ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ရေးအရ မဖြေရှင်းဘဲ နှစ်ဘက်ခေါင်း ဆောင်များ တွေ့ဆုံ၍ ဆွေးနွေး အဖြေရှာရန် ရခိုင် အရပ်ဘက်အဖွဲ့အစည်း ၂၉ ၈ ဖွဲ့ က ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် စုပေါင်း တောင်းဆိုလိုက်ကြသည်။
အဆိုပါ တောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်းက ရခိုင်တိုင်း ရင်းသား အရပ်ဘက် လူမှုအဖွဲ့အစည်းများက အွန်လိုင်းမှတဆင့် ချိတ်ဆက် ဆွေးနွေးမှုများ ပြုလုပ်ကာ ယင်းသို့ တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်အဖွဲ့ဝင် တဦး ဖြစ်သူ ဦးခိုင် ကောင်းစံက ပြောသည်။
ဦးခိုင်ကောင်းစံ က “ကျနော်တို့ မြင်တာကတော့ အခုဖြစ်နေတဲ့ စစ်ပွဲကို စစ်ရေးနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့ လိုအပ်တယ်တယ်လို့ ထင်ပါတယ်။ ဆွေးနွေးကြတဲ့အခါမှာလည်း ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးကြဖို့ လိုအပ်ပါတယ်။ အဲဒီ အချက်တွေကြောင့် ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းပြီး တောင်း ဆိုလိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်အတွင် ရခိုင်ပြည်နယ်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ် ၇ မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၆၆ ခု ရှိပြီး စစ်ရှောင် လူဦးရေ ၃၄၀၀၀ ကျော် ဘေးဒုက္ခနှင့် ကြုံတွေ့နေရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါစစ်ဘေးရှောင် ဒုက္ခသည်များ အရေးကို အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီထောက်ပံ့မှု မရှိသလောက် အနေအထားဖြစ်နေပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အကူအညီများနှင့်သာ ရှုင်သန် နေရကြောင်းလည်း ဦးခိုင်ကောင်းစံက ပြောသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်စခန်းများတွင် ရာသီဥတု ပူးပြင်းမှုနှင့်အတူ၊ နေထိုင် စားသောက်မှုများ အခက် ကြုံတွေ့နေရသလို သောက်သုံးရေရှားပါးမှုနှင့် အတူ ကျန်းမာရေး စောက်ရှောက်မှုများ အရေးတကြီး လိုအပ်နေကြောင်းလည်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလအတွင်း ပစ်ခတ်နေမှုများကြောင့် ရပ်ရွာများအတွင်း နေထိုင်ကြသူများမှာ လုံခြုံမှု ကင်းမဲ့လာသည့် အတွက် စိုးရိမ်ထိန့် လှန့်မှုများဖြင့် ထွက်ပြေး တိမ်းရှောင် နေကြရကြောင်းလည်း ထုတ်ပြတ်ချက်တွင် ဖော်ပြထားသည်။
ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး က “တိုက်ပွဲတွေ ဒီတိုင်းဆက်ဖြစ်နေကြရင် လူထုတွေ တော်တော် ဒုက္ခရောက်နေရပြီ၊ ကိုယ့်အိမ်ထဲမှာ နေရင်း အပစ်ခံနေရတယ်။ ဗုံးကျင်းထဲမှာ ဝင်ပုန်း နေတာတောင် သေကြ ရတယ်ဆိုတော့၊ ဒီစစ်ပွဲကို ရပ်ဖို့ လိုနေပါပြီ၊ တွေ့ဆုံးဆွေးနွေးပြီး အဖြေရှာကြဖို့အတွက် ဒီထုတ်ပြန်ချက်ကို ထုတ်ပြရတာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျေးရွာအတွင်း ပစ်ခတ်မှုများကြောင့်လည်း အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများ သေကြေခဲ့ရပြီး၊ ဒဏ်ရာများ ရရှိခဲ့သည့် အပြင် ကျေးလက်နေ တိုင်းရင်းသား ပြည်သူ တချို့၏ ရွှေနှင့် ငွေကြေးများ၊ လက်ကိုင်ဖုန်းများနှင့် တခြားသော ပစ္စည်းများကို မတရားသိမ်းယူခြင်း၊ နေအိမ်တချို့မီးလောင်ခြင်းနှင့် ပျက်စီးမှုများ ရှိကြောင်းလည်း ဖော်ပြထားသည်။
ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်း ၃၀၀ နီးပါ၏ တောင်းဆိုချက်တွင် စစ်ဘေး ဒုက္ခသည်များ၏ ရိက္ခာဖူလုံပြီး လူ့ဂုဏ်သိက္ခာနှင့် အညီ ကြောက်ရွံ့ခြင်းကင်းပြီး လုံခြုံစွာနေထိုင်သွားလာနိုင်သော လူနေမှုဘဝနှင့် ကျန်းမာရေး စောင့် ရှောက် မှုများကို အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အမြန်ဆုံး ကူညီ ဖြေရှင်းပေးရန် တောင်းဆိုထားသည်။
ရှေးဟောင်း ယဉ်ကျေးမှုနယ် နိမိတ်ဇုံနှင့် သာသနိက အဆောက်အဦ ပရဝုဏ်အတွင်း တပ်စခန်းချ နေထိုင်ခြင်းနှင့် တိုက်ပွဲများ လုံးဝ မပြုလုပ်ကြရန်၊ ကျေးရွာများအနီးတွင် တပ်စခန်းချ နေထိုင်ခြင်း၊ မိုင်းထောင်ခြင်းနှင့် တိုက်ပွဲများ လုံးဝ မပြုလုပ်ကြရန်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ မြန်မာ့ တပ်မတော်နှင့် ရခိုင်စစ်တပ် (AA) တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြပြီး နှစ်ဘက်သဘောတူ Bilateral စာ ချုပ်ကို သ ဘော ထားကြီးစွာဖြင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုကြရန် စသည့်ဖြင့် အချက် ၅ ချက် တောင်းဆိုထားသည်။