သံချပ်ဖျော်ဖြေမှုနှင့်ပတ်သက်ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တပ်မတော်၏တရားစွဲဆိုခြင်းခံထားရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးအား ယနေ့ဧပြီ ၂၂ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံး၌ စစ်ဆေးခဲ့ပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ကာ ချုပ်နှောင်ခဲ့သည်။
ဖမ်းဆီးချုပ်နှောင်ခံရသူ ၅ ဦးမှာ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသားနှင့် မကေခိုင်ထွန်း တို့ဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထား ခြင်းဖြစ် သည်။
ကိုဖိုးသား က “ကျနော်တို့တိုင်းပြည်မှာ သရော်စာနဲ့သံချပ်ဟာ ပြစ်မှုဖြစ်နေပါတယ်၊ အဓိကပြောချင်တာက သံချပ်ဟာ ပြစ်မှုမဟုတ်ပါဘူး” ဟု တရားရုံးက အထွက်တွင်ပြော သည်။
အမှုနှင့်ပတ်သက်၍ တပ်မတော်ဘက်မှ တရားလိုပြသက်သေအနေဖြင့် တပ်မတော်အရာရှိ ၅ ဦးအား တင်ပြထားပြီး ရုံးချိန်းအား ဧပြီ ၂၉ ရက်နေ့ကို ချိန်းဆိုထားကြောင်း သိရသည်။
သံချပ်ထိုးသည့်အပေါ် တရားစွဲဆိုခြင်းနှင့် လက်နက်ကိုင်ပြသနာရပ်များအားလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်/ဖျက်သိမ်းမှသာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး တပ်မတော်အနေဖြင့်လည်း နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုမပြုဘဲ စစ်ရေးအရသာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်သင့်ကြောင်း ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ပြောသည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ ဧပြီ ၁၀ ရက်နေ့က ဘုရင်နောင်ပွဲရုံးဝန်းအတွင်း ဖျော်ဖြေမှုကြောင့်လည်း ကိုဇေယျာလွင်၊ ကိုပိုင်ရဲ သူ၊ ကိုပိုင်ဖြိုးမင်းနှင့် မစုရတနာမြင့်တို့ ၄ ဦးအား ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်ကပင် တရားလိုပြုလုပ်ကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဧပြီ ၁၅ ရက်နေ့က အမှုဖွင့်ခဲ့သည်။
ထို့ပြင် ဧပြီ ၁၂ ရက်နေ့က မအူပင်မြို့နယ်တွင် သံချပ်ဖျော်ဖြေမှုနှင့် ပတ်သက်၍လည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၂၅ ဦးအား အနောက်တောင်းတိုင်း စစ်ဌာနချုပ်မှ တရားလိုပြုလုပ်ကာ ပုသိမ်မြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် ဧပြီ ၁၉ ရက်နေ့က အမှုဖွင့်ခဲ့ကြောင်းလည်း သိရသည်။
ကိုဖိုးသား၏ ဖခင်ဖြစ်သူ ဦးမြကြိုင် က “အပြင်မှာ နိုင်ငံရေးလုပ်တာလဲမဟုတ်ဘူး။ နိုင်ငံတော်ပုန်ကန်တာလဲ မဟုတ်ဘူး။ သြင်္ကန်တွင်းမှာ သံချပ်ထိုးတာကို ဒီလိုလုပ်တာတော့ မဖြစ်သင့်ပါဘူး၊ ၅၀၅ (က) နဲ့ဆိုတော့ ကလေးတွေအတွက် ပြင်းထန် ပါတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) မှ သံချပ် ဖျော်ဖြေမှုများသည် ပြစ်မှုမဟုတ် ကြောင်းနှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များအား အမှုဖွင့်တရားစွဲဆိုမှုများကိုလည်း ရုတ်သိမ်း ပေးစေလိုကြောင်း ဧပြီ ၁၇ ရက်နေ့က ထုတ်ပြန်တောင်းဆိုခဲ့သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အပြင် တပ်မတော်နှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့သည့် ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးနှင့် ဦးနေမျိုးဇင်တို့ကိုလည်း တပ်မတော်က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး ၎င်းတို့နှစ်ဦး၏ အာမခံလျှောက်ထားမှုအား ပယ်ချကာ ဖမ်းဆီးချုပ်နှောင်ထားလျှက်ရှိသည်။
ပုဒ်မ ၅၀၅ (က) သည် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကို လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏တာဝန် ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်း သော်လည်းကောင်း၊ ပြုစေရန်အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူအား ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီး ဥပဒေတွင် ပြဌာန်ထားသည်။