သီရိလင်္ကာနိုင်ငံတွင် အသေခံဗုံးခွဲမှုကြောင့် ဒဏ်ရာရသူများအနက်မှ သေဆုံးမှုများ ဆက်လက်ရှိခဲ့ရာ ယခုအခါ ၃၁၀ ဦး အထိတိုးလာကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူတဦးက ယနေ့ ပြောကြားသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ ခရစ်ယာန်ဘာသာဝင်များ၏ အီစတာပွဲတော်ရက် ဖြစ်ပွားသည့် ဗုံးများ ဆက်တိုက်ပေါက်ကွဲ မှု ဖြစ်စဉ်တွင် လူ ၅၀၀ခန့် ဒဏ်ရာရခဲ့သလို၊ ယမန်နေ့ကအထိ သေဆုံးသူမှာ ၂၉၀ဦးသာ ရှိသေးသော်လည်း ယမန်နေ့က ဆက်တိုက်ဆိုသလို ဒဏ်ရာရသူ တချို့ သေဆုံးခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်များကြောင့် နိုင်ငံတဝန်းတွင် အမျိုးသား ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပြီး ၃ မိနစ် ငြိမ်သက်ကြရန် ဆော်သြထားသည်။
အစိုးရ အဆောက်အဦများတွင် နိုင်ငံအလံကို တဝက်ချ၍ ပြည်သူများက ဦးညွှတ် အလေးပြုလျက် ငြိမ်သက်ပြီး အကြမ်း ဖက်ခံရမှု ဆန့်ကျင်ရေး တုံ့ပြန်ခဲ့ကြသည်။ ယင်းအကြမ်းဖက်ခံရမှုအပေါ် နိုင်ငံတကာက ဒေါသတကြီး ဖြစ်ခဲ့ကြရသည်ဟု ဆိုသည်။
ငြိမ်သက်စွာနေခြင်းကို သီရိလင်္ကာ စံတော်ချိန် နံနက် ၈ နာရီခွဲတွင် စတင်ခဲ့ပြီး ယင်းအချိန်သည် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပထမဗုံး ၆ လုံး ပေါက်ကွဲချိန်ဖြစ်သည်။
တနင်္ဂနွေနေ့ ဖြစ်စဉ်တွင် ကက်သလစ် ခရစ်ယာန်ဘာသာဝင်တို့၏ ဘုရားကျောင်း ၃ကျောင်းနှင့် နိုင်ငံခြားသားများ တည်းခို သည့် ဟိုတယ်ကြီးများကို ပစ်မှတ်ထားကာ အကြမ်းဖက်သမားများက ဗုံးဖောက်ခွဲ ခဲ့ခြင်းဖြစ်ပြီး အီစတာနေ့ ဝတ်ပြု ဆုတောင်းသူများ အစုလိုက် အပြုံလိုက် သေဆုံးခဲ့သည်။
သမ္မတ မိုင်သရီပါလာ စီရိစနာ၏ ရုံးက “ဒေသတွင်း အစ္စလာမစ် အကြမ်းဖက်သမားများနောက်ကွယ်၌ နိုင်ငံတကာ အကြမ်းဖက်အုပ်စုများ ရှိနေသည်ဟု ထောက်လှမ်းရေး သတင်းရရှိကြောင်းနှင့် ယခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် နိုင်ငံခြားအကူအညီ ယူသွားမည် ဖြစ်ကြောင်း” ထုတ်ပြန်သည်။
နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာထားခြင်းကြောင့် ရဲများအနေဖြင့် သံသယရှိသူများကို တရားရုံးအမိန့်မပါဘဲ ဖမ်းဆီးစစ်ဆေးခွင့်ပြုထားသည်။ ညဘက် လမ်းမထွက်ရအမိန့်ကိုလည်း ထိရောက်စွာထုတ်ထားသည်။