အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အကြား ပဏာမ အပစ်ရပ်စာချုပ် Bilateral ရေးထိုးနိုင်ရေး အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် ဧပြီ ၃၀ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲကို အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဦးဆောင်သော တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရခိုင်စစ်တပ် (AA) တို့ ညှိနှိုင်းကြမည် ဖြစ်သည်။
TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ကျနော်တို့ဘက်က ပြင်ဆင် တာတော့ အခု ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်စဲအောင် ဘယ်လို လုပ်ကြမလဲ၊ ကျနော်တို့က Bilateral ကိစ္စကို ဘယ်လို သွားမလဲ ဆိုတဲ့ဟာ ကျနော်တို့ အဓိက ဆွေးနွေးဖို့ရှိပါတယ်။ ကျနော်တို့ ဘက်က ပြင်ဆင်မှုကတော့ အဲဒါပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေး ကြားဝင် စေ့စပ် ညှိနှိုင်းပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာကတော့ Bilateral ကိစ္စကို အဓိကထား ဆွေးနွေးကြမည် ဟု ကြားကြောင်းနှင့် လေးဖွဲ့လုံးဖြင့် တပြိုင်တည်း တွေ့ဆုံမည်ဟုလည်း သိရကြောင်း ဧရာဝတီသို့ ပြောသည်။
တွေ့ဆုံ ဆွေးနွေးမည့် အခြေအနေနှင့် ပတ်သက်ပြီး အစိုးရကိုယ်စားလှယ်များကို ဆက်သွယ်မေးမြန်းသော် လည်း အဆက်အသွယ်မရသည့်အတွက် အစိုးရဘက်ခြမ်းမှ အတည်ပြုချက်ကို ဖော်ပြနိုင်ခြင်း မရှိပါ။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် PC ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးပြီး အစိုးရဘက်က ကတိကဝတ် စာချုပ် (Deed Of Commitment) ကို အရင် လက်မှတ်ထိုးရန် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။
သို့သော်လည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့ဘက်က DoC မထိုးနိုင် ကြောင်း၊ Bilateral သာ ဆွေးနွေးရန် ဆန္ဒရှိခဲ့သည့်အတွက် တစုံတရာ သဘောတူညီချက်မရဘဲ အဆုံးသတ်ခဲ့သည်။
အစိုးရဘက်မှ တင်ပြ ကမ်းလှမ်းသော DoC ကတိကတိပြုချက်တွင် NCA ကို လက်မှတ်ထိုးပါမည်ဟု ကတိက ဝတ်ပြုချက် လုပ်ခိုင်းသည့်အတွက် မိမိတို့အနေဖြင့် မထိုးနိုင်ခြင်း ဖြစ်ကြောင်း TNLA မှ အထွေထွေအတွင်းရေး မှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။
ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ကျနော်တို့ NCA ကို ထိုးဖို့ငြင်းပယ်တာလည်းမဟုတ်ဘူး၊ NCA ထိုးဖို့ အတွက်ကို ကျနော်တို့ ညှိနှိုင်းဆွေး နွေးဖို့လိုတယ်၊ ပြင်ဆင်သင်တဲ့ အချက်အလတ်တွေကို ပြင်ဆင်ဖို့ လိုတယ် ဆိုတဲ့ဟာကို ကျနော်တို့ ပြောပြထား တာပါ၊ လောလောဆယ်က ကျနော်တို့ အဲဒီအခြေအနေ ညှိနှိုင်းနေရဆဲပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
မိမိတို့ အနေဖြင့် DoC ပဲဖြစ်ဖြစ်၊ Bilateral ပဲဖြစ်ဖြစ် ကြိုတင် ကန့်သတ်ချက်များဖြင့် သဘောတူညီခိုင်းပါက အဆင်မပြေနိုင်ကြောင်း၊ ကန့်သတ်မှု မရှိသော အခင်းအကျင်းမဖြစ်မှသာလျှင် အဆင်ပြေနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
အစိုးရ-တပ်မတော်ဘက်က KIA၊ AA၊ TNLA၊ MNDAA တို့နှင့် Bilateral ထိုးနိုင်ရေး ယခင်က ညှိနှိုင်းလာခဲ့ပြီး နောက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ ပြီးနောက် Bilateral ထိုးနိုင်ရေး ညှိနှိုင်းမှုကနေ DoC ထိုးနိုင်ရေးကို ဦးစားပေး ဆွေးနွေးမှု ပြုလုပ်လာခဲ့ ကြောင်း သိရသည်။