ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးကျေးရွာအနီး ကျောက်မျက်လုပ်ကွက်မှ နွံကန်ကျိုး ပေါက်မှုကြောင့် ကုမ္ပဏီ ၂ ခုမှ လုပ်သားဝန်ထမ်း ၅၄ ဦး ပျောက်ဆုံးနေပြီး ယနေ့ညနေ ၄ နာရီခွဲအချိန်ထိ အလောင်း ၂ လောင်း ရရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ အတည်ပြုသည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၁၂ နာရီ ၂၀ ခန့်တွင် ယူနတီ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်နှင့် နဂါးကိုးကောင် ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်အကြား အနက်ပေ ၁၀၀ ဧရိယာ ၅ ဧကခန့်ရှိ နွံကန်ကျိုးပေါက်ရာ ယင်းနွံကန်အောက် လုပ်ကွက်များရှိ ကုမ္ပဏီများမှ ယာဉ်နှင့် ယာဉ်မောင်းများ နွံရေများနှင့်အတူ နစ်မြုပ်သွားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင် မောင်သိန်းက ဧရာဝတီကို ပြောသည်။
ပျောက်ဆုံးသူများမှာ နဂါးကိုးကောင် ကုမ္ပဏီမှ လုပ်သားဝန်ထမ်း ၂၆ ဦး၊ ဘတ်ဟိုးယာဉ် ၅ စီး၊ မြေသယ်ယာဉ် ၉ စီး၊ မြန် မာသူရ ကုမ္ပဏီမှ လုပ်သားဝန်ထမ်း ၂၈ ဦး၊ ဘတ်ဟိုးယာဉ် ၁၁ စီး၊ မြေသယ်ယာဉ် ၁၀ စီး၊ မိုင်းဖောက်စက် (ကျောက် ဖောက်စက်) ၅ စီး နစ်မြုပ်ပျောက်ဆုံးလျက်ရှိသည်ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ နံနက် ၇ နာရီတွင် ဖားကန့်မြို့နယ်မှူး၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့မ စခန်း မှူးနှင့်အဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းနှင့် ကုမ္ပဏီ တာဝန်ရှိသူများ ပူးပေါင်းပြီး ဘတ်ဟိုးယာဉ်များနှင့် ပျောက်ဆုံးနေသည့် လူများကို ရှာဖွေနေသည်ဟု ၎င်းက ဆိုသည်။
ရဲမှူးကြီး လွင်မောင်သိန်း က “၅၄ ယောက်ထဲက ၂ လောင်းတော့ ရပြီ။ ကျန်တဲ့ ၅၂ ယောက်ကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ယာဉ်တွေ က မရသေးဘူး။ (အသက်ရှင်နိုင်ခြေ) အဲဒါတော့ ပြောလို့မရသေးဘူး။ သိပ်တော့ မလွယ်လောက်ဘူး။ ဆက်လက်ပြီး နွံ တွေ ဖယ်ထုတ်ဖို့၊ လူတွေကိုကယ်ဖို့၊ ယန္တရားတွေကို ဖော်ထုတ်ဖို့ လုပ်နေတယ်” ဟု ပြော သည်။
ရရှိထားသည့် အလောင်း ၂ လောင်းမှာ နဂါးကိုးကောင် ကုမ္ပဏီမှ အထွေထွေဝန်ထမ်း ချင်းလူမျိုး ငွန်ဇာကမ် (၁၉ နှစ်) ဟားခါးဇာတိနှင့် မြန်မာသူရ ကုမ္ပဏီမှ ဘတ်ဟိုးယာဉ်မောင်း လှိုင်မိုးမင်း (၂၃ နှစ်) စစ်ကိုင်းတိုင်း ဇာတိတို့ ဖြစ်ကြောင်း သိ ရသည်။
အဆိုပါ နွံကန် ကျိုးပေါက်မှု ဖြစ်စဉ်ကြောင့် လုပ်သား ဝန်ထမ်း ၅၄ ဦး ပျောက်ဆုံးနေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ကနဦး တွေ့ရှိချက်ကို သတင်းထုတ် ပြန်ထားသော်လည်း မြေပြင်အခြေအနေအရ ထိုလူဦးရေထက် ပိုများနိုင်ကြောင်း ဒေ သခံများက ပြောဆိုသည်။
ဖားကန့်အခြေစိုက် Green Land သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယိန်းခေါ က “အဲဒီ ၅၄ ဦးက ကုမ္ပဏီ ကနေ ပေးတဲ့ စာရင်းပဲဖြစ်တယ်။ ဒါပေမယ့် မြေပြင်အခြေအနေအရ အခုက ကုမ္ပဏီ အကြီး ၃ ခုဆိုတော့ ဖြစ်တာကလည်း တကယ့် အလုပ်လုပ်လို့ ကောင်းတဲ့အချိန်ဆိုတော့ ကုမ္ပဏီ ၃ ခုပေါင်းတဲ့ အင်အားက ၅၄ မကလောက်ဘူး။ အနည်းဆုံး ရာပိုင်းလောက် ပါသွားနိုင်တယ်လို့ ခန့်မှန်းတယ်” ဟု ပြောသည်။
ရဲမှူးကြီး လွင်မောင်သိန်းက ဒေသခံများ၏ ထင်မြင်ချက်များနှင့် ပတ်သက်၍ အခင်းဖြစ်ပွားသည်မှာ ညဖက်ဖြစ်ရာ အတိ အကျ မပြောနိုင်သေးကြောင်း၊ ကုမ္ပဏီများ၏ တင်ပြချက်အရ ရေမဆေး ကျောက်သမားများ မပါဝင်ဘဲ ကုမ္ပဏီ ဝန်ထမ်း များဟုသာ သိရကြောင်း၊ အလုံးစုံဖော်ထုတ်ပြီး တွေ့ရှိချက်များ ရရှိမှသာ တိကျစွာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ရှင်းပြသည်။
ဆက်လက်၍ ၎င်းက နွံကိန်ကျိုးပေါက်သည့် အကြောင်းအရင်းမှန် သိရှိရန်အတွက်လည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် အထွေထွေအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ ကျောက်မျက်ဌာနနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ ပါဝင်သည့် စီမံခန့်ခွဲ ရေး အစည်းအဝေး လုပ်နေကြောင်း၊ ယင်းအစည်းဝေးမှ တဆင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကျိုးပေါက် သည့် အကြောင်းရင်းမှန် အဖြေထွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ဦးယိန်းခေါက “ခဏခဏ ပြိုကျတယ်ဆိုတာ ကုမ္ပဏီတွေက လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ လက်ရှိအစိုးရရဲ့ လုပ်ငန်းလုပ်ဆောင်မှု ထိန်း ချုပ်မှု နည်းနည်း အားနည်းတယ်လို့ ယူဆတယ်။ ဘာကြောင့်ဆို ကုမ္ပဏီက ဥပဒေထက် ကျော်လွန်ပြီးမှ လုပ်ငန်းဆောင် ရွက်နေတဲ့ အတိုင်းအတာ ရှိတယ်။ အဲဒါလည်း အစိုးရက ထိန်းချုပ်တာ မရှိဘူး။ နားလည်မှုနဲ့ပဲ လုပ်နေတယ်ဆိုတော့ ဒီလို အသေအပျောက်များတာတော့ ဒီ NLD အစိုးရမှာ အရမ်းတာဝန်ရှိတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ဖားကန့်တွင် မြေပြိုမှု ဖြစ်ပွားခြင်းမှာ အဆန်းတကျယ် မဟုတ်တော့သလို ဖြစ်နေကြောင်း၊ တခါတရံ အဖြစ်အပျက်ကို မတော်တဆမှုဟု ဆိုနိုင်သော်လည်း ယခုကဲ့သို့ မကြာခဏဆိုသလို ပြည်သူလူထု၏ အသက်အိုးအိမ် ဆုံး ရှုံးမှုများ ဖြစ်ပေါ်နေခြင်းကို အစိုးရအနေဖြင့် တာဝန်ယူ ထိန်းကျောင်းသင့်သည်ဟု မှတ်ချက်ပြုသည်။
ဖားကန့်တွင် မြေပြိုမှု မကြာခဏ ဖြစ်ပွားသော်လည်း ယခုဖြစ်ရပ်သည် လူ အသေအပျောက် အများဆုံးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။