သတင်း

မန္တလေးတွင် နယ်လှည့် ယာဉ်များဖြင့် သွေး အလှူခံ

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ရှိ ဆေးရုံများ၏ သွေး လိုအပ်ချက် အတွက် နယ်လှည့် သွေးဖောက် ယာဉ်များဖြင့် လှည့်လည်၍ သွေးလက်ခံ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေး သွေးဘဏ်မှ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ ခင်မြတ်မွန်က ပြောသည်။

တလလျှင် အနည်းဆုံး ၅ ကြိမ်မျှ နယ်လှည့် သွေးဖောက်ယာဉ် ၂ စီးဖြင့် အလှူခံရကြောင်း၊ နယ်လှည့် သွေးဖောက် ယာဉ် များကို စနေနှင့် တနင်္ဂနွေ နေ့များတွင် ပိုမိုသွားလေ့ ရှိကြောင်း သူက ဆက်ပြောသည်။

“စုပေါင်း သွေးလှူဒါန်းပွဲတွေ၊ နေ့စဉ် လှူဒါန်းတဲ့ သွေးတွေက သွေးလိုအပ်ချက်တွေ အတွက် အရေးကြီးပေမယ့် လုံလောက် မှု မရှိတော့ နယ်လှည့် သွေးအလှူခံမှုက အရေးပါတာပေါ့။ ကျမတို့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး တခုတည်းမှာ တနှစ်ကို သွေးအလုံး ၆ သောင်းလောက် အသုံးရှိတယ်။ အဓိက လိုအပ်ချက်ကို ပြောရမယ် ဆိုရင် နယ် လှည့် သွေးဖောက် ယာဉ်နဲ့ သွေး သိမ်းဆည်းဖို့ အတွက် စက်အင်အားတွေကို ခေတ်မီအောင်တော့ လုပ်ပေးဖို့ လိုအပ် တယ်”ဟု သူက ဆိုသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့ အထွေထွေ ဆေးရုံကြီးတွင်သာ သွေးလှူဘဏ်ရှိပြီး ရန်ကုန်မြို့တွင် ပြုလုပ်ထားသော အမျိုးသား သွေးလှူဘဏ် ပုံစံမျိုးလို မန္တလေးမြို့ပေါ်ရှိ ဆေးရုံ အားလုံးအတွက် သွေးလိုအပ်ချက်ကို ထောက်ပံ့ပေးနိုင် သည့် သွေးလှူဘဏ်မျိုး ပြုလုပ်ရန် အစီအစဉ် ဆွဲနေကြောင်းလည်း သူက ဆက်ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း မန္တလေး အထွေထွေဆေးရုံကြီးတွင် သွေး အလုံး ၁၅၀ ခန့်၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး တွင် သွေး အလုံး ၁၀၀ ခန့်၊ အရိုးအထူးကု ဆေးရုံကြီးတွင် သွေးအလုံး ၈၀ ခန့်၊ ခုတင် ၃၀၀ ဆန့် ဆေးရုံနှင့် ခုတင် ၃၀၀ ဆန့် ကလေးဆေးရုံ တို့တွင် အလုံး ၅၀ ခန့် နေ့စဉ် လိုအပ်နေကြောင်း သိရသည်။

မန္တလေးတိုင်း အတွင်း စေတနာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် သွေးလှူအသင်း ၁၀၀ ကျော်ရှိပြီး မန္တလေးမြို့ ပေါ်တွင် သွေးလှူအသင်း ၅၀ ခန့်ရှိသည်။ နေ့စဉ် သွေးလှူရှင် အသင်း ၃၀ ကျော်မှ သွေးလှူဒါန်းမှုများ ပြုလုပ်နေသော်လည်း ဆေးရုံ များ၏ သွေးလိုအပ်ချက် ၈၅ ရာခိုင်နှုန်းခန့်သာ ထောက်ပံ့ ပေးနိုင်သေးသည်ဟု ဆိုသည်။

ထို့ပြင် နေ့စဉ် သွေးအသုံးပြုမှုများကို သွေးလှူရှင် အသင်းများက လှူဒါန်းပေးရာ၌ မလိုလားအပ်ဘဲ အချိန်ကြန့်ကြာ ခြင်း၊ သွေး အမျိုးအစားနှင့် ပမာဏတို့ပြည့်မီအောင် လုပ်ဆောင်ပေးနိုင်ရန် အတွက် အမျိုးသား သွေးဌာနတခု မဖြစ်မနေ လိုအပ် သည်ဟု သွေးအလှူရှင်များ အသင်း ကွန်ရက်မှ ဦးဆောင်ဆရာတော် ဦးသုမနက မိန့်သည်။

“ဦးပဉ္စင်းတို့ ကွန်ရက်အနေနဲ့ နယ်တွေမှာ စုပေါင်းသွေးလှူဒါန်းပွဲ လုပ်နိုင်အောင် ဒေသခံတွေနဲ့ ချိတ်ဆက်ပြီး သွေးလှူဒါန်း ရတဲ့ အကျိုးကျေးဇူးတွေကို ပြောပြ၊ သွေးလှူပေးကြဖို့ စည်းရုံးရေး ဆင်းကြရတယ်။ ဘယ်နေရာအထိ ရောက်လဲဆိုရင် မန္တလေးမြို့နဲ့ မိုင်၁၀၀ ပတ်လည်အတွင်း မြို့တွေ၊ ရွာတွေအထိ ဆင်းရတယ်”ဟုလည်း ဆရာတော်က ဆိုသည်။

ဧပြီလ ၇ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ်ရှိ ၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ပရိယတ္တိ သာသန ဟိတ ဓမ္မဗိမာန် (ဦးလှသိန်း ဗိမာန်) တွင် သွေးအလှူရှင် အသင်းများ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

ထိုစုပေါင်း သွေးလှူဒါန်းပွဲကို မန္တလေးမြို့ခံ သွေးလှူအသင်း ၃၀ ကျော်အပြင် မုံရွာ၊ ချောင်းဦး၊ မတ္တရာ၊ ကောလင်း၊ ပြင်ဦး လွင်၊ တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင် မြို့နယ်များမှ သွေးအလှူရှင်များ စုပေါင်းကာ သွေးအမျိုးအစားစုံ အလုံး ၇၄၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading