နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် ရိုက်တာ သတင်းထောက် ၂ ဦး၏ အမှု ပြင်ဆင်ချက်အား ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးသို့ တင်ပြခဲ့ရာ ယင်းပြင်ဆင်ချက်ကို ယနေ့တွင် ပလပ်လိုက် ကြောင်း ရိုက်တာ သတင်းထောက်များ၏ ရှေ့နေများက ပြောသည်။
ရိုက်တာ (Reuters) သတင်းထောက်များ ဖြစ်သည့် ကိုဝလုံး(ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) ဖြင့် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက် က ထောင်ဒဏ် ၇ နှစ်စီ အမိန့် ချမှတ်ခဲ့သည်။
ထိုပြစ်ဒဏ်အား ဥပဒေကြောင်း အရ ပြင်ဆင်နိုင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က ပြင်ဆင်ချက် တင်သွင်းမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးက လက်ခံခဲ့ပြီး မတ်လ ၂၆ ရက်တွင် ၂ ဖက် ကြားနာခဲ့သည်။
ယင်းပြင်ဆင်ချက် အမိန့်အတွက် ရိုက်တာ သတင်းထောက် ၂ ဦး၏ ရှေ့နေနှင့် မိသားစုဝင်များ သည် ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ မျှော်လင့်ချက်ဖြင့် ရောက်ရှိ လာခဲ့ကြကြောင်း မိသားစုဝင်များ က ပြောသည်။
သတင်းထောက် ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိက“အမှုကို အခု ပလပ်လိုက်တာပေါ့။ ကိုယ်ကတော့ တခုခု ပြောင်း လဲလာ မယ်လို့ထင်ခဲ့တယ်။ အကောင်းကိုလည်း မျှော်လင့်ထားတယ်။ ဒါပေမယ့် ဒီနေ့ ဆုံးဖြတ်လိုက်တာက ကိုယ် ထင်သလို မဖြစ်လာတော့ စိတ်ထဲမှာတော့ တော်တော်ဝမ်းနည်းတယ်။ ကျမတို့ရဲ့ အမျိုးသားတွေက လူကောင်းတွေ ဆိုတော့ သူတို့ အမြန်ဆုံး လွတ်မြောက်လာစေချင်တယ်”ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး အထွက်တွင် သတင်းထောက်များကို ပြောပြသည်။
ယခု ပြင်ဆင်မှုကို ပလပ်ပြီး အောက်ရုံး ၂ ခု ဖြစ်သည့် ခရိုင်နှင့် တိုင်းတရားရုံးတို့၏ အမိန့်အတိုင်း အတည်ပြုလိုက် သဖြင့် ရိုက်တာ သတင်းထောက် ၂ ဦး၊ မိသားစုဝင်များ အတွက်သာမက နိုင်ငံအတွက်ပါ စိတ်ပျက် ဝမ်းနည်းမိ ကြောင်း ရိုက်တာ သတင်းထောက် များ၏ ရှေ့နေ ဦးခင်မောင်ဇော် သတင်းထောက်များကို ပြောသည်။
“အခု စီရင်ချက်ကိုလည်း မကျေနပ်ပါဘူး။ မကျေနပ်ဘူးဆိုတာက ကျနော်တို့ တဦးချင်း အနေနဲ့ မဟုတ်ပါဘူး။ အမှု သည်တွေ အတွက်လည်း မဟုတ်ပါဘူး။ နိုင်ငံအတွက် မကျေနပ်တာ။ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်၊ လူ့ အခွင့် အရေး အခြေအနေတွေ အတွက်ရော ကျနော် ပြောတာပါ”ဟု ၎င်းက ပြောသည်။
သို့သော် ကိုကျော်စိုးဦး၊ ကိုဝလုံးတို့ ၂ ဦး စလုံး လွတ်မြောက်ရေးအတွက် ရှိသမျှ နည်းလမ်းများနှင့် အတတ်နိုင်ဆုံး၊ ဖြစ်နိုင် သမျှ လမ်းနည်းအကုန်ဖြင့် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ ယခုအကြိမ်တွင်လည်း အမိန့်ချလိုက်ရာတွင် မည်သည့် အတွက်ကြောင့် ယခုလို ဆုံးဖြတ်ရသည် ဆိုသည့် စီရင်ချက် သိရှိနိုင်ရန် တရားရုံးတွင် ကူးယူရမည် ဖြစ်ကြောင်း ရိုက်တာ သတင်းထောက်များ၏ ရှေ့နေများက ပြောသည်။
နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးမှ ရာဇဝတ် ပြင်ဆင်မှုကို ပလပ်လိုက်ခြင်းသည် ဥပဒေကြောင်းအရ ဆက်လက် ရှေ့ဆက် ရန် မရှိတော့ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တာဝန်ယူလာပြီး နောက်ပိုင်း တက်လာ သည့် သမ္မတ ၂ ဦး စလုံးထံသို့ မိသားစုဝင်များက အသနားခံစာ ပေးပို့ခဲ့သော်လည်း တစုံတရာ ထူးခြားမှု မရှိခဲ့ကြောင်း ရိုက်တာ သတင်းထောက်များ၏ ရှေ့နေ တဦးဖြစ်သည့် ဦးသန်းဇော်အောင်က ပြောသည်။
“အောက်ရုံး ၂ ရုံးဖြစ်တဲ့ အနောက်ပိုင်းခရိုင် တရားရုံးနဲ့၊ ရန်ကုန်တိုင်း တရားလွှတ်တော်တို့ရဲ့ အမိန့်ကို အတည်ပြု လိုက်ပြီး ကျနော် တို့ ရာဇဝတ်မှု ပြင်ဆင်တဲ့ အယူခံကို ပလပ်လိုက်တယ်။ ပြည်ထောင်စု တရားလွှတ်တော်မှာ ကြားနာ တဲ့ တရားသူကြီးက တရား ခွင်ထဲမှာ ဘာအကြောင်းပြချက်ကြောင့် ပလပ်တယ်ဆိုတာတော့ ပြောမသွားဘူး။ ပလပ် လိုက်တဲ့ အမိန့်စာကိုတော့ နောက် တပတ်လောက်မှ ရမယ်။ အဲ့ဒီအခါကြမှ တိတိကျကျ ကျနော်တို့လည်း သိရမယ်” ဟုလည်း ၎င်းက ပြောပြသည်။

ရိုက်တာ သတင်းထောက်များသည် ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း အမှုတွင် တရားလိုဘက်မှ ပါဝင် ပတ်သက်ခဲ့သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကိုယ်တိုင် တရားခွင်အတွင်း ဖော်ထုတ်ခဲ့သလို သတင်းထောက်များကို စတင် ဖမ်းဆီးစဉ်က သတ်မှတ်ခဲ့သည့် ခေါင်းစဉ်နှင့် အမိန့်ချသည့်အခါတွင် မသက်ဆိုင်သည့် အချက်များဖြစ်သော ဖုန်းအတွင်း တွေ့ရှိရသည် ဆိုသည့် လျှို့ဝှက် စာရွက်များ၊ ရခိုင် လက်နက်ကိုင် အဖွဲ့၏ ဆက်သွယ်ရမည့် ဖုန်း နံပါတ် များနှင့် ပေါင်း၍ သုံးသပ်လိုက်ခြင်းသည် ထောင်ချောက် ဆင်ခြင်းဆိုသည်မှာ ထင်ရှားနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင် ဦးဇေယျာလှိုင်က ပြောဆိုသည်။
ရိုက်တာ သတင်းထောက်များသည် မည်သည့် ဘာသာဝင်၊ မည်သည့်လူမျိုး စသည့် ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ လူအများ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအား စုံစမ်းဖော်ထုတ် ရေးသားခဲ့ကြခြင်း ဖြစ်ကြောင်း၊ မြန်မာ့ လူ့အဖွဲ့အစည်း တွင် လူသတ်မှု ကျူးလွန်သူများကို အားပေးအားမြှောက် ပြုနေသည့် ပုံစံမျိုးသည် အလွန်ရှက်စရာ ကောင်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“သမ္မတဆီကို အသနားခံစာ တင်ကြတယ်ဆိုတာ လူသတ်မှုကို ကျူးလွန်သူတွေကိုယ်တိုင်က တင်သင့်တာ။ အခုက အဲ့ဒီ ကျူး လွန်သူတွေကို ဖော်ထုတ်သူတွေက တင်ရတယ်ဆိုထဲက လွဲနေပြီ။ တပ်မတော်ဘက်ကလည်း လူသတ်မှုကို မှန်တဲ့ အတွက် သူ့ လူတွေတောင် အရေးယူခဲ့ပြီးသား။ ဒါကို အမှန်တရား ဖော်ထုတ်တဲ့သူတွေကို အခုလိုဖြစ်ခဲ့တာ ကတော့ ကျနော်တို့နိုင်ငံအတွက် သိပ်ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး”ဟုလည်း ဦးဇေယျာလှိုင်က ပြော ဆို သည်။
ဒု ရဲမှူးဟောင်း မိုးရန်နိုင်သည် ရဲ စည်းကမ်း ဥပဒေဖြင့် ထောင်ဒဏ်ချမှတ် ခံခဲ့ရသည်။ ၎င်းသည် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် ၂၀၁၈ အတွက် ပြည်သူ့ ဂုဏ်ရည်ဆု ရရှိခဲ့ပြီး ရိုက်တာ သတင်းထောက် ၂ ဦး နှင့် အတူ သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဂုဏ်ပြုသည့်အနေဖြင့် တည်ထောင်ထားသည့် ဦးဝင်းတင် ဖောင်ဒေး ရှင်း၏ ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရသည်။
ရိုက်တာ သတင်းထောက် ၂ ဦးသည်လည်း ၎င်းတို့ ၂ ဦး၏ ရခိုင်အရေး စုံစမ်းဖော်ထုတ် ရေးသားချက်များကြောင့် နိုင်ငံတကာဆု များစွာ ရရှိခဲ့ပြီး ယခုလအတွင်း ၂၀၁၈ ခုနှစ်အတွက် သတင်းမီဒီယာ လောကတွင် သြဇာကြီးမား လှ သည့် ပူလစ်ဇာဆုကို အခြား ရိုက်တာ သတင်းထောက်များနှင့် ပူးတွဲရရှိခဲ့သည်။
ရိုက်တာ သတင်းထောက် ၂ ဦးကို လွှတ်ပေးရန် ကမ္ဘာတဝန်းရှိ လူ့အခွင့်အရေး အဖွဲ့ ၅၀ ကျော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ တစောင် လည်း ပေးပို့ထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ရိုက်တာ သတင်းထောက် ၂ ဦးသည် ဥပဒေချိုးဖောက်သဖြင့် အဖမ်းခံရခြင်း ဖြစ်ကြောင်း နိုင်ငံခြား မီဒီယာတချို့သို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ရိုက်တာ သတင်းထောက် ၂ ဦးသည် ရဲတပ်ဖွဲ့ ဘက်မှ ချိန်းဆိုမှုကြောင့် သွားရောက် တွေ့ဆုံခဲ့စဉ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဖြစ်စဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိမှုဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ညက ရန်ကုန်တိုင်း ထောက်ကြန့် နယ်မြေ ရဲစခန်း၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။