လာမည့် ဧပြီလ ၂၄ ရက် နောက်ပိုင်းတွင် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ ခု၌ မိုးရွာနိုင်မည်ဟု ခန့်မှန်းထားသဖြင့် အပူချိန် လျော့ကျနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က သိရသည်။
မိုးရွာသွန်းနိုင်သည့် ဒေသများ အဖြစ် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့ဖြစ်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။
မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက“အပူချိန် မြင့်တက်တာက ခါတိုင်းနှစ်တွေ တုန်းကလည်း ၄၁၊ ၄၂ လောက် ထိ ပူတယ်။ ဒီနှစ်ကတော့ ပိုပူတယ်လို့ခံစားရတာက Moisture (ရေခိုးရေငွေ့)တွေက များနေတဲ့ အချိန်ကျတော့ ပုံမှန် အပူ ချိန်ထက် ပိုပြီးတော့ ခံစားနေရတာ Moisture များတဲ့ အတွက်ကြောင့် မို့လို့၊ တိမ်တော့ ဖြစ်တယ်။ တိမ်ဖြစ်နေတဲ့ အတွက် ကြောင့် ဖန်လုံအိမ် အာနိသင်တွေ များနေတယ်ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ဦးကျော်မိုးဦးက“၂၄ ရက်လောက် ဆိုရင် မိုးအနည်းငယ် ရွာမယ်။ အဲဒီလိုဆို အပူချိန်လည်း အနည်းငယ် လျော့သွားမယ်။ ပိတ်နေတဲ့ တိမ်တွေကလည်း ရှင်းသွားမယ် မိုးရွာချလိုက်ရင်ပေါ့”ဟုလည်း ပြောဆိုသည်။
အဆိုအပါ တိုင်းနှင့် ပြည်နယ် ၇ ခုတွင် မိုးအနည်းငယ် ရရှိနိုင်ပြီး အပူချိန် လျော့နည်းနိုင်မည့် အခြေအနေရှိသော်လည်း ကျန်တိုင်းနှင့် ပြည်နယ်များတွင် ယခု ရောက်ရှိနေသည့် အပူချိန် ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်တွင်သာ ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း မိုး/ဇလမှ သိရသည်။
ရှမ်းပြည်နယ်( အရှေ့ပိုင်း)နှင့် ကယားပြည်နယ် တို့တွင် ပုံမှန်အပူချိန် ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ် အထိ အပူချိန်မြင့်တက်နေပြီး စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ပုံမှန် အပူချိန် တို့ထက်၂ ဒီဂရီ စင်တီဂရိတ် ပိုခဲ့ကြောင်း မိုး/ဇလက ယနေ့ ထုတ်ပြန်ထားသည်။
ထူးခြားနေ့ အပူချိန်များအဖြစ် ချောက်မြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်၊ ပေါက်မြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်နှင့် မကွေးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဂန့်ဂေါမြို့နှင့် ဘော်လခဲမြို့တို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်တို့ ရောက်ရှိနေကြောင်း မိုး/ဇလက ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။
ရာသီဥတု ပူပြင်းမှုသည် အပူဒဏ်ကြောင့် ဖောယောင်ခြင်း၊ မိတ်နှင့် ယားနာများထွက်ခြင်း နှင့် ကြွက်တက်ခြင်း စသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်သည့်အပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူး မေ့ခြင်း တို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန် ဆိုးရွား လာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်း အထိဖြစ်ပွားစေနိုင် ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကလည်း ထုတ်ပြန် သတိပေးထားသည်။
အပူဒဏ်ကြောင့် သတိလစ်ခြင်း ခံစားရနိုင်သည့် ရောဂါ လက္ခဏာများမှာ အရေပြား ပူ၍ခြောက်သွေ့ခြင်း (သို့) ချွေး အလွန်အကျွံ ထွက်ခြင်း ၊စိတ်ရှုပ်ထွေးခြင်း ၊သတိလစ်ခြင်း ၊တက်ခြင်း၊ ခန္ဓာကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်း စသည်တို့ ခံစားရနိုင်ကြောင်း ကြေညာထားသည်။
လိုက်နာသင့်သည့် အချက်များ အဖြစ် ပူပြင်းသည့် နေရောင်အောက်တွင် သွားလာ လှုပ်ရှားပါက အရိပ် လုံလောက်စွာ ရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားရန်နှင့် အရိပ်ရ အေးမြသည့် နေရာများတွင် ခေတ္တ အနားယူခြင်းကိုလည်း မကြာခ ဏပြုလုပ်ပေးရန်နှင့် နေပူထဲမှ ပြန်လာပြီးချက်ချင်း ရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီး ခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ရန် ပြည်သူ့ ကျန်းမာ ရေး ဦးစီး ဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် အရက်သေစာ သောက်သုံးခြင်း ကိုလည်း ရှောင်ကြည်သင့်ကြောင်း နှင့် ခန္ဓာကိုယ် အတွင်း ရေနှင့် ဓာတ်ဆား ဓာတ် များ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးရန်လည်း ဖော်ပြထားသည်။