ထိုင်းနိုင်ငံ ဖူးခက်ကျွန်း အရှေ့တောင်ဘက် ကပ္ပလီ ပင်လယ်ပြင်တွင် အမေရိကန်- ထိုင်း စုံတွဲတတွဲက ရေပေါ် အိမ်ဆောက်ကာ နေထိုင်ခြင်းကို ထိုင်းရေတပ်က ယနေ့ စတင်ဖယ်ရှားကာ နံနက်ပိုင်းက ကမ်းခြေသို့ ဆွဲယူ ရွေ့ပြောင်းခဲ့ သည်။
အဆိုပါ စုံတွဲသည် ထိုင်းကမ်းရိုးတန်းနှင့် ရေမိုင် ၁၄ မိုင်(၂၆ ကီလိုမီတာဝန်းကျင်)အကွာတွင် ရေပေါ်အိမ်ဆောက် ကျောက်ချရပ်နားနေခဲ့ရာ တရားရုံးမှ ဖမ်းဝရမ်းထုတ်၍ အရေးယူနိုင်ရေး တာဝန်ရှိသူများက စီစဉ်နေသည်။
အမေရိကန်လူမျိုး ချဒ် အယ်ဝါတိုစကီနှင့် ၎င်း၏ထိုင်းဇနီးသည် ဆူပရန်နီး သက်ဒက်တို့ ရေပေါ်အိမ်ဆာက် နေထိုင်ခြင်း သည် ထိုင်း အချုပ်အခြာအာဏာကို ချိုးဖောက်ရာရောက်ကြောင်း အမှတ် ၃ ရေတပ်နယ်မြေ ဒုတိယတပ်မှူး ဝီသာနာရက်ကိုချာစီနီက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒီစုံတွဲက လူမှုမီဒီယာပေါ်ကနေ ကြေညာတယ်၊ ထိုင်းအပါအဝင် ဘယ်နိုင်ငံရဲ့ ဥပဒေ (သို့မဟုတ်) စစ်ဆေးစီရင်မှု အောက်မှာ သူတို့ မရှိဘဲ ကင်းလွတ်တယ်တဲ့။ သူတို့လို ပင်လယ်တွင်းအိမ်ဆောက်ဖို့ စိတ်ဝင်စားတဲ့သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်တဲ့။ သီးခြားလွတ်လပ်တဲ့အသိုက်အဝန်းတခု ဖြစ်လာမှာပါတဲ့၊ သူတို့ကို ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာအောက်မှာ အရေးယူဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
အလျား ၆ မီတာရှိပြီး အဋ္ဌဂံပုံ တည်ဆောက်ထားသော အဆိုပါ ရေပေါ်အိမ်ကို ပြန်နုတ်သိမ်းပြီးနောက် ထွက်ခွာစေမည်ဖြစ်သည်။ ယင်းနောက် အိမ်ကို HMTS Mannai စစ်သင်္ဘောပေါ်တင်ဆောင်မည်ဖြစ်ကြောင်း၊ ရေပေါ်အခြေစိုက်မှတ်တိုင်ကို ဆွဲသင်္ဘော HTMS Rin ဖြင့် ဖူးခက်ရေနက်ဆိပ်ကမ်းသို့ ဆွဲယူသွားမည်ဖြစ်ကြောင်း ထိုင်းရေတပ်မှူးက ပြောကြားသည်။
“ဒီရေပေါ်အိမ် တည်ဆောက်ထားပုံက အင်မတန်အန္တရာယ်များပါတယ်။ သူ့ကို ထိန်းချုပ်မယ့်သူလည်း မပါဘူး။ သတိပေး အချက်ပြမီးလည်း မပါဘူး။ တခြားသင်္ဘောတွေအတွက်ဆို ညဘက်ဆို ဒီကျွန်းမျောက အန္တရာယ်ပဲ။ ကုန်တင်သင်္ဘော တွေ၊ ဆီတင်(ရေနံတင်)သင်္ဘောတွေက ဒီရေလမ်းကြောင်းပဲ သုံးနေရတာ။ တကယ်လို့ ဒါနဲ့တိုက်မိပြီး သင်္ဘောတွေက ဆီ(ရေနံ)ဖိတ်စင်တာဖြစ်ရင် ဆုံးရှုံးမှုတွေက တားဆီးလို့ရမှာ မဟုတ်ပါဘူး” ဟု ရေတပ်မှူး စစ်သီပေါင်က ပြောသည်။
၎င်းကို ဖယ်ရှားရေးအတွက် နေ့ဝက်ထက်ပို၍ အချိန်ယူရန် မလိုကြောင်း ၎င်းက မျှော်လင့်ထားသည်။
ထိုင်း တာဝန်ရှိသူများ အနေဖြင့် အဆိုပါစုံတွဲကို နောက်ရက်သတ္တပတ် အတွင်း အဆောတလျင် အရေးယူနိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ဖမ်းဝရမ်း အထုတ်ခံရမည် ဖြစ်ကြောင်း ဖူးခက်ဒုတိယအုပ်ချုပ်ရေးမှူး စူပေါ့ရိုဒရူရောင်နာနောင်ခိုင်းက ပြောသည်။
Ocean Builders အဖွဲ့က တည်ဆောက်တပ်ဆင်ခဲ့သော ယင်းရေပေါ်အိမ်သည် ဖူးခက်ကမ်းရိုးတန်းမှ ရေမိုင် ၁၄ မိုင်(၂၆ကီလိုမီတာ)အကွာရှိ ထိုင်းရေပိုင်နက်အတွင်း အခြေစိုက်နေခြင်းဖြစ်သည်။