ရခိုင်ပြည်နယ်၊ စစ်တွေ အကျဉ်းထောင် ထောင်ဝန်ထမ်း တပ်ကြပ်ကြီး ကိုဦး ဆိုသူထံမှ စိတ်ကြွ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိသည့်အတွက် အမှုဖွင့် အရေးယူထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။
စစ်တွေ အကျဉ်းထောင်တွင် ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်း ထောင်တံခါးဖွင့်ချိန်တွင် တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော တပ်ကြပ်ကြီး ကိုဦး ထံမှ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၅၈၂ ပြား ဖမ်းမိခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ အတည်ပြုသည်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးကြည်လင်း က “မူးယစ်ဆေးဝါးမိတာ မှန်ပါတယ်။ သူ့ကို ကျနော်တို့ မူးယစ်ဆေးဝါးမှုနဲ့ အမှု ဖွင့်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဧပြီလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနှစ် ထောင်တံခါးဖွင့်ချိန်တွင် တာဝန်ထမ်း ဆောင်ရန် အကျဉ်းထောင် ဝန်ထမ်းများ ထောင်ထဲသို့ ဝင်ရောက်လာစဉ် တံခါးတာဝန်ခံ လက်ထောက်ကြီးကြပ် ကျော်ဝင်းထိုက်နှင့် ရှာဖွေရေးတာဝန်ခံ ဦးစောလှတို့ ရှာဖွေရေး ပြုလုပ်စဉ် မူးယစ်ဆေးဝါးများကို မိခြင်းဖြစ်ကြောင်းသိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားပြီး တပ်ကြပ်ကြီး ကိုဦး အား လွဲပြောင်းပေးခြင်း ဖြစ်ကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ သိရသည်။
လက်ရှိအချိန်တွင်း အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အကျဉ်းထောင်ဝန်ထမ်း တပ်ကြပ်ကြီး ကိုဦး အား ပ / မယ ၁၄၊ မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်ကာ စစ်တွေမြို့ အမှတ် (၁) စခန်းတွင် ဖမ်းဆီး စစ်ဆေးနေကြောင်းလည်း သိရသည်။
ထို မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် နေ့ ည ၈ နာရီကျော်အချိန်ခန့်က စစ်တွေ အကျဉ်းထောင်တွင် ဆူပူမှု တခုဖြစ်ပွားခဲ့သည့်အတွက် လုံခြုံရေးဝန်ထမ်းများက သေနတ်ပစ်ဖောက်ကာ ထိမ်းသိမ်းခဲ့ရသည့် ဖြစ်စဉ်တခုဖြစ်ပွားခဲ့သည်။
အဆိုပါ ထောင်ဆူပူမှုဖြစ်ပွားမှုမှာ မူယစ်ဆေးဝါးဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့် ပတ်သက် ဆက်နွယ်မှု ရရှိမရှိကိုတော့ မသိရပေ။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ကြည်လင်းကတော့ ထောင်ဝန်ထမ်းတဦးထံမှ မူယစ်ဆေးဝါး ဖမ်းဆီးရမိသည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း ဆူပူမှုဖြစ်စဉ်မှာ ယင်းကိစ္စနှင့် ပတ်သက်မှု ရရှိဆိုသည်ကို အကျဉ်း ထောင်တာ ဝန်ရှိ သူများထံ မေးမြန်းရန် ညွှန်းသည်။
ယင်း ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီမှ ရခိုင်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ညွန်ကြား ရေးမှူး ဦးဝင်းနိုင်လင်းနှင့် စစ်တွေ ထောင်ပိုင်ကြီးထံသို့ သွားရောက် တွေ့ဆုံရန် ကြိုး စားခဲ့သော်လည်း တွေ့ဆုံခွင့် မရရှိခဲ့သဖြင့် သီးခြား အတည်ပြုချက် ဖော်ပြနိုင်ခြင်း မရှိသေးပါ။