ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော မော်တော်ယာဉ် တစီးကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အကြမ်းဖက်အဖွဲ့က ဧပြီ ၂၂ ရက်၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် တောင်ပြို၊ ငါးခူရ၊ ကြိမ်ချောင်း နယ်မြေရုံးတို့မှ တပ်ဖွဲ့ဝင် အချို့အား မော်တော်ယာဉ်ဖြင့် တောင်ပြို (ယာ) နယ်မြေရုံးမှ ကြိမ်ချောင်း နယ်မြေရုံးသို့ ပို့ဆောင်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်သည် မောင်တောမြို့နယ်၊ နယ်မြေ (၄) ဇီးပင်ချောင်း လမ်းဆုံနှင့် လိပ်ရလမ်းဆုံအရောက် နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် ARSA အဖွဲ့ ၂ ဖွဲ့က လမ်း၏ ဝဲ/ယာ တောင်ကုန်းပေါ်မှ ဆွဲမိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မိမိတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံ ပစ်ခတ်ခဲ့ ကြောင်း ဧပြီ ၂၃ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး တင်ဟန်လင်းကို ဧရာဝတီက ဆက်သွယ်ရာတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။
ARSA ၏ အဆိုပါ တိုက်ခိုက်မှုတွင် ယာဉ်မောင်း ဒုတိယတပ်ကြပ် ရှိုင်းထက်အောင်၏ ယာမျက်လုံး ယမ်းငွေ့ ရိုက်သည့်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး မော်တော်ယာဉ်မှာ ဦးခေါင်းကြေမွ ပျက်စီးသွားခဲ့ကြောင်း၊ ထို နေရာအား တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း ရှင်းလင်းလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက ထုတ်ချက်ချက်တွင် ဆိုထားသည်။
တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ARSA အဖွဲ့၏ အမှတ်တံဆိပ်ဖြင့် ထုတ်လွှင့်သော ရုပ်သံဖိုင်ထဲတွင် အရှေ့အရပ်မှ မောင်းလာသော ရဲကားတဦးကို မိုင်းဆွဲတိုက်ခိုက်လိုက်ပြီးနောက် တောင်ကုန်းပေါ်ရှိ ဘင်္ဂါလီ စကားပြောသော မျက်နှာဖုံးထားသည့် သေနတ်များ ကိုင်ဆောင်ထားသူ လူတစုက ပစ်ခတ်တိုက်ခိုက်မှု များ ပြုလုပ်နေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီ ၅ ရက်တုန်းကလည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာ အနောက်မြောက်ဘက် တောင်ကုန်းပေါ်မှ ARSA အကြမ်းဖက်သမားများ က လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော် ယာဉ် ကို လက်လုပ်မိုင်းနှင့် ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ယာဉ်ပေါ် ပါလာသူ ယာဉ်မောင်း ၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သေးကြောင်းလည်း ဆိုထားသည်။
ARSA သည် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့် မြို့နယ်များအတွင်းက ရဲကင်း စခန်း ၃၀ ကို ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေ ရှင်းလင်းရေးကို ယနေ့တိုင် လုပ်ဆောင်နေရပြီး ရဲတပ်ဖွဲ့ဝင်များကလည်း နယ်မြေတည်ငြိမ်ရေး ကင်းလှည့် ဆောင်ရွက်နေရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဘင်္ဂါလီ ၆ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် သွားခဲ့ရကြောင်းလည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက ဆိုကြသည်။
ထို့နောက် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ရှိနေသည့် ARSA အဖွဲ့အပေါ် အကြမ်း ဖက် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် စုံစမ်းစစ်ဆေးရေး ပိုမိုခိုင်မာစေရန်အတွက် ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင် ဦးဆောင်သည့် အဖွဲ့ဝင် (၅) ဦးပါ ဥပဒေအကြံပေးအဖွဲ့အား ဧပြီ ၁၈ ရက်က ဖွဲ့စည်းခဲ့သည်။