နိုင်ငံတော် သမ္မတကို လုပ်ပိုင်ခွင့် အာဏာ ပိုမိုရရှိစေရန်အတွက်ဟု ဆိုကာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) အား ဖျက်သိမ်းရန် ရခိုင် အမျိုးသားပါတီ (ANP)က ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေးတွင် အဆိုပြုလိုက်သည်။
“ဖျက်သိမ်းခိုင်းတဲ့ အကြောင်းကတော့ သမ္မတကို ဒီ Power (အာဏာ) ပေးတယ်။ လုံခြုံရေးကိစ္စ၊ ကာကွယ်ရေး ကိစ္စ တွေ ညှိနှိုင်း စ ရာရှိရင် သမ္မတ ကနေ Incharge လုပ်ပြီး ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိပြီး ၊ ကာလုံရယ်လို့ သတ်သတ် မရှိတော့ဘူး။ ဒီသဘောပဲ။ သမ္မတက နိုင်ငံတော်ရဲ့ အထွတ်အထိပ်ပဲ”ဟု ယနေ့ အစည်းအဝေးတွင် ပါဝင်သူ ANP ပါတီ မှ ဦးအောင်ကျော်ဇံက သတင်းထောက်များကို ပြောသည်။
ကာ/လုံကို သီးခြားဖွဲ့ရန် မလိုသည်မှာ ၎င်းတို့ ပါတီ၏ သဘောထားဖြစ်ပြီး ကာ/လုံ အကြောင်း ပါဝင်သည့် ဖွဲ့ စည်းပုံ အခြေခံ ဥ ပဒေ ပုဒ်မ ၂၀၁ ကို ဖျက်သိမ်းရန် ပြင်ဆင်ချက် တင်သွင်းလိုက်ကြောင်း၊ တချို့က ကာ/လုံတွင် ပါဝင်သည့် ကာကွယ်ရေး၊ ပြည်ထဲ ရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနများ လျှော့ချရန် အကြံပြုကြသလို တချို့က ကာ/လုံတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးကို ထည့် သွင်းရန် ပြင်ဆင်ချက် တင်သွင်းကြသည်ဟု သိရသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကမူ ကာ/လုံကို ဖျက်သိမ်းရန် အဆိုမပြုဘဲ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္က ဌနှင့် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌတို့ကို ထပ်မံထည့်သွင်းရန် အဆိုပြုထားကြောင်း၊ ကာ/လုံတွင် အရပ်ဘက်ပုဂ္ဂိုလ်များ ပိုမို အားကောင်းစေချင်၍ ဖြစ်ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်သူ လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က အရှေ့က ပုဒ်မတွေ ဆွေးနွေးကတည်းက တပ်မတော်ကို လွှတ်တော်ထဲက ချက်ချင်းထုတ်သွားဖို့ ဆိုတာ မျိုး မရှိဘူး။ ဖြည်းဖြည်းချင်းပဲ သွားမှာ။ အခုလည်း ကာ/လုံက အရှေ့က ပုဒ်မတွေနဲ့ ချိတ်ဆက်နေတာဆိုတော့ အရမ်း မလုပ်ဘူး။ ရခိုင်ပါတီက နဂိုကတည်းက တပ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲက ထုတ်ထားတာ”ဟု အထက်ပါ ကိုယ်စား လှယ်က ပြောသည်။
အာဏာရ NLD ပါတီက တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင်း ပါဝင်မှုကို ရာခိုင်နှုန်း နည်းနည်းစီ လျော့ချသွားရန် အကြံပြုနေချိန်တွင် ANP က လွှတ်တော်တွင်း၌ တပ်မတော်သား ကိုယ်စားလှယ် လုံးဝ မရှိစေရေး အဆိုပြုချက်ကို ၂၀၁၉ ခုနှစ် မတ်လက ကျင်းပသည့် ပူးပေါင်း ကော်မတီ အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ဖြစ်သည်။
ANP ပါတီဝင် ဦးအောင်ကျော်ဇံက“အခုလည်း ကာ/လုံရယ်ဆိုပြီး သီးခြား အဖွဲ့ မထားတော့ဘူး။ ကျနော်တို့ ပါတီက ပြောတာ၊ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ သင့်တော်တဲ့ ဌာန အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့မှ ကာ/လုံ ပုံစံ လုပ်ပေါ့။ စစ်ရေး စစ်ရာကအစ၊ လုံ ခြုံရေးကအစ ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီး အကောင်အထည်ဖော်ပေါ့။ ကာ/လုံက Permanent (အမြဲတမ်း) ဆိုတဲ့အဖွဲ့ မရှိ ဘူး”ဟု ပြောသည်။
မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့ (မြန်မာ)မှ ဒါရိုက်တာ ဦးအောင်သူငြိမ်းက လက်ရှိ အစိုးရသည် ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေက ပေးထားသည့် တပ်မတော်၏အခန်းကဏ္ဍကို တရားဝင် အသိအမှတ် မပြုချင်၍ ၎င်းအုပ်ချုပ်နေ သည့် ၃ နှစ်ကာလ အတွင်း ကာ/လုံ အစည်းအဝေးမခေါ်ဘဲ ရှောင်ဖယ်နေခြင်း ဖြစ်နိုင်ကြောင်း၊ ကာ/လုံ အစား တည်/လုံ ဟု ခေါ်သည့် တည်ငြိမ်ရေးနှင့် လုံခြုံရေး ကော်မတီဖြင့် တချို့ကိစ္စများကို ဆွေးနွေးနေသည်ဟု ထင်ရကြောင်းပြောသည်။
“တပ်မတော်အနေနဲ့ ပြောရေးဆိုခွင့်ပေါ့။ နိုင်ငံရေးတို့ လုံခြုံရေးတို့ ကိစ္စတွေ ရှိလာရင် ဆွေးနွေးဖို့ ဒီကာ/လုံကို အရေး တကြီး လုပ် ထားတယ်လို့ ထင်တယ်။ တပ်မတော်ဘက်ကတော့ ကာ/လုံဟာ သူတို့အတွက် အရေးပါတဲ့ ကိစ္စလို့ ထင် တယ်။ ကျနော်မြင်တာက လုံးဝကြီး ဖျက်သိမ်းလိုက်လို့ရှိရင် ဘယ်လို တွေ့ဆုံမလဲ။ စကားပြောမလဲဆိုတဲ့ နေရာ ပျောက် သွားနိုင်တယ်”ဟု ၎င်းက ပြောဆို သည်။
လက်ရှိ အစိုးရလက်ထက်တွင် ပေါ်ပေါက်လာသည့် အမျိုးသား လုံခြုံရေး အကြံပေး ရာထူးမှာလည်း ရခိုင်ပြည်နယ် ရိုဟင်ဂျာ ပြဿနာများ ပေါ်ပေါက်စဉ် ဖြစ်ပေါ်လာသော်လည်း နောက်ပိုင်းတွင် ယင်းရာထူးပိုင်ရှင် ဦးသောင်းထွန်းမှာ အခြားတာဝန်များ ထပ်ယူ သဖြင့် ယင်းရာထူး ရှိမရှိဆိုသည်မှာလည်း မရှင်းလင်းတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ)ကို ၂၀၀၈ ဖွဲ့ စည်းပုံအရ သမ္မတက ဦးဆောင်ပြီး ဒုတိယ သမ္မတ ၂ ဦး၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဌ ၂ ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးတို့ဖြင့် ဖွဲ့စည်း ထားသည်။
နိုင်ငံတော် သမ္မတသည် ကာ/လုံ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာပေးခွင့် ရှိသလို ကာ/လုံ၏ ညှိနှိုင်းဆောင်ရွက် မှုဖြင့်သာ နိုင်ငံခြား တိုင်းပြည်တခုခုနှင့် သံတမာန် ဆက်ဆံရေး ဖြတ်တောက်နိုင်သည်။ နိုင်ငံ၏ အရေးပေါ် အခြေအနေ တွင်လည်း နိုင်ငံတော် သမ္မတသည် ကာ/လုံနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေကို ကြေညာ နိုင်သည်ဟု ပြဌာန်းထားသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အစည်းအဝေးများကို ယနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြည်ထောင်စု လွှတ် တော် D ဆောင် အစည်းအဝေးခန်းမတွင် ပြန်လည် စတင်လိုက်ပြီး ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အခန်း (၅) မှ ပုဒ်မ ၂၃၅ အထိ ဆက်လက် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
ယခု ပြင်ဆင်ရေး ကော်မတီကို အတိုက်အခံ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့က အပြင်းအထန် ကန့်ကွက်နေသည့် ကြားမှ လွှတ် တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုပြီး ၂၀၁၉ ဖေဖော်ဝါရီလမှ စတင်ကာ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန် ဦး ဆောင်ပြီး လူပုဂ္ဂိုလ် ၄၅ ဦးဖြင့် စတင် လုပ်ဆောင်နေခြင်း ဖြစ်သည်။