ့ရာ ဧပြီ ၂၂ ရက်နေ့တွင် အပြီးသတ် စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်း ၏ ရှေ့နေ ဖြစ်သူ ဦးမြင့်အောင်က“ဒီနေ့ ရန်ကုန်က ပြန်ခေါ်သက်သေ ၂ ယောက်စစ်တာ အပြီး သတ် ပဲ။ ဒုရဲမှူး အေးမင်းသိန်းရယ်၊ ရယက ဦးအောင်သင်းရယ် နှစ်ယောက် စစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အမှု အသွားအလာ အရ ပြန်ခေါ် သက်သေများကို စစ်ဆေးပြီးပါက တရားခံများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ပြီး၊ တရားခံပြ သက်သေများ ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ နောက်ဆုံးတွင် လျှောက်လဲချက် တင်ခြင်းနှင့် အပြီး သတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း တရားရုံးက သိရသည်။
ဦးမြင့်အောင်က“အမှု အသွားလာ အရ ဆိုရင် ဒီနှစ်ထဲ အမှု ပြတ်နိုင်ပါတယ်။ သက်သေတွေက များတော့ စစ်နေရ တာပေါ့။ ဒါကြောင့်လည်း တပတ်ကို နှစ်ကြိမ်နှုန်းနဲ့ စစ်နေတာပေါ့”ဟု ပြောသည်။
ပြန်ခေါ် သက်သေများကို စစ်ဆေးရာ၌ တနင်္လာနေ့တွင် ရန်ကုန်မှ အမှုများ စစ်ဆေးပြီး အင်္ဂါနေ့တွင် နေပြည်တော်မှ အမှု များ စစ်ဆေးကြောင်း၊ ယခင် တပတ်ကို တကြိမ်နှုန်းဖြင့် စစ်ဆေးရာမှ အမှု စစ်ဆေးမှု မြန်ဆန်ရန် အတွက် တပတ် ၂ ကြိမ် နှုန်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်အောင်က ရှင်းပြသည်။
ယင်းအမှုနှင့် ပတ်သက်၍ စစ်ဆေးမှု ပြုလုပ်ရာတွင် အချိန် ၁ နှစ်ကျော် ကြာမြင့်သည့် အချိန်ထိ တရားလိုပြသက်သေ ၄၀၀ ကျော် စစ် ဆေးရန်ရှိရာတွင် လက်ရှိအချိန်ထိ ၂၀၀ ကျော် စစ်ဆေးပြီး ဖြစ်သည်။
မြန်မာပြည် အနေအထား အရ အမှုများ ကြန့်ကြာနေခြင်းမှာ ထူးဆန်းသည့် ကိစ္စမဟုတ်ကြောင်း၊ တရားခွင် အရေ အတွက် နှင့် အမှုများ မျှတမှု မရှိကြောင်း၊ ထို့ပြင် သက်သေများကို စစ်ဆေးရာတွင်လည်း ၎င်းတို့ဘက်မှ အကြောင်း အမျိုးမျိုး ကြောင့် ပျက်ကွက်မှုများ ရှိ သလို၊ ရည်ရွယ်ချက် ရှိရှိပျက်ကွက်မှုများ ရှိနေကြောင်း၊ သက်ဆိုင်ရာ တာဝန်ကျ ရဲဝန်ထမ်းများ ဘက်မှ တာဝန်အရ ပျက်ကွက် မှုများ လည်း ရှိကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦး က ဧရာဝတီသို့ ပြောသည်။
ဦးသိန်းသန်းဦးက“မြန်မာပြည်မှာ အမှု ကြန့်ကြာတာ သိပ် အံ့သြစရာ မရှိပါဘူး။ အမှု မြန်မြန် ပြီးသွားရင်သာ အံ့သြရတဲ့ အနေအထားပါ”ဟု ပြောဆိုသည်။
၂၀၁၇ ခုနှစ်အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကား ပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့ သဖြင့် ပုဒ်မ ၁၄ ခုဖြင့် အမှု ဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်း အမှုကို စွဲချက်တင်သည့် ပုဒ်မ ၁၄ ခုတွင် မူးယစ် ဥပဒေ ပုဒ်မ၊ လက်နက် ဥပဒေ ပုဒ်မ၊ ၁၉၂၃ မြန်မာ နိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေ၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ နိုင်ငံတော် အထိမ်း အမှတ် တံဆိပ်၊ ဆက်သွယ်ရေး ပုဒ်မနှင့် တရားခံပြေး ပုဒ်မတို့ ပါဝင် ကြောင်း သိရသည်။
ယင်းအမှုကို ၂၁၀၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်မှ စတင် စစ်ဆေးခဲ့ရာတွင် တနှစ်ကျော် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က လူဦးရေ ၆၀ ကျော်ကို စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။